ဇူလိုင်-၃၀၊၂၀၂၆။ခိုင်မြတ်/People’s Spring
မောင်တောခရိုင်၊ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တို့အတွင်းက ရိုဟင်ဂျာကျောင်းသားတွေကို ဘာသာရေးစာအပြင် အစိုးရအတန်းစာပူးတွဲသင်ကြားပေးနိုင်ရေးအတွက် ရိုဟင်ဂျာသင်ကြားရေးဆရာ၊ ဆရာမ(၅၀၀) ဝန်းကျင်ကို ခန့်အပ်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အသိပေးပါတယ်။
မောင်တောခရိုင်အတွင်းရိုဟင်ဂျာကျောင်းသားလူငယ်တွေ အစိုးရအတန်းစာသင်ကြားနိုင်ရေးနဲ့ ဒေသတွင်း လူမှုသဟဇာတဖြစ်ရေးတို့အတွက် မာဒရာဆာ(ဘာသာရေးစာသင်)ကျောင်းအုပ်တွေ၊မော်လဝီဆရာတွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့(ULA)တာဝန်ရှိသူ၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဇူလိုင်လ ၂၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာကလေးငယ်တွေအားလုံး မာဒရာဆာကျောင်းအပြင် အစိုးရအတန်းစာတွေပါ သင်နိုင်ဖို့ စီစဉ်နေကြောင်း ULA တာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေး၊ ပညာရေးဌာနတာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး အစည်းအ ဝေးတက်လာကြတဲ့ ရိုဟင်ဂျာကျောင်းအုပ်တွေ၊ မော်လဝီဆရာတွေက သဘောတူကြိုဆိုခဲ့ကြတယ်လို့ဆိုပါတယ်။

Public Service Announcement
“ကိန်းဂဏန်းအချက်အလက်တွေအရ မောင်တောခရိုင်ဟာမူဆလင်လူဦးရေအများဆုံးနေထိုင်တဲ့ခရိုင်တခုဖြစ်ပြီးလာမယ့်ပညာသင်နှစ်အတွင်းမူဆလင်ကျောင်းဆရာ/ဆရာမ ၅၀၀ ကို ခန့်အပ်ပေးလိုပါတယ်” လို့ မောင်တောခရိုင်ပညာရေးမှူးက တွေ့ဆုံပွဲမှာ ပြောပါတယ်။
အဲဒီဆရာ၊ ဆရာမတွေခန့်အပ်နိုင်ရေးအတွက်မူဆလင်အမျိုးသား/အမျိုးသမီးတွေ ပညာရေးမှာစိတ်ပါဝင်စားလာ အောင်လူကြီးတွေဘက်က စည်းရုံးလှုံ့ဆော်ပေးဖို့လည်း ခရိုင်ပညာရေးမှူးက ရိုဟင်ဂျာအသိုင်းအဝိုင်းကို တိုက် တွန်းခဲ့ပါတယ်။
ရိုဟင်ဂျာကလေးငယ်တွေဟာခေတ်အဆက်ဆက်အတန်းပညာမသင်ခဲ့ကြရတာကြောင့် ဒေသတွင်း လူမှုဆက်ဆံရေးပိုင်းတွေနဲ့ ဘာသာစကားပိုင်းတွေမှာ အားနည်းခဲ့ရပြီး လူမျိုးနှစ်မျိုးကြားမှာလည်း ချိတ်ဆက်မှုမရှိဘဲ လူမှုသ ဟဇာတဖြစ်ရေး ဝေးကွာခဲ့ရတယ်လို့ ULA ရဲ့ မောင်တောခရိုင်မှူးက ပြောပါတယ်။
“ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့တဲ့ စစ်ကောင်စီအစိုးရတွေဟာ ရခိုင်နဲ့ မူဆလင်အကြား လူမျိုးရေးပြဿနာတွေဖန်တီးပြီး အစိုးရဌာနတွေမှာတာဝန်ထမ်းဆောင်ခွင့်မပေးတာ၊ စာမတတ်ရအောင်နည်းမျိုးစုံနဲ့ ဖိနှိပ်ပိတ်ဆို့ အုပ်ချုပ်တာစတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။လက်ရှိအာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မူဆလင် တွေကို အစိုးရဌာနဆိုင်ရာတွေမှာတာဝန်ထမ်းဆောင်ခွင့်ကို တန်းတူညီမျှခွင့်ပြုပေးနေတာနဲ့အတူဘာသာ လူမျိုးမခွဲခြားဘဲပညာသင်ကြားပေးနေပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ရိုဟင်ဂျာကလေးငယ်တွေကို အစိုးရအတန်းပညာသင်ကြားပေးခြင်းကြောင့်လက်ရှိကလေးတွေသင်နေကြတဲ့မာဒရာဆာကျောင်းတွေ ပျောက်ကွယ်သွားမှာကိုလည်း စိုးရိမ်စရာမလိုဘဲ ကျောင်းနှစ်ခုလုံး တပြိုင်တည်းသင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရိုဟင်ဂျာကလေးငယ်တွေကို အတန်းပညာသင်ကြားပေးဖို့နဲ့ ပညာရေးဌာနမှာ ရိုဟင်ဂျာတွေကို ခန့်အပ်ဖို့ စီစဉ်တဲ့အပေါ် ထောက်ခံ၊ ကြိုဆိုတယ်လို့ ဘာသာရေးဆရာတွေနဲ့ ဒေသခံ ရိုဟင်ဂျာတွေက ပြောကြပါတယ်။
“ကလေးတွေ စာတတ်လာအောင် တပ်တော်က လုပ်ပေးတာကို ဝမ်းသာပါတယ်။ ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်းမူဆလင်ကလေးတော်တော်များများ အတန်းစာမသင်ရတော့ဘူး။ အစိုးရ ဆရာ၊ ဆရာမတွေ မလာဘူးလေ။ ကိုယ့်ရွာကအငှားဆရာတွေနဲ့ပဲသင်ခဲ့ရတယ်။ အခုတပ်တော်က ကျောင်းတွေဖွင့်ပေးမယ်ဆိုတော့ ထောက်ခံတယ်” လို့ ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာလူငယ်တဦးက ပြောပါတယ်။
စစ်အစိုးရအဆက်ဆက် ဌာနဆိုင်ရာဝန်ထမ်းအဖြစ်တာဝန်ထမ်းခွင့်မရခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ပြီးနောက်ပိုင်း လက်နက်ကိုင်ရတဲ့ AA တပ်ဖွဲ့၊ AA လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအပါအဝင် အရပ်ဘက်ဌာနတွေမှာ တာဝန်ထမ်းခွင့်ရခဲ့ကြတယ်လို့ ဆိုပါတယ်။
“အုပ်ချုပ်ရေးမှာဆိုရင် မူဆလင်ရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေအကုန်လုံးက မူဆလင်တွေပဲ။ မူဆလင်ရွာကို မူဆ လင်ကအုပ်ချုပ်တော့ပိုအဆင်ပြေတယ်လေ”လို့ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။
AA ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေကို ၎င်းတို့ထိန်းချုပ်ဒေသတွေမှာ ခရီးသွားလာခွင့်၊ကုန်ကူးခွင့်တို့ပေးထားပြီး ဒေသတွင်း လူမျိုးအချင်းချင်းတွေကြား အပြန်အလှန်ကူးလူးဆက်ဆံ၊ စီးပွားလုပ်ကိုင်မှုတွေ ရှိနေတယ်လို့ရခိုင်ဒေသခံတွေကပြောပါတယ်။
AA ရဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခအမျိုးသားပညာရေးဌာနကို ဖွဲ့စည်းထားပြီးသင်ရိုးသစ်ရေးဆွဲတာနဲ့ သင်ကြားရေး၊ စီမံခန့်ခွဲရေးပိုင်းတို့ကို ဆောင်ရွက်နေပြီး လက်ရှိမှာ သင်ကြားရေးဆရာ၊ ဆရာမ သုံးထောင်နီးပါးနဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။


















































