Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၂၈ ရွေးကောက်ပွဲကို အာရုံစိုက်ဖို့ ရာထူးက နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ငြင်းဆို

လာမယ့် သမ္မတ ရွေးကောက်ပွဲကို အာရုံစိုက်ဖို့ လက်ရှိ ရာထူးကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချသွားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

လာမယ့် သမ္မတ ရွေးကောက်ပွဲကို အာရုံစိုက်ဖို့ လက်ရှိ ရာထူးကနေ နုတ်ထွက်တော့မယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပယ်ချသွားခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့တုန်းက သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ရီပတ်ဘလစ်ကန်ပါတီ အထိနာပြီး လွှတ်တော်နှစ်ခုစလုံးအတွက် ထိန်းချုပ်ခွင့်တွေ လက်လွတ် ဆုံးရှုံးသွားတဲ့နောက် ရူဘီရိုဟာ သူ့ရဲ့ နောက်ထပ် နိုင်ငံရေး ခြေလှမ်းသစ်အတွက် ပိုမို အားထည့်လာပြီး နိုင်ငံခြားရေး ဝန်ကြီးရာထူးကနေ နုတ်ထွက်နိုင်ခြေရှိကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ရူဘီရိုက အဲဒီသတင်းကို ငြင်းဆိုခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်ရှိရာထူး သက်တမ်း ကုန်ဆုံးတဲ့ အချိန်ထိ နိုင်ငံခြားရေး ဝန်ကြီးနေရာမှာ ဆက်လက် တာဝန်ယူသွားဖို့က သူ့ရဲ့ ခိုင်မာတဲ့ အစီအမံဖြစ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အဖြစ်ပါ တာဝန်ယူထားတဲ့ ရူဘီရိုဟာ ၂၀၂၈ ရွေးကောက်ပွဲကျရင် ထရမ့်နေရာကို ဆက်ခံပြီး ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ရလာနိုင်သူ တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံနေရပါတယ်။ သူနဲ့အတူ ရေပန်းစားနေသူ နောက်တစ်ယောက်ကတော့ လက်ရှိ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ ရူဘီရိုဟာ လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ ထရမ့်နဲ့အတူ မဲဆွယ်ပွဲ အစီအစဉ်တွေမှာ ရုတ်တရက် ပါဝင်လာခဲ့ဖူးပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့မှာတော့ သူက လာမယ့် ရွေးကောက်ပွဲကျရင် သမ္မတ နေရာအတွက် ယှဉ်ပြိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆိုသွားပါတယ်။ ၂၀၂၈ ကိစ္စကို သူဘာမှ ထပ်ပြောတော့မှာ မဟုတ်ဘူးလို့ ရူဘီရိုက ဆိုပါတယ်။

ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲက ထွက်ခွာတော့မလားဆိုတဲ့ မေးခွန်းတွေကိုတော့ ဒီသတင်းမျိုး ဘယ်လိုကြောင့်များ ထွက်လာရသလဲဆိုတာ သူကိုယ်တိုင်တောင် မသိကြောင်း ရူဘီရိုက ပြောကြားသွားပါတယ်။

ရူဘီရိုဟာ အမေရိကန် အစိုးရထဲက ထွက်ခွာဖို့ စိုင်းပြင်းနေပြီဖြစ်ကြောင်း Bloombergရဲ့ သတင်းဖော်ပြမှုနဲ့ ပတ်သက်လို့တော့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒိုင်လန် ဂျွန်ဆန်က လုံးဝဥဿုံ လုပ်ကြံဖန်တီးမှု တစ်ခုအဖြစ် တုံ့ပြန် ဝေဖန်သွားပါတယ်။

အလားတူပဲ Independent သတင်းဌာနက ရူဘီရိုဟာ ၂၀၂၈ ခုနှစ်၊ ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ ရရှိရေးအတွက် စည်းရုံးမှုတွေ စတင်တော့မယ်လို့ ဖော်ပြခဲ့တာကိုလည်း အခြေအမြစ် မရှိတဲ့ သတင်းမှားလို့ ဂျွန်ဆန်က ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကတော့ ရူဘီရိုက တကယ်လို့ ဒုတိယ သမ္မတ ဗန့်စ်သာ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် သူက အားပေး ထောက်ခံသွားမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ