လူအစုအဖွဲ့ အနည်းငယ်နှင့် တည်ထောင်ထားသော အဖွဲ့အစည်းများသည်ပြင်လျှင် ပြင်ဆင်ချိန် နှင့် မူဝါဒ များ၊ မျော်မှန်းချက် (Vision), ရည်မှန်းချက် (Mission) များ၊ အခြေခံမူ (Basic Principles) များ ချမှတ်ပြီး တည်ထောင်မှ သာလျှင် ခိုင်ခန့်ပြီး ရေရှည်တွင် အောင်မြင်နိုင်သည်။

NUG သည် ကြားကာလ အစိုးရ ဆိုသည့်တိုင်၊ မြန်မာနိုင်ငံအတွင်းတွင် ရှိနေသော ပြည်သူ့အစိုးရ တရပ်ဖြစ်ပါသည်။ အရင်က ရှိခဲ့ဖူးသော ပြည်ပြေးအစိုးရ (exiled government) များ ပုံစံ မဟုတ်ပါ။ သို့သော် နိုင်ငံတကာမှ အသိအမှတ်ပြုဖို့၊ ရေရှည်အောင်မြင်ဖို့ ဆိုရင် ဖေါ်ပြပါ မူဝါဒများ မရှိမဖြစ်လိုအပ်သည်။ အာဏာရှင် အစိုရ မဟုတ်သည့်အတွက် လူတဦးတယောက်ထဲက တထိုင်ထဲ ရေးဆွဲပြီး နုတ်မိန့်ထုတ်ဖို့ မသင့်သည် ဖြစ်ရာ သက်ဆိုင်သူ (Stakeholders) များ အားလုံး ပါဝင်ဆွေးနွေး၊ အကြံပေး၊ အတည်ပြုခြင်း ဆိုသော ကာလ တခု လိုကို လိုအပ်သည်ဖြစ်၍ NUG ဝန်ကြီးဌာနများသည် ရေရှည်အတွက် အစိုးရ တရပ် ခိုင်ခန့်အောင် ထုဆစ်နေသော အချိန်ဖြစ်ပါသည်။ ရက်ပေါင်း ၄၀ ကာလအတွင်းမှာ ရှိသမျှအချိန်ကာလများကို သမာရိုးကျ မဟုတ်သော အစိုးရပုံစံ တရပ်ကို ထုဆစ်ခြင်းသည်လွယ်ကူလှတာ မဟုတ်၊ မိမိကိုယ်ပိုင် မိသားစုအရေး၊ ငွေရေးကြေးရေး၊ လုံခြုံရေးနှင့် စားရေးသောက်ရေးများသာမက မိမိနှင့်သက်ဆိုင်သော CDM များ၏ လုံခြုံရေးအဆုံး၊ ကိစ္စရပ်ပေါင်းများစွာကို တပြိုင်ထဲ ဖြေရှင်းနေရသလို၊ ဝန်ကြီးဌာန အခုလုံး ပုံမှန်လည်ပတ်နိုင်ဖို့ အရင်က ဖက်ဒရယ်ဒီမိုကရေစီ ဆိုတာ မရှိဖူးတဲ့ နိုင်ငံမှာ ကြီးပြင်းလာသူတွေအတွက် အတွေ့အကြုံမရှိဖူးတဲ့ ဖက်ဒရယ်မူနှင့် အနီးစပ်ဆုံး မူဝါဒများ ချမှတ်နိုင်ဖို့ စဉ်းစားတွေးခေါ်၊ စည်းဝေးဆုံးဖြတ်၊ သက်ဆိုင်သူများနှင့် ချိတ်ဆက်၊ လုပ်နေရလို့ တရက်တာအချိန်ကာလ ဘယ်လို ကျော်ဖြတ်ခဲ့မှန်းတောင် မသိလိုက်တာ နေ့တိုင်းလိုလိုပါ။ တဖက်မှာလဲ လူထုကို သတင်းစကားလေးပေးချင်လို့ စာရေးရတာက တကြောင်း၊ မီဒီယာ တွေရဲ့ အမေးအဖြေအတွက်ပြင်ဆင်ရတာ တဖုံ ရှိနေတတ်လေသည်။

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ဝန်ကြီးဌာန အောက်မှာ ဦးစီးဌာန ၆ခု နှင့် လုပ်ငန်းဌာန ၅ခု၊ သက္ကသိုလ်တခု ရှိသည် ဖြစ်ရာ၊ အလုပ်သဘောတရားနှင့် ရည်မှန်းချက်များ ကွဲပြားကြသည် ဖြစ်၍ ရှိနေသော လူအင်အား နှင့် ဖြစ်အောင် လုပ်နေရသော အချိန်လဲ ဖြစ်ပါသည်။ အခက်ခဲဆုံးမှာ လူ့အရင်းအမြစ် ခက်ခဲမှု ဖြစ်သည်။ NUG အောက်တွင် တာဝန်ထမ်းဖို့ ဆုံးဖြတ်ချက်သည် ဘ၀ နှင့် အသက် ရင်းထားရသည် ဖြစ်ရာ၊ လူမှန်နေရာမှန် လူပုဂ္ဂိုလ်ရနိုင်ဖို့ ခက်ခဲလှပါသည်။ ပညာတတ် လူပုဂ္ဂိုလ်တော်တော်များများ NUG မှာ တာဝန်ထမ်းဖို့ မဆိုထားနှင့် တွေ့ဆုံစကားပြောဖို့ပြင် ကြောက်နေကြရသော အနေအထားမှာ အသက်မွေးကြောင်းအာမခံချက် ဘာမှ မရှိသောနေရာသို့ ဖိတ်ခေါ်ခြင်းသည် အခက်ခဲဆုံး ဖြစ်ပါသည်။

မည်သို့သော တိုက်ခိုက်မှုအပေါင်း ရှိစေကာမူ ကျွန်တော်တို့ လက်လျှော့မည် မဟုတ်ပါ။ လုပ်လဲ လုပ်နေပါသည်။ ရက်ပေါင်း ၄၀ အတွင်း စစ်ကောင်စီ ဘက်တော်သားများ ကြောက်နေကြပါပြီ။ ဒီလို အချိန်မှာ စစ်ကောင်စီမှ စိတ်ဓါတ်စစ်ဆင်ရေးများ အထူးသတိထား မိဖို့ လိုပါသည်။ ဒီမိုကရေစီ ဘက်တော်သားများအတွင်း စိမ့်ဝင်ပြီး အမှန်တဝက် အမှားတဝက် နှင့် တပ်လျှိုပြီး သွေးခွဲနေသော အရေးအသား များစွာ တွေ့နေရပါသည်။ Fake documents အများအပြားလဲ ပြန့်နှံ့နေသည် ဖြစ်ရာ၊ ပြည်သူများအနေနှင့် ရန်သူ၏လှည့်ကွက်သို့ မဝင်မိစေရန် အထူးသတိထားမိဖို့ လိုပါသည်။
တော်လှန်ရေး လို့ ဆိုတိုင်း လူသတ်ရမှ မဟုတ်ပါ။ ရှိနေသော အာဏာအဆောက်အအုံ တခုပြိုကျသွားအောင် တိုက်နေခြင်း ဖြစ်ပါသည်။ လက်ရှိလည်ပတ်နေသော စစ်ကောင်စီ၏ ယန္တရားတခုလုံး ရပ်တံ့သွားဖို့ ဖြစ်ပါသည်။ ထိုသို့ ရပ်တံ့သွားအောင် ပြည်သူတရပ်လုံး ပါဝင်ဖို့ အရေးကြီးပါသည်။ နိုင်ငံတကာနှင့်လဲ ချိတ်ဆက်ပြီး အလုပ်လုပ်နေပါသည်။

တော်လှန်ရေး အောင်မြင်ဖို့ ပြည်သူလူထု ရဲ့ ညီညွတ်ခြင်းသည် အဓိက ဖြစ်ပါသည်။ ပြည်သူ အားလုံးပါဝင်နိုင်လျှင် သွေးထွက်သံယိုမှု နည်းပြီး လွယ်လွယ်အောင်မြင်မည်။ ပြည်သူလူထုကြားမှာ အကွဲကွဲအပြားပြား ဖြစ်လျှင် သွေးထွက်သံယိုမှုနှင့် အဆုံးသတ်နိုင်သည်။
မည်သို့ ပါဝင်သင့်သနည်း။
(၁) စီးပွါးရေး လုပ်ပါ၊ အခွန်မဆောင်ပါနှင့်။
(၂) စစ်ကောင်စီသို့ စီးဝင်သော ငွေကြေးစီးဆင်းမှုမှန်သမျှ ရပ်တံ့အောင် ကူညီပေးပါ။ စစ်ကောင်စီနှင့် ပေါင်းပြီး အလုပ်လုပ်နေသော လုပ်ငန်းမှန်သမျှ ရပ်ထားပေးပါ။
(၃) Civil Disobedience Movement ဆိုသည်မှာ လူထုရဲ့ အစိုးရ အမိန့်အာခံမှု လှုပ်ရှားမှု ဖြစ်ပါသည်။ ဝန်ထမ်းများသာ CDM လုပ်ရမှာ မဟုတ်ပါ။ လူထု အားလုံး ပါဝင်ရမှာ ဖြစ်ပါသည်။ စစ်ကောင်စီ၏ အမိန့်မှန်သမျှ အာခံဖို့ လူထုမှာ တာဝန်ရှိပါသည်။
(၄) လက်နက်ကိုင် တော်လှန်ရေးသည် ရွေးချယ်စရာနည်းလမ်း တခြားမရှိသောအခါ မဖြစ်မနေ ပေါ်ပေါက်လာရသော တော်လှန်ရေး အစိပ်အပိုင်းတရပ် ဖြစ်ပါသည်။ မြန်မာပြည်သူများအတွက် ရွေးချယ်စရာ တခြားမရှိအောင် စစ်ကောင်စီ လုပ်နေပါသည်။ လူငယ်များ၊ ပညာတတ်များ၊ နိုင်ငံရေးသမားများ တခြားရွေးစရာလမ်းမရှိတော့လို့ လက်နက်ကိုင်နေပါပြီ၊ ပြည်သူလူထုအနေနှင့် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးပေးဖို့ လိုအပ်ပါသည်။
(၅) တော်လှန်ရေးကာလတွင် အခက်ခဲဆုံးမှာ လူထုနှင့် မျှားခေါ်တတ်သော ရန်သူ့လှည့်ကွက် ဖြစ်ပါသည်။ ရန်သူကို အကြပ်အတည်းဖြစ်အောင်လုပ်ရာတွင် လူထုဖက်လဲ အနည်းနှင့်အများ အကြပ်အတည်း ကြုံရနိုင်သည်။ ထိုသို့သော အထွေထွေကြပ်တည်းမှုအတွက် ပြင်ဆင်ထားပြီး အချိန်အတိုင်းအတာ တခုထိ သီးညှင်းခံပေးဖို့ မေတ္တာရပ်ခံ ပါသည်။
သိပ်မကြာတော့သည့် ကာလမှာ မြန်မာပြည်ရဲ့ အာဏာရှင် ဝဠ်ကြွေးမှ အားလုံး လွတ်မြောက်မှာပါ။ ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် သည် လက်တကမ်းအလိုမှာ ရှိနေပြီ ဖြစ်ကြောင်း တင်ပြလိုပါသည်။
