စက်တင်ဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း လတ်တလော မြေပြင်တိုက်ပွဲအခြေအနေတွေအကြောင်းမေးမြန်းရာ ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် စင်းခန်းရွာမှာ တိုက်ပွဲတွေ ဆက်ရှိနေတဲ့ အခြေအနေကို ပြောပါတယ်။
” မနေ့က ဇင်းဘုံဆိုတဲ့နေရာမှာ ပြင်းထန် တိုက်ခိုက်မှုရှိတယ်။ အဲဒီ စကစအဖွဲ့တွေ တော်တော်များများ ကျသွားတာ တချို့တွေ အညံ့ခံသွားတာ ပါတယ်တဲ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement
သေဆုံးနဲ့ အညံ့ခံတဲ့ စစ်သားတွေ စာရင်းဇယားအချက်အလက် အတိအကျ မသိရသေးပေမဲ့ စစ်တပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ပြောပါတယ်။
” သူတို့အတွက်လည်း အခက်အခဲတွေ အများကြီးရှိမှာပါ”လို့ ဒေသတွင်း စစ်ကောင်စီတပ်တွေရဲ့ အခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ဇင်းဘုံတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေပါ သေဆုံးခဲ့သလို လက်နက်တွေလည်း သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်၊ ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ပထမအသုတ် စစ်သင်္ဘောတွေ တက်လာစဉ်ကတည်းက ဇင်းဘုံနဲ့ စင်းခန်းတကြောမှာ မြေပြင်တိုက်ပွဲတွေ ခဏခဏ ဖြစ်ကာ ပြင်းထန်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က စင်းခန်းတံတား သိမ်းနိုင်တယ်၊ စင်းခန်းတံတားကို KIA ဘက်က ဗုံးခွဲတယ်လို့ ဝါဒဖြန်တာတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ရှင်းပြပါတယ်။
“ဒါက လုံး၀ မှန်ကန်မှုမရှိဘူးလို့ ဦးစွာ ပြောလိုပါတယ်။ အဲဒီ စင်းခန်း တ၀ိုက်မှာလည်း ကျနော်တို့ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ နောက် စင်းခန်းတံတားကို ဗုံးကြဲတာ ကျနော်တို့ မဟုတ်ပါဘူး။ လေကြောင်းကနေ ဗုံးကြဲတာ စကစကနေ ဗုံးကြဲတာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်ဟာ ဧရာ၀တီမြစ်ကူးတံတားကို ဗုံးကြဲတိုက်ခိုက်တာဟာ အဲဒီဒေသကို KIAက ထိန်းချုပ်ထားတဲ့အပေါ် တုန့်ပြန်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။
“သူတို့ရဲ့ သင်္ဘော သွားလာတဲ့ နေရာ အဲဒီလမ်းကြောမှာ စင်းခန်းက အရေးကြီးတာ။ ဒုတိယ အချက်ကတော့ အဲဒီ စင်းခန်းတံတားလည်း အင်မတန်ဗျူဟာမြောက်တဲ့ ကသာနဲ့ ဗန်းမော် တရုတ်ပြည်ဘက်ကို ဆက်သွယ်ထားတဲ့ တံတားကြီးဖြစ်နေတာ။ ကျနော်တို့က အဲဒီ စင်းခန်းတံတား ပတ်ဝန်းကျင်မှာ ခြေကုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့က စင်းခန်းတံတားကို အခုလို မျိုး အကြီးအကျယ်ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ရွှေကူနဲ့ ဗန်းမော်ဒေသမှအပ ကျန် ကချင်ပြည်နယ်ဒေသတွေမှာတော့ တိုက်ပွဲပြင်းထန်တာတွေ လတ်တလော မရှိဘူးလို့လည်း ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၄ ဒီဇင်ဘာကတည်းက KIAက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းဖို့ အခု ၂၀၂၆မှာ ထပ်မံကြိုးပမ်းလာတာပါ။
ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ပထမအသုတ်အဖြစ် သင်္ဘော ၁၅စီးပါ သင်္ဘောအုပ်စု ဝင်ရောက်လာရာ ကသာနဲ့ ရွှေကူအကြား သင်္ဘော ၁စီး၊ ရွှေကူနဲ့ ဗန်းမော်အကြား သင်္ဘော ၁၁စီး တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ ဒါ့အပြင်စက်တင်ဘာ ဒုတိယပတ်မှာ သင်္ဘော ၆စီးပါ ဒုတိယ အသုတ်သင်္ဘောအုပ်စု ထပ်မံ ဝင်ရောက်လာရာ KIAက စက်တင်ဘာ ၉ရက်မှာ တိုက်ခိုက်ခဲ့လို့ သင်္ဘော ၂စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဩဂုတ် ၂၇ရက်ကနေ စက်တင်ဘာ ၉ရက်နေ့အထိ နှစ်ပတ်တာအတွင်း စစ်တပ်သင်္ဘောအုပ်စုက သင်္ဘော ၁၄စီးကို KIA ပူးပေါင်းတပ်က ဖျက်ဆီးခဲ့ပါတယ်။
KIA ပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောအချို့ ရှေ့မဆက်နိုင်လို့ ကမ်းကပ်အလင်းဝင်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ဦးအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၁၈ဦး၊ တပ်မိသားစုဝင်နဲ့ အရပ်သားအချို့ စုစုပေါင်း ၁၅၀ ဦးကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။



















































