Connect with us

Hi, what are you looking for?

အတွေးအမြင်

တိတ်တဆိတ် လူသတ်သမားသင့်ပါတ်ဝန်းကျင်က လေထုညစ်ညမ်းမှု

မနက်မိုးလင်းလို့အဝေးကိုလှမ်းကြည့်တဲ့အခါ မျှော်လေတိုင်းမှိုင်းရီဖြစ်နေသလား။ အဝေးက အဆောက်အဦ၊တွေသစ်ပင်တွေက မြင်ကွင်းမှာ ခပ်ဝါးဝါးသာပေါ်နေတယ်မဟုတ်လား။

သစ်ရွက်​ရေးသားသည်

မနက်မိုးလင်းလို့အဝေးကိုလှမ်းကြည့်တဲ့အခါ မျှော်လေတိုင်းမှိုင်းရီဖြစ်နေသလား။ အဝေးက အဆောက်အဦ၊တွေသစ်ပင်တွေက မြင်ကွင်းမှာ ခပ်ဝါးဝါးသာပေါ်နေတယ်မဟုတ်လား။

ကောင်းကင်ကိုမော့ကြည့်လိုက်တော့ “ကောင်းကင်ပြာကိုဘယ်သူများဆေးရောင်ချယ်” ဖြစ်မနေပါလား။ အသက်ရှူကြည့်လိုက်ပါ။ လတ်ဆတ်တဲ့လေကိုမခံစားရဘူးဆိုရင်တော့ ပြင်းထန်တဲ့လေထု ညစ်ညမ်းမှုကသင့်ပါတ်ဝန်းကျင်မှာရှိနေပါပြီ။ သင်ဟာတိတ်တဆိတ်လူသတ်သမားနဲ့ ရင်ဆိုင်နေရပြီ ဆိုတာကို သတိပြုဖို့လိုအပ်နေပါပြီ။

ငလျင်လိုမုန်တိုင်းလို သိသာထင်ရှားပြီးရုတ်တရက်တိုက်ခိုက်သတ်ဖြတ်တဲ့ ဘေးအန္တရာယ်တွေကို လူအများစုကပိုသိကြပြီး အာရုံလည်းပိုစိုက်ကြပါတယ်။ ဒါပေမယ့်လူတွေကြားမှာအုတ်အော်သောင်းနင်းမဖြစ်ဘဲ အသက်ပေါင်းများစွာနှုတ်ယူသွားတဲ့၊ ကျန်းမာရေးချို့တဲ့မှုတွေကို ထားရစ်ခဲ့တဲ့ လေထုညစ်ညမ်းမှုကတော့ မြန်မာနိုင်ငံမှမဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်း အ‌ရေးတယူမပြုကြပါဘူး။ ဒါကြောင့်ပဲဒီလူသတ်သမားဟာအခုထိ သွေးစွန်းနေတဲ့ဓါးကိုကိုင်ဆောင်ပြီး လွတ်မြောက်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ပြဿနာကိုရင်ဆိုင်နေရတဲ့အချိန်မှာ ဒီအကြောင်းကို ကြားဖြတ်ပြောရတာအားနာပါတယ်။ ပြောရမယ့်ရာသီကိုရောက်နေလို့ ပြောတာဖြစ်ပါတယ်။

လေထုညစ်ညမ်းမှုဟာ လူ့ယဉ်ကျေးမှုအစ လူတွေလောင်စာအဖြစ်ထင်းလို အမှိုက်လိုအရာတွေကို မီးရှို့ကတည်းကစတင်ခဲ့တဲ့ အရာဖြစ်ပါတယ်၊ လူ့ယဉ်ကျေးမှုရဲ့အမှတ်လက္ခဏာတစ်ခုလို့ဆိုရမှာပါ။ ဒါပေမယ့် သိပ္ပံပညာနဲ့နေထိုင်မှုအဆင့်အတန်းတိုးတက်လာတဲ့ အချိန်မှာ ရုတ်ကြွင်းလောင်စာလို့ခေါ်တဲ့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓါတ်ငွေ့တွေကို လောင်ကျွမ်းစေတဲ့အခါမှာတော့ ဒီအမှတ် လက္ခဏာဟာ နေ့စဉ်ဘဝရဲ့ အန္တရာယ်ဖြစ်ခဲ့ပါပြီ။

လေထုညစ်ညမ်းမှုဟာကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်တစ်နှစ်ကို လူ၇သန်းလောက်သတ်ဖြတ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းပါတယ်။ ဒီကိန်းဂဏန်းဟာ အိတ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်၊ ငှက်ဖျား၊ တီဘီရောဂါသုံးခုပေါင်းကသတ်ဖြတ်ထက် အသက်တွေထက်ပိုးများပြီး စစ်ပွဲနဲ့ အကြမ်းဖက်မှုများကြောင့်သေဆုံးမှုထက်လည်းပိုပါတယ်။

ဒီအရေအတွက်ထဲမှာ၅နှစ်အောက်ကလေးငယ်တွေအများအပြားပါဝင်ပါတယ်။ ၇သန်းထဲမှာ ပြင်ပလေထုညစ်ညမ်းမှု (Outdoor Air Pollution) ကြောင့်သေဆုံးရတာ ၄.၂ သန်းဖြစ်ပြီး အဆောက်အဦးအတွင်း လေထုညစ်ညမ်းမှု (Indoor Air Pollution) ကြောင့်သေဆုံးရတာကတော့ ၃.၈ သန်းရှိပါတယ်။

မြန်မာနိုင်ငံဟာဒေသတွင်းမှာအိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးကြရတဲ့ အရေအတွက် အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Indoor Air Pollution ကြောင့်သေဆုံးရတာမှာ အများစုက ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်မှာ အနေများကြတာဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဖြစ်လို့ပါပဲ။

ရန်ကုန်လိုပြူတင်းပေါက်ဖွင့်လို့မရတဲ့တိုက်ခန်းတွေမှာ အခန်းတွင်းက လေဟာ ကိုယ့်ကိုတဖြည်းဖြည်း ကျွေးနေတဲ့အဆိပ်ပါ။ တောနယ်မှာလည်းမလွတ်မြောက်ပါဘူး။ ထင်းနဲ့မီးသွေးကိုအားထားရတဲ့မီးဖိုချောင်ဟာအမျိုးသမီးတွေအတွက်ထောင်ချောက်ပါ။ မီးမလာတဲ့ မြန်မာအတွက်တော့ ကွက်တိကျနေပါတယ်။ မီးလာအောင်လုပ်မပေးနိုင်တာဟာ လူသေမှုမြောက်စေတယ်ဆိုတာ တွေးမိမတွေးမိ မသေချာလှပါ။

ပြင်ပလေထုညစ်ညမ်းမှုမှာတော့ ကား၊ မော်တော်ဆိုင်ကယ်လို ယာဉ်တွေကထွက်တဲ့ ကာဘိုမိုနော့ဆိုဒ် လို ဓါတ်ငွေ့တွေ၊ စက်ရုံအလုပ်ရုံတွေကရုပ်ကြွင်းလောင်စာကိုသုံးပြီး ထွက်တဲ့ ဆာလ်ဖာဒိုင် အောက်ဆိုဒ်နဲ့ အခြားဓါတ်ငွေ့တွေ ၊ လျှပ်စစ်မီးရဖို့သုံးစွဲရတဲ့ လောင်စာတွေက လေထုကို ညစ်ညမ်းစေပါတယ်။

ဒီအချက်ကိုထည့်မစဉ်းစားပဲနေရာလွတ်ရင် အကွက်ရိုက်ပြီးရောင်းစားတဲ့ အာဏာပိုင်တွေကြောင့် Green Space တွေပိုနည်းပါးလာတဲ့အခါလေထုကပိုညစ်ညမ်းလာပြီး ကျန်းမာရေးကိုပိုထိခိုက်စေ ပါတယ်။ Green Space ဆိုတာကတော့ ပန်းခြံ၊ ဥယာဉ်၊ သစ်တောအုပ်စတဲ့ သစ်ပင်ရှိရာနေရာတွေပါ။ ဒါဟာ မြို့ပြစီမံကိန်းမှာမဖြစ်မနေထည့်သွင်းစဉ်းစားရမှာပါ။

ဒီပညာကို စစ်တက္ကသိုလ်မှာသင်ကြား လိမ့်မယ်ဆိုတာတော့သိပ်မသေချာလှပါ။ Green Space ‌တွေရှိရင် သစ်ပင်တွေက ကာဘိုဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီးအောက်စီဂျင်ကိုလေထဲကိုပြန်ထုတ်ပေးကြပါတယ်။ လေထုကိုလတ်ဆတိစေတယ်ပြီး မြို့ပြရဲ့ အပူချိန်ကိုလည်းလျှော့ချ ပေးပါတယ်။

ပြည်သူတွေလည်း အဲဒီနေရာမှာကိုယ်လက်လှုပ်ရှားကစားလို့ရပါတယ်။ ဒါကြောင့် Green Space တွေက ပြည်သူ့ကျန်းမာရေးကိုတိုက်ရိုက်ပံ့ပိုးပေးပါတယ်။

တချိန်က အရှေ့တိုင်းရဲ့ပုလဲ (Pearl of Orient) လို့အခေါ်ခံခဲ့ရတဲ့ ရန်ကုန်က အခုတော့စစ်အာ
ဏာရှင် အဆက်ဆက်ရဲ့အောက်မှာ အရှေ့တိုင်းရဲ့ မီးသွေးဖြစ်နေခဲ့ပါပြီ။

ပြီးခဲ့တဲ့ နှစ်ရက် (မတ် ၃၁)ကတော့ ရန်ကုန်ဟာကမ္ဘာ့လေထုအညစ်ညမ်းဆုံး နံပါတ် (၃)နေရာကို ရခဲ့ပါတယ်။ သူ့ရှေ့မှာ ခတ္ထမန္ဒူ နဲ့ဒေလီပဲရှိပါတယ်။ လေထုညစ်ညမ်းမှုဟာ ပန်းနာရင်ကြပ်ကစလို့၊ အဆုတ်ကင်ဆာ၊ နမိုးနီးယားနဲ့ နှလုံးရောဂါတွေ၊ လေဖြတ်တာတွေ၊ ကလေးသူငယ်တွေရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုထိခိုက်စေတာတွေ၊ အရေပြားရောဂါနဲ့ ကိုယ်ခံစွမ်းအားကျစေတာတွေပါဖြစ်စေပါတယ်။

အန္တရာယ်အရှိဆုံးသူတွေကတော့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါပဲ။ ညစ်ညမ်းနေတဲ့လေထုက အမှုန်အမွှားတွေကို Smog လို့ခေါ်ကြပါတယ်။ မီးခိုးငွေ့ (Smoke) နဲ့ မြူခိုး (Fog) ကိုပေါင်းခေါ်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ နိုင်ငံ ၅၀ ကျော်ကတော့ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ကျန်းမာရေးထိခိုက်မှုကို ၂၀၄၀ခုနှစ်မတိုင်မှီမှာ ၅၀ရာခိုင်နှုန်း လျှော့ချမယ်လို့ ကတိပြုကြပါတယ်။

ညစ်ညမ်းတဲ့နိုင်ငံမှာနေရတဲ့အတွက် အများကြီးမျှော်လင့်လို့မရပေမယ့် တကိုယ်ရေတော့ဂရုစိုက်နိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ တိတ်တဆိတ်လူသတ်သမားရဲ့ခြေသံကိုနားစွင့်ထားကြဖို့ပါ။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လ၁၈ရက်နေ့က အမေရိကန်သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပက်သက်ပြီးစုံစမ်းစစ်ဆေးတဲ့ ဖိုင်ပေါင်း၂,၂၀၀ ကို ပြည်သူတွေကိုကြည့်ရှူခွင့်ပေးလိုက်ပါတယ်။ ၃၅ ယောက်မြောက်သမ္မတ ဂျွန်အက်ဖ်ကနေဒီဟာ ၁၉၆၃ ခုနှစ်က ဒါးလက်စ်မြို့မှာ စနိုက်ပါနဲ့ပစ်ခံရပြီးသေဆုံးခဲ့တာပါ။

နိုင်ငံတကာ

ဆိုးရွားလာနေတဲ့ လေထုညစ်ညမ်းမှု အခြေအနေကို တန်ပြန်ဖို့အတွက် ထိုင်းအစိုးရဟာ မီးရှို့မှုတွေကို တားဆီးတဲ့ အရေးပေါ် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုးမှာ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် လေထုညစ်ညမ်းမှုတွေ ကြုံနေပြီး ကျောင်းတချို့ကို ပိတ်ထားဖို့၊ တတ်နိုင်သမျှ ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။