ဇူလိုင်-၃၀၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။
မိုးရွာတိုင်းရေကြီးလေ့ရှိတဲ့ သမိုင်းလမ်းဆုံမှာ ဒီနေ့(ဇူလိုင်၃၀)မှာလည်း ရေတော်တော်များခဲ့ပြီး နေ့လည်ပိုင်းအထိ ရေမကျသေးတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဝေဇယန္တာလမ်းမပေါ်မှာလည်း ဒီနေ့ နေ့လည် ၂ နာရီလောက်အထိ ရေကြီးရေလျှံမှုတွေကြောင့် ကားတွေပိတ်ခဲ့တယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပြည်လမ်းမပေါ် တံတားဖြူမှတ်တိုင်အနီးမှာလည်း ၈မိုင်သွားတဲ့ဘက်မှာ ရေကြီးနေတာကြောင့် ကားပိတ်တာကြုံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လှိုင်မြို့နယ် ဗဟိုလမ်းမပေါ်မှာလည်း ဘူတာရုံလမ်းကနေ ရွာမကွေ့အထိ တောက်လျှောက်လမ်းမပေါ်မှာ ရေကြီးနေတာတွေ ကြုံခဲ့ရပါတယ်။
ရန်ကုန််မြို့မှာ ဇူလိုင် ၂၈ ရက်ည မိုးရွာသွန်းမှုကစတင်ပြီး မရမ်းကုန်း ၊ အင်းစိန် ၊လှိုင်၊လှိုင်သာယာ၊ မြောက်ဥက္ကလာပ ၊ တောင်ဥက္ကလာပ ၊ ဒဂုံမြို့သစ် (အရှေ့၊ တောင်၊မြောက်)၊ ရွှေပြည်သာ ၊ ဒဂုံဆိပ်ကမ်း စတဲ့မြို့နယ် တွေမှာ အိမ်တွေထဲ အထိရေဝင်တာတွေကြုံခဲ့ရတာပါ။
ဒီနေ့(ဇူလိုင်၃၀) အထိ မိုးဆက်တိုက်ရွာနေတာကြောင့် တချို့နေရာတွေမှာ ရေဘေးကယ်ဆယ်ရေးအတွက် ပရဟိတ အဖွဲ့တွေက ထမင်းထုတ်ဝေတာတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ စည်ပင်သာယာကကောင်းမွန်စွာ အလုပ်မလုပ်တဲ့အတွက် မြောင်းရေလျှံမှု၊ ရေကြီး၊ ရေလျှံမှုတွေ မကြာခဏဆိုသလို ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည်သူအချို့ကပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ အိန္ဒိယကမ်းရိုးတန်းအနီးက မုန်တိုင်းငယ် (Depression)ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းတဲ့မုန်တိုင်းငယ် (Deep Depression) အဖြစ် အိန္ဒိယကမ်းခြေအချို့နဲ့အနောက်ဘင်္ဂလားကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာတိမ်ထူထပ်နိုင်ကာ မြန်မာ့ကမ်းရိုးတန်းဒေသတွေ နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ အနောက်တောင်မုတ်သုံလေဟာ
အားကောင်းရာမှ အားအလွန်ကောင်းနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာ
န ရဲ့မိုးလေဝသခန့်မှန်းချက်မှာခန့်မှန်းထားပါတယ် ။
အားကောင်းတဲ့မုန်တိုင်းငယ်အရှိန် နဲ့အနောက်
တောင်မုတ်သုံလေ အားကောင်းတာကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီးပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုငပြည်နယ်၊ ကရင်နီပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ ဇူလိုင်လကုန်နဲ့သြဂုတ်လဆန်းမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ NUG ကခန့်မှန်းထားပါတယ် ။
ဒါကြောင့် လာမယ်(၃)ရက်အတွင်း အထက်
ပါဒေသတွေမှာလေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ နေရာကွက်မိုးကြီးတာကြောင့် နောက်ဆက်တွဲမြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တာမို့သတိပြု နေထိုင်သင့်ကြဖို့လည်းတိုက်တွန်းထားပါတယ် ။ဒါ့အပြင်ကမ်းနီးကမ်းဝေးရေလုပ်ငန်းတွေအနေနဲ့ ခေတ္တရပ်နားထားသင့်တယ်လို့အကြံပြုထားပါတယ်။
ဇူလိုင်၂၉ ရက်ကနေ ဩဂုတ် ၃ ရက်အထိ မုတ်သုံလေအားကောင်းနေတာကြောင့် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးဇလကလည်း ထုတ်ပြန်ထားပါတယ်။


















































