Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးရဲ့တော်လှန်ရေးဝိညာဉ်အာဏာရှင်စစ်ဘီလူးတွေကို ခြိမ်းခြောက်နေဆဲလို့ NUGကာကွယ်ရေးထုတ်ပြန်

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သြဂုတ်-၈၊၂၀၂၆။ရဲ​ခေါင်/People’s Spring

ရှစ်လေးလုံးရဲ့ တော်လှန်ရေး ဝိညာဉ်ဟာ ဒီကနေ့တိုင် သက်ဝင်လှုပ်ရှားဆဲဖြစ်ပြီး အာဏာရှင် စစ်ဘီလူးတွေကို ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနက ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားထံ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒီကနေ့ဟာ အာဏာသိမ်း မဆလအစိုးရရဲ့လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊နိုင်ငံရေးဖိနှိပ်မှုတွေ၊ တိုင်းပြည် စီးပွားရေး ချွတ်ခြုံကျအောင် ဖျက်ဆီးမှုတွေနဲ့ အထွေထွေ ကျပ်တည်းမှုတွေအပေါ် အပေါ် မခံမရပ်နိုင်တော့တဲ့အဆုံး လူထုတစ်ရပ်လုံး အုံကြွပေါက်ကွဲခဲ့တဲ့(၈)လေးလုံးလူထုအရေးတော်ပုံကြီး(၃၈)နှစ်ပြည့်မြောက်ခဲ့ပြီလို့ဆိုပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံက လူထုအင်အားနဲ့ (၂၆)နှစ်ကြာ ဆိုရှယ်လစ်စနစ် အရေခြုံ စစ်အာဏာရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့သလို အာဏာသိမ်း နေဝင်းစစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အံတုခဲ့တယ်လို့အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သားသတ်သမား စိန်လွင် နဲ့ လက်ရဲဇက်ရဲ စစ်ဘီလူးတွေကို ဆန့်ကျင်နိုင်ခဲ့ပြီး မောင်မောင်လို အရပ်သား ပညာရှင် အမည်ခံ စစ်ကျွန်တွေရဲ့ မျက်နှာဖုံးကို ခွာချနိုင်ခဲ့တယ်လို့လည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် တို့လို့လူငယ်ခေါင်းဆောင်တွေကို (၈) လေးလုံး လူထုအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ တော် လှန်ရေး သားကောင်းရတနာတွေလို့ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှစ်လေးလုံးကပေါက်ဖွားလာတဲ့ စစ်မှန်တဲ့ ခေါင်း ဆောင်တွေဟာ ဒီကနေ့ခေတ် နွေဦးတော် လှန်ရေးအထိ လူထုခုခံတော်လှန်ရေး မီးရှူးတန်ဆောင်ကို မျိုးဆက်သစ် လူငယ်တွေထံ လက်ဆင့်ကမ်းပေးနေကြတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥလို အခြေခံစားသောက်ကုန်တွေ၊ဓာတ်ဆီ၊ ဒီဇယ် အစရှိတဲ့ အခြေခံကုန်စည်တွေက အသက်ရှူရတဲ့ လေ၊ သောက်သုံးတဲ့ ရေနည်းတူ လူသား အသက်ရှင်မှုအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာတွေ ဖြစ်သလို ပြည်သူလူထုအနေနဲ့ ရေဘေး၊ စစ်ဘေးကအစ ကပ်ဘေးပေါင်းစုံနဲ့ ကြုံရချိန်မှာ စစ်အာဏာရှင်တွေက လူထုဆင်းရဲဒုက္ခတွေကို လျှော့ချဖို့ အာရုံမစိုက်ဘဲ အရပ်သားတွေကို အဓမ္မ စစ်မှုထမ်းစေတာ၊ စစ်ကြောင်းထိုးတာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်သုံးစရိတ်တွေကပြည်သူလူထုတစ်ရပ်လုံးကို ဝမ်းဝအောင် ကျွေးနိုင်တဲ့ ငွေကြေး ပမာဏဖြစ်တယ်လို့ အသိပေးပါတယ်။

စီးပွားရေး၊လူမှုရေးကျပ်တည်းမှုကိုခါးစည်းခံနေရတဲ့လူထုက အားမတန်သည့်တိုင် ဘယ်သောအခါမှ မာန်မလျှော့ခဲ့ဘဲ ပြည့်ဝမ်းကိုဖောက်တဲ့ သူခိုးဓားပြတပ်ဟာလူထုရဲ့ ဒေါသမာန်ဟုန်ကို မုချ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

လူထုဟာ စစ်အာဏာရှင်စနစ်တည်မြဲနေသမျှ အကြိမ်ကြိမ်ပေါက်ကွဲမယ့်ဗုံးတစ်လုံး ဖြစ်တယ်ဆိုတာကို သမိုင်းခေတ်အဆက်ဆက် သက်သေပြခဲ့သလို အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ကာကွယ်​ရေးဝန်ကြီးဌာနသဝဏ်လွှာဖော်ပြပါတယ်။

NUG ယာယီ သမ္မတဒူဝါလရှီးလ က​လည်းစစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက်ဆိုရင်၊ လူထုတော်လှန်ရေးကိုလည်း ဖော်ဆောင်ဖို့ လိုသလို၊ လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဖော်ဆောင်ကြရတယ်လို့ပြောပါတယ် ။ တစ်ဖက်မှာလည်း လူထုအထိမနာစေမယ့် တော်လှန်ရေးနည်းနာတွေကို ရွေးချယ်ပြီး၊ စိန်ခေါ်မှုတွေ ကြားထဲက ကြိုးစားလုပ်ဆောင်ကြရတာတွေ ရှိလို့ဆိုပါတယ်။

တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ လူထုရဲ့ ပင်ပန်းမှုတွေကလည်း တရိပ်ရိပ် မြင့်မားလာတာကို လျစ်လျှူရှုလို့ မရ​ကြောင်း၊အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးသင်ခန်းစာတွေကို လေးနက်စွာ အောက်မေ့ဆင်ခြင်ဖို့ လိုတယ်လို့ သူကဆက်​ပြောပါတယ်။

ဒါ့အပြင် အတိတ်သမိုင်းက ဖြတ်သန်းခဲ့တဲ့ စံနမူနာကောင်းတွေကို အတုယူနိုင်ဖို့ လိုတယ်လို့ဆိုပါတယ်။

“၁၉၈၈ နဲ့ ၂၀၂၁အခင်းအကျင်းကို ယှဉ်စပ်ပြီး တဆင့်ပြီးတစ်ဆင့် ကျယ်ပြန့် မြင့်မားတဲ့ လူ့အဖွဲ့အစည်းဖြစ်လာအောင် ကြံဆောင် ကြိုးစားကြဖို့ လိုပါတယ်။ တစ်ဖက် မှာလည်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် တည်ဆောက် ရေးတာဝန်တွေကို မျိုးဆက်အလိုက် တစ်ဆင့်ချင်းစီ လက်ဆင့်ကမ်း ထမ်းရွက်ကြဖို့ လိုကြောင်း” ဒူဝါလရှီးလက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ ရေးသားလာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိ Fortify Rights မှာ Senior Director အဖြစ် တာဝန်ယူနေတဲ့ ဘန်နီဒစ် ရော်ဂျာစ် (Benedict Rogers) က ရေးသားထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက်...