Connect with us

Hi, what are you looking for?

အတွေးအမြင်

“စွမ်းသေးရဲ့လား”

ငလျင်အပြီး စကစရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကြည့်တဲ့အခါ လူထုရဲ့ ထိခိုက်နစ်နာမှုတွေအတွက် ပူပန်ကြောင့်ကြစိတ် ကင်းမဲ့ပြီး လတ်တလောအခြေအနေအပေါ် နိုင်ငံရေးနဲ့ ကိုယ်ကျိုး အကျိုးအမြတ်ကိုသာလိုချင်နေတာကိုအထင်အရှားတွေ့ရပါတယ်။

မသီတာ-စမ်း​ချောင်း​ရေးသားသည်

ငလျင်အပြီး စကစရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို ကြည့်တဲ့အခါ လူထုရဲ့ ထိခိုက်နစ်နာမှုတွေအတွက် ပူပန်ကြောင့်ကြစိတ် ကင်းမဲ့ပြီး လတ်တလောအခြေအနေအပေါ် နိုင်ငံရေးနဲ့ ကိုယ်ကျိုး အကျိုးအမြတ်ကိုသာလိုချင်နေတာကိုအထင်အရှားတွေ့ရပါတယ်။

ဒါ့အပြင် အောက်ခြေစစ်သားတွေကိုယ်တိုင်က ကူညီကယ်ဆယ်ရေးကိစ္စတွေကို လုံးဝစိတ်မပါဘဲ ဟန်ပြသာ လုပ်ကိုင်နေရုံမက အစစ်အမှန် ကူညီလုပ်ကိုင်နေတဲ့ ကယ်ဆယ်‌ရေးသမားတွေကိုတောင် လက်နက်နဲ့ ထိန်းချုပ်နေတာတွေလည်း မြင်နေကြရပါတယ်။ နောက်ရပ်ကွက်အလိုက် အုပ်ကြီး၊ စည်ပင်ဆိုသူတွေကပါ ဒုက္ခကြုံနေရတဲ့ လူထုကို အနိုင်ကျင့်ပြီး ကိုယ်ကျိုးစီးပွါးရှာဖို့ပဲလုပ်လာကြတာကိုလည်းကြားကြရပါတယ်။

ဒီတော့ အဖြေ သိပြီးသားပေမဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ “စကစတစ်တပ်လုံးနဲ့ စစ်အာဏာရှင်ကိုအားပေးအားမြှောက်ပြုနေတဲ့ စီးပွါးရေးသမား၊ဝန်ထမ်းကြီးငယ်များအပါအဝင်အသိုင်းအဝိုင်းတခုလုံးမှာ လူချင်းတူတူ သူချင်းမျှမျှ စာနာနားလည်စိတ်၊ နိုင်ငံအကျိုး ရေတိုရေရှည် မြော်မြင်နိုင်မှု၊ ကြောင်းကျိုးဆင်ခြင်သုံးသပ်တတ်မှုဆိုတာတွေကို ပိုင်ဆိုင်အသုံးချနိုင်တဲ့ တစုံတယောက်မှမရှိနေကြတာလား”ဆိုတာပါ။

Public Service Announcement

Public Service Announcement

နာဂစ်တုန်းက နေပြည်တော်ဟာ နေသာသပ လေညာကမို့ နိုင်ငံတကာကို လာမကူနဲ့လို့ မာန်တင်းပြခဲ့သလောက် ငလျင်အပြီးမှာတော့ နေ့မဆိုင်း ညမဆိုင်း နိုင်ငံတကာရေ ကူပါ၊ ကယ်ပါလို့ ထပြောရလောက်အောင် နေပြည်တော်သာမက တပ်ရဲ့ အခြေခံအဆောက်အဦတော်တော်များများ ပျက်စီးခဲ့ပါတယ်။ ဝန်ကြီးဌာနအဆောက်အဦတွေသာမက ဝန်ထမ်းအိမ်ယာတွေပါ ပျက်စီးခဲ့သလို တပ်ရဲ့ လျို့ဝှက်ဥမင်လိုထိပ်သီးနေအိမ်တွေလို အဆောက်အဦတွေပါ ပျက်စီးတယ်လို့လည်းဆိုကြပါတယ်။ တပ်ဟာ လူထုနဲ့ နိုင်ငံအပေါ် ခေါင်းပုံဖြတ်ရုံမက အချင်းချင်းလည်း အထာမထားဘဲ ဦးသူက အဂတိစား အမြတ်ထုတ် ကိုယ်ကျိုးရှာမြဲပါ။

ဒါကြောင့်မို့ သူတို့ရဲ့ ကမ္ဘာတည်သရွေ့ အာဏာတည်ရေးစီမံကိန်းထဲက မြို့တော်ကြီးနဲ့ ခိုလှုံရာအဆောင်အယောင်တွေဟာ ငလျင်ဒဏ်ကို မခံနိုင်တာ မဆန်းကြယ်ပါဘူး။

မန္တလေးနဲ့ စစ်ကိုင်းက နှစ်ရာချီကြာတဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာဟာ စိတ်မကောင်းစရာဖြစ်ပေမဲ့ အံ့ဩစရာ မဟုတ်ပါဘူး။ ဒီလောက်နှစ်တွေ ကြာအောင် ရာသီဥတုနဲ့ စစ်ဘေးဒဏ်တွေ ခံခဲ့ရတာကိုး။ နေပြည်တော်က ကြီးကျယ်ခမ်းနားလှချည့်ဆိုတဲ့တပ်ပိုင်တပ်ဆောက်အဆောက်အဦတွေ မြေခပြိုကျထိခိုက်တယ်ဆိုတာကတော့တွေးကြည့်ရင် အံ့မခန်းပါပဲ။ မြို့သက်တမ်းကဖြင့် အနှစ်နှစ်ဆယ်သာ ရှိသေးတဲ့ မြို့တော်ကြီးရဲ့ လေဆိပ်၊ ဆေးရုံတွေအပါအဝင် အခြေခံအဆောက်အအုံတော်တော်များများ ပျက်
စီးကြတာဟာ တပ်ရဲ့ စေတနာ၊ အရည်အသွေးတွေကို ဖော်ပြနေသလို အဂတိကြီးမှုကိုလည်း ဝန်ခံနေပါတယ်။ ဒီတပ်ကပဲ ဒီမြို့ကိုသာမက ဒီနိုင်ငံကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်၊ အေးချမ်းသာယာအောင်၊ ကောင်းမွန်တဲ့အနာဂတ် ဖြစ်လာအောင် တတ်နိုင်သေးတယ်လို့ ယုံကြည်၊ လှုံ့ဆော်၊ အားပေးနေကြသူတွေ ရှိနေသေးတာကတော့ အံ့ဩစရာ အကောင်းဆုံးတကာ့ထွဋ်ခေါင် အံ့ဩစရာအကောင်းဆုံးပါပဲ။

တကယ်တော့ အခု (လူသူလက်နက်ဆိုတဲ့ ရုပ်အင်အားပိုင်း၊ စစ်သည်ကျင့်ဝတ်နဲ့ စိတ်ဓာတ်ရေးရာပိုင်းတွေအရ) အပျက်စီးအများဆုံး အင်စတီကျူးရှင်းဟာ စကစရဲ့ တပ်မတော်ကြီးကိုယ်တိုင်ပဲဆိုတာ အားလုံး သိနိုင်တဲ့ အဖြေပါ။ ဘာပြစ်မှုမှ မကျူးလွန်ဘဲ စာရေးစာချီရုံးလုပ်ငန်းလောက် လုပ်နေရတဲ့ အင်စတီကျူးရှင်းဝင် ဖြစ်ပစေဦးတော့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတောင် မကျန်တော့တဲ့ အင်စတီကျူးရှင်းထဲက အဖွဲ့ဝင်တစ်ယောက်မို့ ကိုယ့်ရဲ့ လူသားသိက္ခာလေးပါ ပွန်းပဲ့ကျိုးကြေနေပြီဆိုတာကို ကိုယ်တွေ့မသိရင်တောင် ခံစားသိတော့ ရှိနေကြပြီးလည်း ဖြစ်ကြပါတယ်။ ဒါနဲ့များတောင် လက်ရှိအခြေအနေကို ရုန်းထွက်ဖို့ မကြိုးစားဘဲ ဆက်လက်ဖက်တွယ်နေကြတာဟာ တော်ရုံတန်ရုံ ဉာဏ်မဲ့မှုမျိုး မဟုတ်ပေဘူး။

တခြားဥပမာတွေကို အသာထားပြီး နေပြည်တော် တည်ဆောက်ရေးသက်သက်ကို ကြည့်ကာ တပ်အသိုင်းအဝိုင်းဟာ ကိုယ့်ဖာသာ မေးခွန်းထုတ်ကြဖို့ပါပဲ။ အာဏာကိုသာ ကမ္ဘာတည်သရွေ့ သိမ်းပိုက်ထားချင်တာ မြို့တစ်မြို့ကို အနှစ်နှစ်ဆယ်ထက်ပိုခံအောင်တည်နိုင်တဲ့ စွမ်းရည်မျိုးအမြော်အမြင်မျိုး စေတနာမျိုး ငါတို့တွေမှာ ရှိနေပြီလားလို့ပေါ့။ နေပြည်တော်ဟာ တပ်ရဲ့ စိတ်ကူး၊ တပ်ရဲ့ ရင်ခွင်ပိုက်ပါ။ သူ့ရဲ့ အတွေးကို သူ့ရဲ့ အသွေးအသား(တပ်မျိုးနွယ်နဲ့ ခရိုနီဆောက်လုပ်ရေးကုမ္ပဏီများ)တွေကပဲ တည်ဆောက်ဖန်တီးခဲ့တာလေ။ ဒါနဲ့များတောင် အနှစ်နှစ်ဆယ်လောက်နဲ့ ပြိုကျမြေခနေတာတွေ ဒင်းကြမ်းကို မြင်ရတာဟာ တပ်ဦသျှောင်တွေအဖို့ သစ်စရာ မျက်နှာသာ ကျန်ပြီး ရှက်စရာ မျက်နှာမကျန်သင့်တော့ပါဘူး။ ဒီလိုအရည်အသွေးမျိုးနဲ့ တပ်ဟာ နိုင်ငံကြီး တစ်နိုင်ငံလုံးကို နောင်ဘယ်နှနှစ်ခံအောင်များ ဆက်ဒုက္ခပေးနိုင်ဦးမှာပါလိမ့်။

ဒီအချိန်မှာတပ်မိသားစုဆိုတဲ့ဘယ်တုန်းကမှ သားအဖလို သားအမိလို ချစ်ခင်နွေးထွေးမှုမျိုး မပေးဘဲ အကြောက်တရားတွေ အဂတိတွေနဲ့ တိုင်ပတ်ပိတ်မိနေတဲ့ တပ်အသိုင်းအဝိုင်းထဲက လူစွမ်းကောင်းလေး တစ်ယောက်စ နှစ်ယောက်စကနေ အင်အားစုတစ်စုအဖြစ် ရုန်းထွက်ရုန်းထလာနိုင်ဖို့ လိုပါတယ်။

တိုင်းပြည်နဲ့ လူထုကိုစေတနာမထားနိုင်ရင်တောင်ကိုယ့်အင်စတီကျူးရှင်းရဲ့ ပကတိအခြေအနေအမှန်ကို သုံးသပ်နိုင်ဖို့ လိုနေလို့ပါ။ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်တွေ ရနိုင်တယ်ဆိုပေမဲ့ ငလျင်ဘေးကြောင့် နိုင်ငံတကာဆီက အသိအမှတ်ပြုမှုဆန်တဲ့ ဆက်ဆံရေးလောက် ရလာရုံနဲ့ တပ်ရဲ့ အရည်အသွေး၊ အမြော်အမြင်၊ စွမ်းရည်တွေ အလိုလို တက်မလာနိုင်ပါဘူး။ တပ်အတွက် အဲဒါတွေ ရလာဖို့ဆိုရင် တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။ ဘယ်လိုလဲ။ စွမ်းသေးရဲ့လား။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဆောင်းပါး

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။

အတွေးအမြင်

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးဟာ ကိုယ်ကျိုးစီးပွါးကို အခြေခံတဲ့ ရပ်တည်ချက်တွေကို ဦးစားပေးလာကြပြီး ကမ္ဘာကြီးတခုလုံးရဲ့ တည်ငြိမ်တိုးတက်ရေးအကျိုးစီးပွါးအလို့ငှာ အမြော်အမြင်တွေကို မျက်ကွယ်ပြုလာကြပါတယ်။