စက်တင်ဘာ ၉၊ ၂၀၂၆။ မေရီ/People’s Spring
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီနေ့စက်တင်ဘာ ၉ရက် မနက်က သစ်ပင်လဲပြီး ကား၁စီးပေါ်ပိမိပြီး လူ ၁ဦးပိတ်မိနေလို့ ကယ်ဆယ်နေရပါတယ်။
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄လမ်း ၈၅လမ်းနဲ့ ၈၆လမ်းကြားမှာ သစ်ပင်လဲရာကနေ ရပ်ထားတဲ့ Light Truck ကားရှေ့ခန်းပေါ် ပိမိခဲ့ကြောင်း၊ အဲဒီ ကားခေါင်းခန်းထဲမှာ ရှိနေတဲ့ အမျိုးသား ၁ဦးလည်း သစ်ပင်ပိကာ ကယ်ဆယ်နေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
“မိုးများပြီး အပင်က လဲကျတာ။ အပင်လုံးပတ်က တော်တော်ကြီးတယ်။ ကရိန်းတွေနဲ့ဆွဲတင်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပိတ်မိနေတဲ့ ကားပေါ်က အမျိုးသားဟာ အသက်သေဆုံးခြင်းမရှိဘဲ စကားပြန်လည်ပြောဆိုနိုင်တယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်အချို့ ရေကြီးရေလျှံတာတွေပါ ဖြစ်ပွားနေပါတယ်။ တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGလူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိပေးထားပါတယ်။

















































