Connect with us

Hi, what are you looking for?

အတွေးအမြင်

စွန့်ဦးတီထွင်အာဏာရှင်များနဲ့ သူတို့ရဲ့ရောင်းရင်းများ

အရပ်ဖက်အဖွဲ့အစည်းတွေကိုနှိပ်ကွပ်တဲ့နေရာမှာတော့ “စွန့်ဦးတီထွင်အာဏာရှင်”ထဲမှာ ဗလာဒီမာပူတင်ကဦးဆောင်တဲ့နေရာမှာပါဝင်ပါတယ်။

သစ်ရွက်​ရေးသားသည်။

ဗြိတိန်က အာဏာရှင်ရေးရာလေ့လာသူဒေါက်တာ စတီဖန် ဂျီအက်ဖ် ဟောလ်က သူ့ရဲ့ “အပြည်ပြည်ဆိုင်ရာအာဏာရှင်” (The Authoritarian International) ဆိုတဲ့စာအုပ်မှာ ကမ္ဘာ့တလွှား အာဏာရှင်တွေဟာ အချင်းချင်းအပြန်အလှန်အတုယူ၊လေ့လာ၊ဝေမျှကြတယ်လို့ဆိုလိုက်ပါတယ်။

နမူနာအားဖြင့်သံကန့်လန့်ကာနောက်ကနိုင်ငံတွေမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ (NGOs)ကို သူတို့ဘယ်လိုနှိပ်ကွပ်လဲဆိုတာကိုကြည့်ကြရအောင်ပါ။

အရပ်ဖက်အဖွဲ့အစည်းတွေကိုနှိပ်ကွပ်တဲ့နေရာမှာတော့ “စွန့်ဦးတီထွင်အာဏာရှင်”ထဲမှာ ဗလာဒီမာပူတင်ကဦးဆောင်တဲ့နေရာမှာပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၂ခုနှစ်ဟာ သူ့အတွက်တော့ ခေါင်းစားတဲ့နှစ်တစ်နှစ်ပါ။ ပါလီမန်ရွေးကောက်ပွဲမှာညစ်ပတ်မှုနဲ့ သူ့ကိုဆန္ဒပြမှုတွေက အရှိန်ကောင်း နေခဲ့တာပါ။ နောက်ပိုင်းမှာရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြမ်းကြမ်းတမ်းတမ်းဖြိုခွဲခဲ့ပါတယ်။ သူက ဆန္ဒပြပွဲတွေဟာ “ရောင်စုံတော်လှန်ရေး”အဖြစ်ရောက်လာမှာကို စိုးရိမ်နေခဲ့ ပါတယ်။

၂၀၀၃ ခုနှစ်ကဂျော်ဂျီယာရဲ့“နှင်းဆီတော်လှန်ရေး” ၊ ၂၀၀၅ ခုနှစ်က ယူကရိန်းရဲ့ “လိမ္မော်ရောင် တော်လှန်ရေး” တွေအပြင် အာရပ်နွေဦးရဲ့ ကူးစက်မှုအရှိန်အဟုန်ကိုလည်း သူမြင်တွေ့ဖူး ပြီးသားဖြစ်လို့ပါ။ သူ့ကိုဆန္ဒပြမှုတွေရဲ့နောက်ကွယ်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းNGOတွေ ပါဝင်နေတယ်လို့ သူကယုံကြည်နေပါတယ်။

၂၀၁၂၊ ဇူလိုင်မှာတော့ ဥပဒေတစ်ခုကိုသူလက်မှတ်ရေးထိုးပြီးပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေက ပါလီမန်မှာသီတင်းပါတ်နှစ်ပတ်ပဲကြာမြင့်ပြီး အရေးပေါ်အတည်ပြုခဲ့တာပါ။ ဥပဒေကအခွင့် ပေးလိုက်တာကတော့အစိုးရ အနေနဲ့ NGO တွေကိုနှိပ်ကွပ်ဖို့လုပ်ပိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။

ပြည်ပကအထောက်အပံ့ကိုယူတဲ့NGOတွေအနေနဲ့ မှတ်ပုံတင်တဲ့နေရာမှာ “နိုင်ငံခြားအေးဂျင့်” အဖြစ်ဖေါ်ပြရမှာဖြစ်ပါတယ်။ ဒီလိုဖေါ်ပြရပြီဆိုရင်တော့ တိုင်းပြည်ကိုရောင်းစားသူ၊ ပုဆိန်ရိုး၊ နောက်ကျောကိုဓါးနဲ့ထိုးသူစတဲ့ ဂုဏ်ပုဒ်တွေကိုရင်ဆိုင်ရတော့မှာပါ။ မြန်မာနိုင်ငံမှာ ရိုက်တာ သတင်းဌာနကသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို စွပ်စွဲဝါဒ ဖြန့်ချိခဲ့တာတွေ ကိုအမှတ်ရစရာပါ။ ဒီလိုနဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက်အလွန်အရေးကြီးတဲ့ NGOတွေပျောက်ကွယ် မှေးမှိန်ခဲ့ရပါတယ်။

စုတုပြု လုပ်တဲ့နေရာမှာတော့ အဇာဘိုင်ဂျန်က အတော်ခြေသွက်လက်သွက်ရှိတဲ့အထဲမှာပါပါတယ်။ ရုရှလိုဥပဒေကို ၂၀၁၃/၁၄မှာပြဌာန်းခဲ့ပါတယ်။

သူ့နောက်မှာတော့ တာဂျစ်ကစ္စတန်က ၂၀၁၄၊ ကာဇက်စတန်က ၂၀၁၅တို့ဖြစ်ပါတယ်။ မြန်မာလား၊ နောက်မကျန်ခဲ့ပါဘူး။၂၀၁၄မှာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြဌာန်းခဲ့ပါတယ်။အာဏာသိမ်းပြီး ၂၀၂၂မှာတော့ ၂၀၁၄ ဥပဒေနေရာမှာပိုမိုကြမ်းတမ်းတင်းကြပ်တဲ့ဥပဒေအသစ်ကို အစားထိုးခဲ့ပါတယ်။

အီဂျစ်ကလည်း နိုင်ငံခြားသား နဲ့ ပြည်တွင်း NGO ဝန်ထမ်း ၄၃ ယောက်တွေကိုခွင့်ပြုမိန့်မရပဲ အလုပ်လုပ်မှုနဲ့အရေးယူလိုက်ပါတယ်။ ဟွန်ဆန်ရဲ့က‌မ္ဘောဒီးယားက အမျိုးသားလုံခြုံရေး၊ တည်ငြိမ်အေးချမ်းမှု၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကိုပျက်ယွင်းစေတဲ့ NGO တွေကို အရေးယူမယ် ဆိုတဲ့ဥပဒေကို ၂၀၁၅မှာ ပြဌာန်းပါတယ်။

အာဖရိကနိုင်ငံဖြစ်တဲ့ယူဂန်ဒါကတော့ ၂၀၁၆ပါ။ လက်တင်အမေရိကမှာတော့နီကာရာဂွါက ၂၀၂၀ဖြစ်ပါတယ်။ တရုတ်ကတော့ ၂၀၁၂မှာ ရှီကျင်းပင်အာဏာရပြီးနောက်ပိုင်း ၂၀၁၇ မှာ ဥပဒေအသစ်ကိုပြဌာန်းခဲ့ပါတယ်။

စုစုပေါင်းနိုင်ငံ ၆၀ကရုရှရဲ့ဥပဒေကိုအတုယူပြဌာန်းခဲ့ကြပါတယ်။ ဒါကနမူနာတစ်ခုပါ။

အာဏာရှင်တွေဟာ ဘဝတူအာဏာရှင်တွေအားလုံးကိုအဓွန့်ရှည်တည်တံ့စေချင်တဲ့ စေတနာကို ပိုင်ဆိုင်ထားကြတာပါ။

လစ်ဗျားက ကဒါဖီဘာဖြစ်သွားလဲဆိုတာကိုသူတို့အားလုံး မြင်တွေ့ထားခဲ့ပြီး တစ်နိုင်ငံဒီမိုကရေစီရသွားခဲ့ရင် ကျန်တဲ့နိုင်ငံတွေလည်း တစ်ခုပြီးတစ်ခုပြိုလဲသွားမယ်ဆိုတာ သူတို့သိနေကြတယ်လို့ ဒေါက်တာဟောလ်က ဆိုပါတယ်။

“အဲဒီတော့အသက်ရှင်ရပ်တည်ဖို့အတွက်က (သူတို့အချင်းချင်းအပြန်အလှန်) လေ့လာ၊ ပူးပေါင်းဆောင်ရွက်ပြီးနည်းလမ်းတွေကို ဝေမျှကြရမယ်လို့သိထားကြတယ်”လို့ ဒေါက်တာဟောလ်က ပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း (ဒီမိုကရေစီအင်အားစုထက်)နှာတစ်ဖျားသာနေရမှာ မို့လို့ပဲ” လို့သူကမှတ်ချက်ချပါတယ်။

၂၀၀၂ ခုနှစ်က ဘယ်လာရုစ်အာဏာရှင် “အဂ္ဂမဟာသရေစည်သူ အလက်ဇန်းဒါး လူကာရှန်ကို” ကလမ်းပေါ်မှာဆန္ဒပြပွဲတွေကိုနှိပ်ကွပ်ဖို့ လူငယ့်သမဂ္ဂကိုဖွဲ့ခဲ့သလို ရုရှက “ကြွက်မင်း ဗလာဒီမာ ပူတင်”ကလည်း “မျိုးချစ်လူငယ်များအဖွဲ့”ကိုဖွဲ့စည်းခဲ့ပါတယ်။

၂၀၂၀ခုနှစ်မှာရွေးကောက်ပွဲမသမာတာကြောင့်ဘယ်လာရုစ် ပြည်သူတွေဆန္ဒပြပြီး ရုပ်မြင်သံကြား ဝန်ထမ်းတွေ အလုပ်ကနှုတ်ထွက်ကြတဲ့အခါ ပူတင်ကသူ့ဝန်ထမ်းတွေစေလွှတ်ပေးပြီး ရုပ်သံရပ်မသွားအောင် လည်ပတ်စေပါသတဲ့။

တရုတ်ကလည်း ဘယ်လာရုစ်ကို မျက်နှာဖတ်နိုင်တဲ့ Facial Recognition Technology ကိုပေးခဲ့ပြီး Huawei က သုတေသနစင်တာတစ်ခုတည်ဆောက်ပေးခဲ့ပါတယ်။ အာဏာရှင်တွေရဲ့ ရဲဘော်ရဲဘက်စိတ်တွေကတော့ အလန်းဇယားတွေပါပဲ။

ဝါဒဖြန့်ချိရေးနဲ့ နည်းပညာပိုင်းမှာ ရုရှနဲ့တရုတ်ဟာအာဏာရှင်တွေထဲမှာတော့ ‘ဆရာ’ကျတဲ့အဆင့်ပါ။ Radio Free Europe ကရတဲ့သတင်းအချက်အလက်တွေအရ အင်တာနက်ထိန်းချုပ်ရေးနဲ့ပက်သက်ပြီး ရုရှ ၊ တရုတ်နှစ်နိုင်ငံက ၂၀၁၇ခုနှစ်ကစလို့ အဆင့်မြင့်စည်းဝေးပွဲတွေနဲ့ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

Autocracy Inc. The Dictators Who Want to Run the World “စာအုပ်ကိုရေးတဲ့ ပူလစ်ဇာဆုရှင် အန်း အက်ပဲလ်ဘန် ကဒီမိုကရေစီကိုကျဆုံးစေဖို့အတွက် အာဏာရှင်တွေက ကွန်ယက်ချိတ်ဆက် ထားကြတယ်လို့ဆိုပါတယ်။

“အာဏာရှင်တွေစည်းဝေးကြမယ့် ဂျိမ်းစ်ဘွန်းကားထဲက လျှို့ဝှက်အစည်းအဝေးခန်းကြီးမျိုး မဟုတ်ပါဘူး” လို့သူမကပြောပါတယ်။ “ကုမ္ပဏီတွေအများကြီးရှိတဲ့ကော်ပိုရေးရှင်းကြီးလိုပါ၊ ကုမ္ပဏီတစ်ခုချင်းစီမှာ ကိုယ်ပိုင်လုပ်စရာတွေရှိတယ်၊ အခြေအနေပေးရင်တော့ ပူးပေါင်း ဆောင်ရွက်ကြတယ်ပေါ့”။

အာဏာရှင်တွေဟာ ယုံကြည်ရာအတွေးအခေါ်တွေမတူကြဘူးလို့ သူမစာအုပ်ကဆိုပါတယ်။

တူတာတစ်ခုကတော့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီအင်အားစုကို မုန်းတီးတာပဲဖြစ်ပါတယ်။

ခုတော့ တရုတ်က ဟန်ပြရွေးကောက်ပွဲလုပ်ပေးပြီး ခပ်တည်တည်ဆက်သွားဖို့ မြန်မာကိုအဆိုတင် ထားပါတယ်။ နည်းပညာအကူအညီနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကတော့ရုရှနဲ့ ဘယ်လာရုစ်ပါတဲ့။ သူတို့ကိုယ်တိုင်ရဲ့ ရွေးကောက်ပွဲသမိုင်းကတော့အထက်စာပိုဒ်တွေမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။

ငထက်ပြားကိုရွှေတိုက်စိုးခန့်တဲ့ ဇာတ်ကတော့စတင်ပြီဖြစ်ကြောင်းပါ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

နိုင်ငံတကာက တီဗီဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်တဲ့အခါ ရယ်စရာ ပြက်လုံးတွေရဲ့ နောက်ကွယ်ကနေ နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်ကို ထက်ထက်မြက်မြက် ဝေဖန်တတ်တဲ့ လူတစ်ယောက်ကို သတိထားမိကြမှာပါ။ သူကတော့ တခြားလူမဟုတ်ပါဘူး၊ CBS ရုပ်သံလိုင်းရဲ့ Late-Night Show အစီအစဉ်ကို ဦးဆောင်နေတဲ့ ကမ္ဘာကျော် ဟာသသရော်စာပညာရှင် 'Stephen...