Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း ရေဘေးကြုံနေစဉ် အထက်ပိုင်းဒေသတွေ မိုးကောင်းနေ

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

(မတ္တရာမြို့နယ်မှာ မိုးကြီးပြီး ရေတိုက်စားလို့ နေအိမ်အချို့ ပျက်စီးနေစဉ်။ ဓာတ်ပုံ-မတ္တရာမြို့နယ်လူမှုကူညီရေးအသင်း)

ဩဂုတ်-၆၊၂၀၂၆။ ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်းမှာ ရေကာရကျိုးလို့ ရေဘေးကြုံတွေ့နေစဉ် အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာလည်း မိုးကြီးပြီး မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်နေပါတယ်။

ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်မှာ ဇူလိုင် ၃၀ရက်ညက ငဝန်မြစ်ရေကာတာကျိုးကျပြီး အနီးပတ်ဝန်းကျင် မြို့တွေအထိ ရေဘေးကြုံတွေ့နေတာ ဖြစ်ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေကကျေးရွာအချို့မှာလည်း ရေဝင်နေပြီး ရေဘေးကြောင့် လူသေဆုံးမှုတွေလည်း ရှိနေပါတယ်။

တချိန်တည်းမှာပဲ မြန်မာပြည်အထက်ပိုင်းဒေသတွေမှာလည်း မိုးကောင်းနေပါတယ်။ ကချင်ပြည်နယ်က ဖားကန့်နဲ့ မိုး‌ကောင်းမြို့မှာ မိုးကြီးပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းက ဟုမ္မလင်း၊ တန့်ဆည်၊ ကောလင်း၊ အင်း‌ တော်၊ ရေဦး၊ ခင်ဦးမြို့နယ်တွေမှာလည်း ‌ဆည်တွေရေများနေပြီး ကျေးရွာ ၅၀ခန့် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဘေးရော၊ ရေဘေးပါ ကြုံနေတာ။ ရေတက်လာကာမှ စစ်တပ်က စစ်ကြောင်းထိုးမယ်လို့သတင်းရလို့ ပြေလွှားနေရတယ်”လို့ ကောလင်းမြို့ခံတစ်ဦးက ပြောပါတယ်

အင်းတော်မြို့နယ်မှာလည်း ရေကြီးရေလျှံမှုကြောင့် လမ်း၊ တံတား တွေပျက်စီး‌နေပြီး ရွှေဘို-မြစ်ကြီးနားလမ်း၊ အင်းတော်လမ်းပိုင်းနဲ့မြို့နယ်အတွင်းရှိ ကွင်းလမ်းတွေကို သြဂုတ် ၅ရက်ကစပြီး ယာဉ်အသွားအလာရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

မူးမြစ်ကမ်းဘေးမှာရှိတဲ့ကျေးရွာတွေလည်း ရေဘေးသတိပေးကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂက သတိပေးထားပါတယ်။

မန္တလေးတိုင်းမှာလည်း ဆည်တော်ကြီးရေ လှောင်တမံ ရေလျှံလို့ မတ္တရာမြို့နယ်မှာ ရေကြီးနေပါတယ်။ မိုးကုတ်မြို့မှာလည်း မိုးကြီးတဲ့နောက်ဆက်တွဲအဖြစ် မြေပြင်မှုတွေနဲ့ တောင်ကျ‌ ရေတိုက်စားမှုတွေဖြစ်ပေါ်နေပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်း၊ ပန်းမရပ်ကွက်မှာ ဩဂုတ် ၄ ရက် ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံတစ်ခု ပြိုကျခဲ့ပါတယ်။ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး လူ ၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာလည်း ဇူလိုင်လကုန်ခန့်ကတည်းက မိုးများပြီး လက်ရှိမှာ သီပေါ၊ ကျောက်မဲ၊ လားရှိုးနဲ့ မိုးမိတ်မြို့နယ်တွေမှာ မြေ နိမ့်ပိုင်းနေရာတွေ ရေကြီးနှစ်မြုပ်နေပါတယ်။

ဘင်္ဂလားပင်လယ် အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပြီး မုတ်သုန်လေအားကောင်းနေတဲ့အတွက် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ဧရာဝတီတိုင်းမှာ မိုးဆက်ကောင်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။လက်ရှိရေကြီးနစ်မြုပ်နေတဲ့ဒေသတွေမှာ မြွေအန္တရာယ်သတိပြုဖို့လည်း MoSLHAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။