Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ရေဘေးနဲ့တောင်ပြိုမှုတွေမှာသေဆုံးသူ ၁၃ ဦးထိရှိ ၊ လူ ၃၀ ထက်မနည်းပျောက်ဆုံးနေ

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ဒီနေ့ (စက်တင်ဘာလ ၂၈ ရက်)အထိ သေဆုံးသူဦးရေဟာ ၁၃ ဦးအထိရှိလာပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်မှာထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ - ထားဝယ်/FB

စက်တင်ဘာ – ၂၈၊ ၂၀၂၆ /People’s Spring

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး ဒီနေ့ (စက်တင်ဘာလ ၂၈ ရက်)အထိ သေဆုံးသူဦးရေဟာ ၁၃ ဦးအထိရှိလာပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်မှာထုတ်ပြန်ပါတယ်။

လောင်းလုံးမြို့နယ်မှာ ၁၀ ဦး၊ ထားဝယ်မြို့နယ်မှာနှစ်ဦးနဲ့ သရက်ချောင်းမြို့နယ်မှာတစ်ဦး ရှိပြီး သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့မဖော်ပြထားပါဘူး။

တဆက်တည်းမှာပဲထားဝယ်ဒေသရှိ ကျေးရွာပေါင်း ၆၀ ကျော်မှာ မိုးကြီးပြီးနောက်ရေဘေးအပြင်တောင်ပြိုမှုတွေမှာဖြစ်ပွားနေတာလို့ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေစုစည်းထားတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာအသိပေးထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးမှာပျောက်ဆုံးသူ ၃၀ ဦးနဲ့အထက်ရှိနေပြီး တောင်ပြိုမှုတွေကြောင့် အိမ်ခြေအနည်းဆုံး ၅၀ကျော် ၊ တံတား ၁၀ စင်းထက်မနည်း ပျက်စီးခဲ့တယ်လို့ လည်း အသိပေးချက်မှာထည့်သွင်းဖော်ပြပါတယ်။

ရေကြီးနေတဲ့ ဒေသတချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ကျေးရွာတွေပါဝင်နေတဲ့အတွက်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေအနေနဲ့ မြေမြှုပ်မိုင်းနဲ့မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းတွေကို အထူးသတိပြု ကြဖို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်အသိပေးထားပါတယ်။

လတ်တလောမှာ ထားဝယ်နဲ့ မြိတ်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကညင်ချောင်းကျေးရွာတံတားပျက်စီးသွားတာကြောင့် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ကျန်ရှိနေတဲ့ လမ်းပိုင်းနေရာအများအပြား ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်တဲ့နေရာမှာ ဘတ်ဟိုး၊ ဘူဒိုဇာ နဲ့ကရိန်းလို စက်ယန္တယားကြီးတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

“တောင်ခြေကရွာတွေကအခြေနေပိုဆိုးတယ်၊နဂိုကတည်းက လမ်းပန်း ဆက်သွယ်ရေး မကောင်းတာဆိုတော့ အခုကျ သွားဖို့လုံးဝလွယ်မှာမဟုတ်တော့ဘူး” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။

ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ – ထားဝယ် ကတော့ မနေ့က အသိပေးချက်မှာ အကူအညီလိုအပ်နေတဲ့ ရွာတွေဆီသွားရာလမ်းမှာ တောင်ပြိုမှုတွေ ၊ရေကြီးမှုတွေကြောင့် ပိတ်မိနေတယ်လို့ ဆိုထားပါတယ်။

ဒီနေ့မှာတော့ တောင်ပြိုမှုကြောင့် မြေစာတွေလမ်းပေါ် ဖုံးလွှမ်းနေတဲ့လမ်းပိုင်းကို စက်ယန္တယားနဲ့ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး ထားဝယ်အောက်ဖက်ခြမ်းက ရွာတွေဆီသွားရာလမ်းကြောင်းပွင့်ပြီလို့ ပြီးခဲ့တဲ့ နာရီပိုင်းက သူတို့အဖွဲ့ရဲ့ဖေ့ဘွတ်ခ်မှာရေးတင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက ဘုရားကျောင်း တစ်ခုမှာရှိတဲ့ မိကျောင်းကြီးတစ်ကောင် ရေကြီးလာချိန် လွတ်သွားမှာစိုးလို့ တာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ လလယ်ကစလို့ ထိုင်းနိုင်ငံ အနှံ့မှာ ရေကြီးမှုတွေနဲ့ ဆက်စပ် သေဆုံးသူ ၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးနေတဲ့ လမ်းမကြီးတစ်ခုမှာ ရေပေါ်လျှပ်ပြေးဆိုင်ကယ် (ဂျက်စကီး) လျှောက်စီးနေတဲ့ အမျိုးသား အဖမ်းခံလိုက်ရပါတယ်။

Facebook