ဒီပ/People’s Spring
မြန်မာပြည်သူတွေရဲ့ ဘဝ အမှောင်ဖုံးတာ ၁၄၆၂ ရက်ရှိခဲ့ပြီ ။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တစ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာဟာ နိုင်ငံတစ်နိုင်ငံကို အချိန်တိုအတွင်း ဘယ်လိုဖျက်ဆီးလို့ရတယ်ဆိုတာကို ကမ္ဘာကြီးကိုပြသပေးလိုက်သလိုပါပဲ ။ ၄ နှစ်အတွင်းမှာ နိုင်ငံရေး ၊စီးပွားရေး ၊ကျန်းမာရေး ၊ပညာရေး၊ဆက်သွယ်ရေး ဘက်ပေါင်းစုံမှာ မြန်မာနိုင်ငံဟာဇောက်ထိုးမိုးမျှော်ကျဆင်း ပြီးစုတ်ပြတ်သွားခဲ့ပါတယ် ။
အဆိုးရွာဆုံးကတော့ စစ်တပ်အာဏာမသိမ်းခင် ပြည်သူတွေအတွက် အတော်လေးလုံခြုံခဲ့တဲ့နိုင်ငံဟာ အချိန်မရွေး နေရာမရွေး ဘယ်သူမဆိုအလွယ်လေးသေသွားနိုင်ပြီး ဒီ ၄ နှစ်အတွင်းမှာ လူသားအရင်းအမြစ်တွေအများကြီးဆုံးရှုံးခဲ့ရတာပါ ။ဒါတွေ အားလုံးရဲ့ အဓိကတရားခံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံမှာ အာဏာအရှိဆုံးဖြစ်နေတာတောင် အားမရနိုင်ပဲ အာဏာလုခဲ့တဲ့ မင်းအောင်လှိုင်ပဲဖြစ်ပါတယ်။ သူတင်လားဆိုတော့ သူ့ကိုမြှောက်ပေးသူ ၊သူ့ကိုအားပေးသူ စစ်အုပ်စုတွေဟာလည်း ပူးတွဲတရားခံတွေဖြစ်ပါတယ်။

Public Service Announcement
စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ခု ပျက်စီးသွားခြင်းနဲ့အတူ ဒီ ၄ နှစ်အတွင်းမှာပြည်သူတွေရဲ့ မယိုင်မလဲခုခံတွန်းလှန်မှုကြောင့် နိုင်ငံသစ်တစ်ခု မွေးဖွားဖို့ရောင်နီ သန်းလာတာလည်း မြင်တွေ့လာရပါတယ် ။
လေး နှစ်အတွင်းမှာ နိုင်ငံတကာရဲ့ထောက်ကူမှု လောက်လောက်လားလား မရှိခဲ့ပေမယ့် မြန်မာပြည်သူတွေဟာ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့အတူ စစ်အာဏာရှင်ကိုခုခံတွန်းလှန်ကြတာဟာ မြန်မာ့သမိုင်းတလျှောက်မှာ အားအကောင်းဆုံးလူထုတော်လှန်ရေး ပေါ်ပေါက်စေခဲ့ပါတယ်။ ဒါကြောင့်အခုဆိုရင် နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေဟာ အနည်းဆုံးမြို့ပေါင်း ၉၄ မြို့ကိုသိမ်းပိုက်ထားပါတယ် ။ မသိမ်းပိုက်ထားသေးပေမယ့်ပတ်လည်ဝိုင်းပိတ်ဆို့ထားတဲ့ မြို့တွေလည်းအများအပြားရှိနေပါပြီ။ဗျူဟာမြောက်လမ်းမကြီးတွေကိုတော်လှန်ရေးတပ်ကထိန်းချုပ်နိုင်မှုဟာလည်းတဖြေးဖြေးပိုများလာပါတယ်။
စစ်တပ်ရဲ့တိုက်ရည်ခိုက်ရည်ကောင်းလှပါပြီဆိုတဲ့တိုင်းစစ်ဌာနချုပ် ၂ ခုကိုသိမ်းပိုက်ထားသလို ၊လေဆိပ်ပေါင်း ၅ ခုထက်မနည်းကိုလည်း တော်လှန်ရေးအဖွဲ့တွေက အိပ်ကပ်ထဲကောက်ထည့်ထားပါတယ်။ တော်လှန်ရေး အရှိန် အဟုန်ဟာ ပြင်းထန်လွန်းတဲ့အတွက် တရုတ်အစိုးရကသာ ဝင်ရောက်မစွက်ဖက်ရင် စစ်ကောင်စီဟာ အခုချိန်မှာ ပြုတ်ကျပြီး ပြည်သူ့ရဲ့တရားစီရင်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။
နွေဦးတော်လှန်ရေးမှာ ပြည်သူတွေကို နိုင်ငံတကာကထိရောက်တဲ့အကူအညီမရခဲ့ပေမယ့် စစ်အုပ်စုကို ရုရှား ၊တရုတ် ၊အိန္ဒိယ စတဲ့နိုင်ငံတွေကကူညီခဲ့ကြပါတယ် ။ဒါကြောင့် ပြည်သူတွေဟာ စစ်အုပ်စုကိုတော်လှန်ရတဲ့အပြင် မြန်မာ့အရေးဝင်စွက်ဖက်တဲ့ အာဏာရှင် နိုင်ငံတွေကိုပါရင်ဆိုင်ခဲ့ရတဲ့အခြေအနေပါ ။
စစ်ကောင်စီက နေ့စဥ် ပြည်သူတွေကို ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ် ၊ နည်းမျိုးစုံ နဲ့ ရက်ရက်စက်စက် သတ်ဖြတ် ၊နေအိမ်တွေမီးရှို့ လုယက် အကြမ်းဖက်နေတဲ့ ကြားက နွေဦးတော်လှန်ရေးဟာ ပြည်သူတွေရဲ့အားနဲ့ ရှေ့ကိုတရွေရွေချီတက်လာပါတယ် ။ နာဇီတွေလို ၊ဖက်ဆစ်ဂျပန်တွေလို စစ်အုပ်စုဟာ ကိုယ့်ပြည်သူတွေကို ရက်စက်ယုတ်ညံ့နည်းအစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် ပြည်သူတွေဟာ အသက်တွေ ဘဝတွေပေးအပ်ပြီး တော်လှန်နေကြတာဖြစ်ပါတယ် ။
ဒါပေမယ့် ယူကရိန်း ကျူးကျော်စစ်ပွဲ ၊ ဂါဇာကမ်းမြောင်ဒေသအရေး ၊ ထိုင်ဝမ်အရေး ၊ဆီးရီးယားအရေးတွေကသာ နိုင်ငံတကာရဲ့ ပိုအာရုံစိုက်မှုခံရပြီး မြန်မာ့အရေးချောင်ထိုးခံခဲ့ရတာကြောင့် မြန်မာပြည်သူတွေဟာ ဒီ ၄ နှစ်တာမှာ ကိုယ့်အားကိုယ် ကိုးခဲ့ကြရတာပါ။လက်ချည်းဗလာနဲ့ စခဲ့တဲ့အချိန် နဲ့ ဒီနေ့အခြေအနေကို နှိုင်းယှဥ်ကြည့်ရင် နွေဦးတော်လှန်ရေးခရီး ဘယ်လောက်ပေါက်ခဲ့ပြီလဲ ဆိုတာ အထင်အရှားမြင်တွေ့နိုင်ပါတယ် ။
အာဏာလုခဲ့တဲ့မင်းအောသ်လှိုင်နဲ့ စစ်အုပ်စုအတွက်လည်း ပါလီမန်ခေတ်နောက်ပိုင်း စစ်တပ်အတွက် ဆုံးရှုံးမှုအများဆုံး ၊ အခြေအနေအဆိုးဆုံးအချိန်ကို ရောက်နေတာပါ ။ ပွဲတကာတက်ပြီး သွားဖြဲပြီး ဟန်လုပ်ပြုံးပြနေပေမယ့် မင်းအောင်
လှိုင်ကိုယ်တိုင် သောကတွေများနေတာကိုသူ့ရဲ့အပူရုပ်မှာအထင်းသားမြင်ရပါတယ်။ စိတ်မလုံခြုံမှု ၊တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်စွမ်းရည်ကြောင့် အသတ်ခံရမှာစိုးလို့ သွားလေရာမှာလုံခြုံရေးအထပ်ထပ် ချသွားနေတာတောင် ၊အာဏာသိမ်းခေါင်းဆောင်သွားရဲတဲ့ နေရာ တဖြည်းဖြည်းကျည်းမြောင်းလာနေပြီဖြစ်ပါတယ်။
စစ်အုပ်စုအပေါ် အထူးသဖြင့် မင်းအောင်လှိုင်အပေါ် ပြည်သူတွေရဲ့အမုန်းထုထည်ဆ ဟာကြီးမားလွန်းလှပါတယ် ။တရုတ်နိုင်ငံဆိုရင်လည်း စစ်ကောင်စီကို ကူညီနေတဲ့အတွက် ပြည်သူရဲ့ အမုန်းနဲ့ ရင်ဆိုင်ရပါတယ် ။ဒါကြောင့် စစ်အုပ်စုအပေါ် ကူညီတဲ့ဘယ်သူ ၊ဘယ်အုပ်စု ၊ဘယ်နိုင်ငံမဆို ပြည်သူ့ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် ။
မြန်မာပြည်ရဲ့ ပြသာနာရင်းမြစ်ဟာစစ်အာဏာရှင်စနစ်ဖြစ်တယ်ဆိုတာ ပြည်သူတွေကခေတ်အဆက်ဆက် သမိုင်းအတွေ့အကြုံနဲ့ လက်တွေ့ အသိအမြင်တွေကြောင့်ရှင်းလင်းပြတ်သားစွာသိမြင်နေကြပါတယ်။ဒါကြောင့် စစ်တပ်က လူမဆန်တဲ့ ရက်စက်မှုတွေ သုံးပြီးဖိနှိပ်ပေမယ့် ပြည်သူတွေဟာ ဦးမညွှတ်ပဲ စစ်အုပ်စုကို တော်လှန်ဖိဆန်နေကြပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းမှု ၊တရားမျှတမှု ၊လွတ်လပ်မှုဟာ စစ်အာဏာရှင်လက်အောက်မှာမရှင်သန်နိုင်ဘူးဆိုတာကိုပြည်သူတွေကသိကြပါတယ်။
ဒါပေမယ့် ထိရောက်တဲ့အကူအညီမပေကြပေမယ့် မြန်မာနိုင်ငံအရေးစိတ်ပူတယ်ဆိုတဲ့ နိုင်ငံတကာဟာ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု နဲ့အဖြေရှာကြပါဆိုတဲ့တိုက်တွန်းချက်က ဒီနောက်ပိုင်းပိုကျယ်လောင်လာပါတယ် ။ တွေ့ဆုံဆွေးနွေးရေးဟာအရေးကြီးတာ မှန်ပါတယ် ။ဒါပေမယ့် ဒီတကြိမ်ဆွေးနွေးမှုမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ထားတဲ့စစ်အုပ်စုက တာဝန်ရှိသူတွေကို အရေးယူပြီး တရားမျှတမှု ဖော်ဆောင်ရေးဟာ လည်းအလွန်အရေးကြီးပြီးချန်လှပ်ထားလို့မရပါဘူး။
ခေတ်အဆက်ဆက်ပြစ်ဒဏ်ကင်းလွတ်ခွင့်ရခဲ့တဲ့စစ်အုပ်စုဟာ စိတ်အရူးထတိုင်းတိုင်းပြည်နဲ့ပြည်သူကိုဒုက္ခပေးနေတာတွေကို ဒီတကြိမ်ရပ်တန့်ပစ်ရပါမယ် ။ဆွေးနွေးမယ်ဆိုရင်လည်း စစ်တပ်ဟာ နိုင်ငံရေးမှာမပါဖို့ ၊ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်မှာပဲနေဖို့ ၊ စစ်တပ်က ရာသက်ပန် အာဏာပေးထားတဲ့ ၂၀၀၈ ခြေဥဖျက်သိမ်းဖို့ ၊ ပြစ်ဒဏ်ကျူးလွန်သူတွေကိုအရေးယူပြီးကြားကာလတရားမျှတမှုဖော်ဆောင်ဖို့ ၊ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ဖို့ ၊ တိုင်းရင်းသားတွေကို တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝပေးပြီး ဖက်ဒရယ် ဒီမိုကရေစီကိုဖော်ဆောင်ဖို့ အာမခံချက်ပေးတဲ့အခင်းအကျင်းတွေဖြစ်ရပါတယ်။
အဲလိုမဟုတ်ပဲ စစ်တပ်အသာစီးယူထားတဲ့ဆွေးနွေးပွဲတွေဆိုရင် အာဏာသိမ်းစစ်အုပ်စုကိုအသိအမှတ်ပြုတာ ၊စစ်အာဏာရှင်စနစ်သက်ဆိုးရှည်အောင် လုပ်ပေးတာနဲ့အတူတူပဲဖြစ်မှာပါ ။ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုနဲ့ဖြုတ်ချထားတဲ့စစ်အုပ်စုက ရွေးကောက်ပွဲလုပ်မယ် တဇာဇာအော်နေတာကတော့ ထွက်ပေါက်ပိတ်နေတဲ့ မင်းအောင်လှိုင်တို့လူမိုက်တစု အသက်ရှုပေါက်ရရေး နောက်ဆုံးနည်းလမ်းအသုံးပြုဖို့ပဲဖြစ်ပါတယ် ။
ဒါကြောင့် အတိုချုပ်ပြောရရင် စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုတာတွေဟာ နားထောင်လို့သာကောင်းပေမယ့်အလုပ်မဖြစ်နိုင်ပါဘူး။ဒီအချက်ကို ၁၉၅၈ စစ်တပ်အာဏာစသိမ်းခဲ့တဲ့အချိန်ကနေ အခုထိ့ သင်ခန်းစာတွေက အကြိမ်
ကြိမ်သက်သေပြပြီးဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေး ၊ရင်ကြားစေ့ရေးဆိုတာတွေဟာသေနတ်ပြောင်းဝအောက်မှာ ဘယ်လို အနိုင်ကျင့်ခံရတယ်ဆိုတာ ၊ ပျောက်ကွယ်သွားရတာဟာ ပြန်လေ့လာဖို့ ဘာမှမကြာသေးပါဘူး။
ဒါကြောင့် တရားမျှတ လွတ်လပ်တဲ့နိုင်ငံသစ်ပေါ်ပေါက်လာဖို့အတွက်ဆိုရင် လူမိုက် ၊လူယုတ်တွေ ကို လိမ္မာလာနိုးနိုးနဲ့ ထပ်ပြီး အခွင့်အရေးပေးတာ၊မျှော်လင့်တာတွေကို ပထမဆုံးရပ်လိုက်ရပါမယ်။ တော်လှန်ရေးအလုပ်ကိုပီပီပြင်ပြင် အားစိုက်ကြိုးစားကြဖို့လိုတယ်လို့သုံးသပ်ပါတယ် ။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ တော်လှန်ရေးအင်အားစုတွေဟာ စစ်ဟာဏာရှင်ကိုတော်လှန်ရင်းကိုယ်တိုင်အာဏာရှင်မဖြစ်ဖို့ပါ။ တော်လှန်ရေးခရီး ၄ နှစ်တာရှိလာတဲ့အခါ တော်လှန်ရေးသမားအချို့ဟာ သူကသာ ပြည်သူ့ကျေးဇူးရှင်ဆိုတဲ့ အထာနဲ့ ပြည်သူကိုပြန်အာဏာပြ ဖိနှိပ်ချင်လာသူအချို့ရှိလာပါတယ်။ ဒါကြောင့်ကိုယ်ဘယ်ကလာတယ် ၊ဘာအတွက်တိုက်ပွဲဝင်တယ် ဆိုတာကို အမြဲသတိရကြဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုကျေးဇူးရှင်စိတ်တွေ ဝင်နေရင်ဖျောက်ဖျက်လိုက်ကြဖို့တိုက်တွန်းချင်ပါတယ် ။
ပြည်သူတွေအတွက် အမှောင်ဖုံးတဲ့နေ့တွေ ကုန်လွန်ပြီး စစ်အာဏာရှင်တွေအတွက် အမှောင်ဖုံးတဲ့နေ့တွေ ရောက်လာကြဖို့ အားလုံးပိုကြိုးစားကြဖို့လိုတယ်လို့ ခံယူပါတယ် ။အပြောထက်အလုပ်ပိုလုပ်ကြရပါမယ် ။ တော်လှန်ရေးမှာ ပြည်သူတဦးချင်းကြရာတာဝန် ဆက်ထမ်းရင်း ၊ တော်လှန်ရေးဦးဆောင်သူတွေ ၊အင်အားစုတွေကစုစည်းညီညွတ်မှုနဲ့ ရှေ့ဆက်တိုက်ပွဲဝင်ကြရင် မင်းအောင်လှိုင် နဲ့ စစ်အာဏာရှင်တစ်စုရဲ့ နောက်ဆုံးနေ့ရက်တွေဟာ သိပ်မကြာရောက်လာမယ်ဆိုတာ အပြည့်အဝယုံကြည်နေပါတယ်။ ။
