အီရန်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ သမိုင်းတလျှောက် ကြုံဖူးသမျှ အပြင်းထန်ဆုံး ဖြစ်လာစေမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်က ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အပေါ် အရမ်းပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အီရန်ကို အကူအညီပေးတဲ့ နိုင်ငံမှန်သမျှကို ဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး နောက်တစ်နေ့၊ ဩဂုတ် ၂၀ ရက်နေ့မှာ ဘက်ဆန့်က အခုလို ထပ်ပြောခဲ့တာပါ။
ထရမ့်က အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေကို လျှော့ချပြီး စီးပွားရေးအရ ပိုမို ထိုးနှက်ဖို့ ရည်ရွယ်ထားကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီအစီအမံကို စီးပွားရေးအရ စစ်ဆင်ရေး ဆင်နွှဲမှုလို့ ထရမ့်က သုံးနှုန်းခဲ့ပါတယ်။
CNBCနဲ့ အင်တာဗျူးမှာ ဘက်ဆန့်က သိပ်မကြာခင်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှု အစီအမံတွေအကြောင်း အတိအကျ ထုတ်ပြောဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ တွဲလုံးတွေနဲ့ ထိုးနှက်ချက်မျိုးလို့ ဆိုနိုင်ကြောင်း၊ အီရန်ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့ထားပြီး ဖြစ်သလို သမိုင်းတလျှောက် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေကိုပါ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။ ဘက်ဆန့် ကိုင်တွယ်နေတဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အဓိက တာဝန်ယူ ကိုင်တွယ်ပါတယ်။

Public Service Announcement
ထရမ့်က အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာပြီးတဲ့နောက် လောင်စာဆီ စျေးတွေက သုံးပတ်အတွင်း အမြင့်ဆုံး အဆင့်ကို ရောက်လာပါတယ်။ ဘက်ဆန့်ကတော့ ဆီစျေးတွေ ဘာကြောင့် တက်လာသလဲ ဆိုတာကို သဘောမပေါက်ကြောင်း၊ တကယ်ဆိုရင် စီးပွားရေးအရ အမြင့်ဆုံး ဖိအားပေးမယ်လို့ အမေရိကန်က ပြောကြားခဲ့တာဟာ စစ်ဆင်ရေးတွေ ပြန်မစဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း သူက ဆိုပါတယ်။ အရင်က အီရန်မှာ တိုက်ခိုက်မှုတွေ ပြန်စတိုင်း ဆီစျေးတွေက ပြန်မြင့်တက်လေ့ ရှိခဲ့တာကို ဘက်ဆန့်က ရည်ညွှန်းတာပါ။
တကယ်လို့ တရုတ်ကသာ အီရန်နဲ့ စီးပွားရေးတွေ လုပ်ရင်ရော အမေရိကန်က တရုတ်ကို အရေးယူ ပိတ်ဆို့မှာလားလို့ CNBCက မေးခဲ့တဲ့အခါ ဘက်ဆန့်က ဆွေးနွေးမှု အများစုဟာ သီးသန့် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်တာမျိုးပဲ ပိုကောင်းကြောင်း ပြန်ဖြေခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို နှစ်ရှည်လများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်ပေမယ့် သူ့ရဲ့ စီးပွားရေးအရ ဆင်နွှဲမယ့် စစ်ဆင်ရေးမှာတော့ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် ကြီးမားတဲ့ ပိတ်ဆို့မှုတွေ၊ အီရန်အတွက် အထီးကျန်ဖြစ်မှုတွေ ကြုံရစေမယ်လို့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကို ဘယ်လို ပြင်းပြင်းထန်ထန် ပိတ်ဆို့မလဲ ဆိုတာကိုတော့ အမေရိကန် အစိုးရက လက်ရှိ အချိန်ထိ အသေးစိတ် ထုတ်မပြောသေးပါဘူး။
ကိုးကား: Reuters


















































