သြဂုတ် – ၆ ၊၂၀၂၆ /People’s Spring
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။
မိုးဆက်တိုက်ကောင်းနေတာကသုံးရက်ခန့်ဖြစ်လာပြီး မြစ်ဘေးကရွာတွေထဲရေဝင်နေပြီးစစ်ရှောင်တဲတွေပါ နစ်ကုန်တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကန့်ဘလူ၊ကျွန်းလှနယ်တွေကသဖန်းဆိပ်ဆည်နဲ့ကင်းတပ်ဆည်ထဲ စီးဝင်နေတဲ့ဒေါင်းမြူးချောင်း၊ ဇော်ချောင်း၊မူးမြစ် ၊ပြောင်သွယ် ချောင်း၊ရွာဘင်းချောင်းနဲ့ ချောင်းငယ် တွေအားလုံးမှာ ရေတိုးနေတာပါ။

Public Service Announcement
“တန့်ဆည်မြောက်ခြမ်းနဲ့ တန့်ဆည်အရှေ့ခြမ်းကျေးရွာတွေ၊စစ်ဘေးရှောင်တဲတွေအားလုံး ရေဘေးသင့်နေပါတယ်”လို့ ဒေသတွင်း သတင်းတွေကိုဖော်ပြနေတဲ့ Infinity Group ဖေ့ဘွတ်ခ်စာမျက်နှာက ဓာတ်ပုံတွေ၊ ရုပ်သံတွေနဲ့အသိပေးဖော်ပြထားပါတယ်။
ဒီနေ့ (ဩဂုတ်လ ၆ ရက်) မနက်ပိုင်းမှာတော့တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ရွာကမူးမြစ်ကူးတံတား၊မူးခွရွာနဲ့ကန့်ဘလူမြို့နယ်၊ကံရိုးရွာကြားရှိမူးမြစ်ကူးတံတားတွေရေစီးနဲ့ မျောပါလို့ ဒေသခံတွေကပြောပါတယ်။
“ကံရိုးနားကတံတားက ဝါသဝါ တို့ ဖွင့်ပေးထားတဲ့တံတားပါ၊ရေထဲပါသွားပါပြီ”လို့ ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
အဲဒီတံတားကိုအာဏာသိမ်းစစ်တပ်ကိုထောက်ခံပြီးပြည်သူ့စစ်ခေါ် လက် နက်ကိုင်ပျုစောထီးတပ်ထူထောင်တဲ့သင်္ဃန်းဝတ် ဝါသဝ နဲ့ စစ်တပ်တို့ ဖွင့်လှစ်ခဲ့တာပါ။
လက်တလောမှာတော့ကန့်ဘလူခရိုင် ၊ကျွန်းလှမြို့နယ်ကသဖန်းဆိပ်ဆည်မှာရေပြည့်အမှတ်ရောက်ရှိဖို့တစ်ပေခန့်သာလိုတော့ပြီး စိုးရိမ်ရေအမှတ်အနီးရောက်ရှိနေတာကြောင့် မနေ့ (သြဂုတ်လ ၅ရက် )ကစတင်ပြီးရေကိုလျော့ချပေးနေရတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်အသိပေးထားပါတယ်။
ဒါကြောင့် သဖန်းဆိပ်ဆည်ရဲ့ အောက်ဘက် ကင်းတပ်ဆည် အောက်ပိုင်းကရွာတွေ အထူးသတိပြုကြဖို့နဲ့ မြစ်ကမ်းဘေးကျေးရွာတွေအနေနဲ့ သတ်ိနဲ့နေထိုင်ကြဖို့ အသိပေးထားတာတွေ့ရပါတယ်။


















































