စက်တင်ဘာ-၇၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူမှာ စစ်ရေးတင်းမာနေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ စစ်တပ်က စစ်မှုထမ်းစေခိုင်းဖို့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးမိတ်မြို့မှာ ဒီလဆန်းကစတင်ပြီး ဒေသခံအမျိုးသားတွေကို ဖမ်းဆီးနေသလို တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးကတဆင့် အကြောင်းကြားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဗန်းမော်နဲ့ ရွှေကူကို မိုးမိတ်ကနေ ထောက်ပို့လွှတ်နေတာ ပထမလူဟောင်းတွေ ကုန်သွားလို့ ဒေသခံတွေကို ပစ်မှတ်ထားလာတာဖြစ်မယ်။ အခု အိမ်မှာတောင် မနေရဲဘူး။ ညဘက်ဆို တောထဲမှာ သွားအိပ်ရတယ်။ ပြောရရင် နေ့ရောညရော ရှောင်နေရတော့တာပါ”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပြီး တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီတပ်ဆီ ၂၀၂၅ အောက်တိုဘာမှာ ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်း ဝင်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ ၂၀၂၆ ခုနှစ် မတ်လဆန်းထဲမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီးတဲ့နောက်ပိုင်း PDFပူးပေါင်းတပ်တွေ ဆုတ်ခွာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်က မြို့ထဲမှာ တပ်စွဲထားပြီး ကျေးရွာတွေဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)၊ PDFနဲ့ ပူးပေါင်းတပ်တွေအပြင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)လည်း တပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လလယ်မှာ မိုးမိတ်မြို့နဲ့ နှစ်မိုင်ခန့်အကွာက ညောင်နီရွာမှာ စစ်ကောင်စီတပ်နဲ့ SSPPတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က မြို့ထဲမှာ အတင်းအဓမ္မလူသစ်စုဆောင်းမှုနဲ့ ဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဗန်းမော်ကို သူတ်ို့(စစ်တပ်) စစ်ကူ မပို့နိုင်တော့ဘူး။ အခု လူဆွဲတာတွေကလည်း မြို့မှာပဲ စစ်သင်တန်းပေးမယ်လို့ ကြားတယ်။ လူငယ်တွေလည်း မရှိတော့ပါဘူး။ မြို့မှာ အခြေအနေ ပိုဆိုးလာရင် တော်လှန်ရေးတပ်တွေဘက် သွားရှောင်ဖို့ပဲရှိတော့တယ်”လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေတဲ့ ဗန်းမော်နဲ့ ရွှေကူမြို့ကို မိုးမိတ်-မဘိမ်းလမ်းကတဆင့် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခဲ့ပါတယ်။
စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ စင်းခန်းတံတားကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၆ရက်မှာ လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။


















































