သြဂုတ် ၂၀၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် လမ်းတံတားတွေ ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူအချို့ နေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာထဲ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
“လက်ရှိ ရေကျသွားပြီဆိုပေ့မယ့် မြေကျွံမှု၊လမ်းကြောင်း ပြတ်တောက်မှုတွေကြောင့် တချို့မပြန်နိုင်ကြသေးပါဘူး”လို့ ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
လက်တလော ရေဘေးသင့်ပြည်သူတွေ၊ စစ်ရှောင်တွေ အတွက် ယာယီတဲ၊အမိုးအကာ၊ အသုံးအဆောင်တွေကအစ ရေမြုပ်သွားတာဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး သြဂုတ် ၁၈ ရက်က အရာတော်မြို့နယ်က ရေဘေးသင့်ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။


















































