“တက်လာတဲ့ ရန်သူကိုတော့ ဆက်ပြီးမှ တိုက်ခိုက်မှာဘဲ။ အတက်နိုင်ဆုံးကတော့ ကျနော်တို့လည်း ခုခံမှာပဲ”
— ဗိုလ်မှူးကြီးနော်ဘူ
စက်တင်ဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်သင်္ဘောတွေနဲ့ ဗန်းမော်က ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၉ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ရာ တစ်ရက်တည်း သင်္ဘော ၆စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းမှာ သင်္ဘော ၁၅စီးနဲ့ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းခဲ့ရာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ထက်ဝက်ကျော် ပျက်စီးခဲ့တာကြောင့် စက်တင်ဘာ ဒုတိယပတ်မှာ နောက်ထပ် သင်္ဘော ၆စီးနဲ့ ကချင်ပြည်နယ်ကို ထပ်မံ ဆန်တက်လာတာပါ။
အဲဒီ ဆန်တက်လာတဲ့ သင်္ဘော ၆စီးထဲက ၂စီးကို စက်တင်ဘာ ၉ရက်မနက်အစောမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို အရင်က ဗန်မော်မြို့ကို ရောက်ပြီး ပြန်ဆင်းလာတဲ့ သင်္ဘော ၄စီးကိုလည်း စက်တင်ဘာ ၉ရက်မွန်းလွဲပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement
“မန္တလေးဘက်ကနေ တက်လာတဲ့ သင်္ဘောတွေ ကသာကနေ ရွှေကူကို ဝင်သွားတယ်။ အဲဒီ ရွှေကူကို ဝင်သွားတဲ့ သင်္ဘောတွေက ရပ်နားနေတဲ့အချိန်မှာ ကျနော်တို့ဘက်ကနေ တိုက်ခိုက်ပြီးမှ သင်္ဘော ၂စီးက အဲဒီမှာ မီးလောင်သွားတယ်။ ဒုတိယ တချက်ကတော့ မနေ့က ညနေပိုင်းမှာ ဗန်းမော်ကနေ စုန်ဆင်းလာတဲ့ သင်္ဘော လေးစီးဖြစ်တယ်။ အဲဒီ သင်္ဘောလေးစီးကို စင်းခန်း-ဇင်းဘုံ အဲဒီနေရာတ၀ိုက်မှာ KIAနဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ ၁စီးကတော့ ရေထဲမြုပ်သွားတာ။ ၂စီးကတော့ မီးလောင်သွားတာ။ နောက် ၁စီးကတော့ မီးလောင်ပြီးမှ ဖြေးဖြေးချင်း စုန်ပြီးမှ ရွှေကူကို ရောက်သွားတယ်တဲ့။ မောင်းပြီးမှ ရောက်သွားတာ မဟုတ်ဘဲနဲ့ သူ့ဟာသူမျောပြီးမှ ရောက်သွားတယ်လို့ ပြောတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၉ရက်တိုက်ပွဲ အခြေအနေကို ပြောပြပါတယ်။
ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ သင်္ဘော ၄စီးဟာ မနေ့က မနက်ပိုင်းက KIAရဲ့ တိုက်ခိုက်မှုကြောင့် မီးလောင်သွားတဲ့ ရွှေကူမြို့က မီးလောင်သွားတဲ့ သင်္ဘောတွေကို လာကြိုတဲ့ သင်္ဘောတွေ ဖြစ်နိုင်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ပထမအသုတ်မှာ ရောက်သွားတဲ့ သင်္ဘောတွေ ပြန်ပြီးမှ လာကြိုတာ အဲဒီလို သုံးသပ်တာပေါ့။ အဲဒီတော့ မနေ့က လေးစီးကတော့ ထိခိုက်သွားတာ၊ မီးလောင်သွားတာ၊ ရေမြုပ်သွားတာတွေပေါ့။” လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အရေအတွက် ဘယ်လောက်ပျက်စီးပါသလဲလို့ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက “သင်္ဘောဆိုတဲ့နေရာမှာ အရေအတွက်တွေ တိကျမှု အများကြီးအခက်အခဲရှိတယ်။ တွန်းသင်္ဘောတို့၊ တွဲသင်္ဘောတို့၊ သံခွန်တို့ အဲဒါမျိုးတွေ ကွာနေတာ မတူတာအများကြီးရှိတယ်” လို့ ပြောပါတယ်။
ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းမှာ ပထမအသုတ်အဖြစ် ရွှေကူကနေ ဗန်းမော်မြို့ကို တက်လာတဲ့ သင်္ဘော ၁၄စီးရှိရာ ၇စီးဟာ ဗန်းမော်မြို့ကို ရောက်တယ်လို့ သတင်းရတာကြောင့် ၇စီး ပျောက်သွားတယ်လို့ ရှင်းပြပါတယ်။ အဲဒီ ဗန်းမော်မြို့ကို ရောက်တဲ့ သင်္ဘော ၇စီးထဲက ၄စီးဟာ မနေ့က ပြန်စုန်ဆင်းလာစဉ် တိုက်ခိုက်ခံရလို့ ၄စီးထပ်မံ ပျက်စီးခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါကြောင့် စစ်တပ်သင်္ဘော တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သူက ပြောပြပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဩဂုတ် ၂၇ရက်က ကသာကနေ ရွှေကူမြို့ကို တက်လာစဉ် သင်္ဘော ၁စီး၊ ဩဂုတ် ၂၉ရက်ကနေ စက်တင်ဘာ ပထမပတ်အတွင်း ရွှေကူ-ဗန်းမော်ကြား ရေကြောင်း တိုက်ပွဲတွေမှာ စစ်သင်္ဘော ၇စီးထက်မနည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၉ရက် တိုက်ပွဲမှာ နောက်ထပ် စစ်တပ်သင်္ဘော ၆စီး ပျက်စီးခဲ့တာကြောင့် ဩဂုတ်လကုန်ကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း စစ်တပ်သင်္ဘောအုပ်စု ၁၄စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယအသုတ် တက်လာတဲ့ စစ် သင်္ဘော ၆စီးထဲက ၄စီး ရွှေကူမြို့မှာ ဆက်ရှိနေရာ အဲဒီသင်္ဘောတွေ ဗန်းမော်မြို့ကို ဆက်တက်လာပါက တိုက်ခိုက်ခံရနိုင်ခြေ အနေအထားကို ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ သီးခြားသတိပေး အသိပေးဖို့ မရှိဘဲ ခုခံတာဆက်လုပ်မယ်လို့ အခုလို ပြောပါတယ်။
“ကျနော်တို့လည်း တော်လှန်ရေးဆိုတာကတော့ တက်လာတဲ့ ရန်သူကိုတော့ ဆက်ပြီးမှ တိုက်ခိုက်မှာပဲ အတက်နိုင်ဆုံးကတော့ ကျနော်တို့လည်း ခုခံမှာပဲ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ဗိုလ်မှူးကြီးနော်ဘူဟာ စစ်တပ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်မြို့ကို တက်မလာခင်ကတည်းက တကယ်လို့ သင်္ဘောတွေ တက်လာရင် လက်ဗလာနဲ့ ကြိုနေမှာ မဟုတ်ဘဲ တိုက်ခိုက်မယ်လို့ အသိပေးခဲ့သလို အမှန်တကယ်လည်း စစ်တပ်သင်္ဘောတွေ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ထားရှိထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။



















































