ဩဂုတ်-၂၄၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က လိုက်ထရပ်ကားကို နောက်ကဝင်တိုက်ခဲ့တာကြောင့် လိုက်ထရပ်ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့(ဩဂုတ်၂၄) မနက် ၁နာရီခန့်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၄/၂-၂၁၄/၃ကြားမှာမန္တလေးကနေ ရန်ကုန်မြို့ဘက် မောင်းလာတဲ့ ရွှေစင်စင်္ကြာ ခရီးသည်တင်ယာဉ်က သူ့ရှေ့မှာမောင်းနေတဲ့ လိုက်ထရပ်ကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ပေါ်မှာလိုက်ပါလာတဲ့ လူ ၄ဦးအနက် အမျိုးသား ၁ဦး အခင်းဖြစ်တဲ့နေရာမှာတင်သေဆုံးခဲ့ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၂၅ ဦးလိုက်ပါလာတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဆိုပါတယ်။
အမြန်လမ်းပေါ်မှာ မောင်းနှင်တဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ကြံ့ခိုင်မှုတွေကိုစစ်ဖို့ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။


















































