မသီတာ-စမ်းချောင်းရေးသားသည်။
၁၉၈၈-၈၉ ခရီးဖော်ဆရာက နတ်မောက်ထဲက ကြာကန်ရွာမှာ နွားလှည်းစီးခဲ့တုန်းက ပုံလေးကို ပို့လာတယ်။ အမက နေပူလို့ ခေါင်းစီးလေးနဲ့။ ကျမက ကျောပေးပြီး ထိုင်နေတော့ ခေါင်းနဲ့ကျောပဲ မြင်ရတယ်။ ဘိုကေခေါင်းလေးကို ခရီးဖော်တွေကတော့ မှတ်မိနေတာပေါ့။ လွန်ခဲ့တဲ့ နှစ်လေးဆယ်နီးပါးတုန်းကဆိုတော့ အတော့်ကို ကြာခဲ့ပြီ။
အမကတော့ အသက် ၈၀ ပြည့်တော့မယ်။ ကျမလည်း နောက်နှစ်ဆို အသက် ၆၀ ပြည့်မယ်။ နှစ်လေးဆယ်လောက် မနားတမ်းလျှောက်ခဲ့ရတဲ့ ဒီမိုကရေစီလမ်းဟာ ကောက်ကွေ့ ရှန်တိန် မြေလျှိုးရုံမက ဝင်္ကပါထဲလည်းရောက်ခဲ့တယ်။ခုက ဝင်္ကပါ ဖြိုချဖို့ အားထုတ်နေကြတုန်း။အမကတော့ ထုံးစံအတိုင်း လူထုမြင်ကွင်းကြားမှာ ‘မရှိခြင်း’အားဖြင့် ‘ရှိ’ပေးနေရပြန်ပြီနော်။
၂၀၀၇ ခုနှစ်နှစ်လယ်လောက်ကဂရိနိုင်ငံ၊ အေသင်မှာ ဆုံကြတဲ့အမေရိကန်သူငယ်ချင်းကအမရဲ့ အဲဒီတုန်းက အနေအထားကို ပိုသေချာအောင် မေးဖို့ စကားစတယ်။ သူက အခုထိ …(နေအိမ်အကျယ်ချုပ်ထဲမှာ)……… ရှိနေဆဲလားဆိုတာမျိုး မေးချင်တော့ “Is she still…..?”လို့ မျက်နှာပေးနဲ့ပဲ House Arrest ဆိုတဲ့ဝေါဟာရ မပါဘဲ မေးလိုက်တယ်။ ကျမက “Yes, she is still still.”လို့ ဖြေဖြစ်သွားတယ်။ သူက ပြုံးတယ်။ ဟုတ်တယ် အမ။ အဲဒီအချိန်က အမဟာ ‘သက်ငြိမ်’ပန်းချီကားတစ်ချပ်လို လွတ်လပ်မှုတွေ ဆိတ်သုဉ်းပြီး လူမြင်ကွင်းထဲမှာ မြင်ကွက်သေတစ်ခုအနေနဲ့ နှစ်တွေ အကြာကြီး ရှိနေခဲ့တာနော်။ တနည်းအားဖြင့် လူမြင်ကွင်းထဲကို လူလုံးထွက်မပြနိုင်ပေမဲ့ နေအိမ်မှာ ကျန်းမာရေးစောင့်ရှောက်မှုကို ကိုယ်ပိုင်အစီအစဉ်နဲ့ ရခဲ့တယ်။ အနားမှာ ရဲဖော်ရဲဖက်ကို အတူခေါ်ထားခွင့်ရခဲ့တယ်။ ဒါ့အပြင် အမအိမ်က စန္ဒယားခလုတ်လေးတစ်ခု ချို့ယွင်းတာကအစ လူထုက သိခွင့်ရခဲ့တယ်။ အကျဉ်းသားပုံရိပ်ဟာ အမအတွက် အသားတံဆိပ်လို ခွဲထားမရတဲ့ မြင်ကွင်းသေဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ။

Public Service Announcement
တကယ်တော့ ၂၀၀၆ ခုနှစ်နှောင်းပိုင်းလောက်မှာ မီဒီယာတစ်ခုကို ကျမက အမအကြောင်း ပြောတဲ့အခါ “လက်ခုပ်သံတို့ရဲ့ အကျဉ်းသား”လို့ ကင်ပွန်းတပ်ဖြစ်ခဲ့တယ်။ အကျဉ်းသားတော့ အကျဉ်းသားပဲ။ ဒါပေမဲ့ ဖိနှိပ်သူစစ်အစိုးရရဲ့ အကျဉ်းသားအဖြစ်နဲ့ နေအိမ်မှာ အကျယ်ချုပ်ခံရရုံမက ထောက်ခံကြသူလူထုရဲ့ လက်ခုပ်သံများကြားမှာ ပုံရိပ်သေတစ်ခုအတွင်း၊ မြင်ကွင်းသေတစ်ခုအတွင်း “Still still”နေပေး ပြုမူပေးရတဲ့ အခိုက်အတန့်ပေါင်းများစွာ ရှိခဲ့တယ်လို့ ယုံကြည်တဲ့အတွက် ခုလို ပြောဖြစ်ခဲ့တာပေါ့။ လူတွေက အမကို သူတို့စိတ်တိုင်းကျ ပြုမူနေထိုင်ပေးမှ ချစ်ခင်လေးစား လက်ခုပ်သံများ ပေးချင်တတ်ကြတာကိုး။ အမကို အမအတိုင်း အမအနေနဲ့ပဲ နားလည်ချစ်ခင် လက်ခုပ်တီးပေးကြသူတွေလည်း ရှိကြပေမဲ့ အမကို သူတို့စိတ်ထဲက ပုံရိပ်အတိုင်း မြင်ကွင်းသေထဲမှာ နေထိုင်ပြုမူတုံ့ပြန်တာကိုပဲ မြင်တွေ့ချင်ကြသူတွေက အရေအတွက်အားဖြင့် ပိုများတယ် မဟုတ်လား။
အခုရော။ အခုတော့ အမ ဘယ်မှာ ရှိနေလဲ။ ဘယ်လို နေထိုင် စားသောက်နေရလဲ။ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှ ရရဲ့လား။ သံတိုင်တွေကို ကျော်ပြီး အပြင်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ဘယ်လောက်ထိ သိခွင့်ရနေလဲ။ နေအိမ်အကျယ်ချုပ်တုန်းကလို တရားအားထုတ်မှုကို ဘယ်လောက်အဆင်ပြေပြေ လုပ်နိုင်တဲ့ အနေအထားမှာ နေခွင့်ရနေလဲ။ တခြားနိုင်ကျဉ်းတွေကိုမှ အဲကွန်း မတပ်ပေးနိုင်ရင် သူ့ကိုလည်း မတပ်ပေးနဲ့လို့ အမက ပြောခဲ့ကြောင်း ကြားရတော့ အမဟာ အရင်က အမ၊ ၁၉၈၈ နှစ်များဆီက အမရဲ့ ပင်ကိုယ်ပကတိဖြစ်မှုကို ထိန်းထားဆဲလို့ တွေ့လိုက်ရပြန်တယ်။ အမက နေအိမ်အကျယ်ချုပ်ကာလမှာတောင် ထောင်ထဲက အကျဉ်းသားတွေကို တွေးဆစာနာပြီး ကိုယ့်စည်းကမ်းနဲ့ကိုယ် စားသောက်နေထိုင်မှုကို ထိန်းချုပ်ခဲ့တယ်ဆိုတာ ကြားခဲ့ရတုန်းကလိုပဲ ခံစားရပါတယ်။
ဒါပေမဲ့ အခု အမက အသက် ၈၀ ပြည့်တော့မယ့်သူလေ။ ဇရာအိုတစ်ယောက်ရဲ့”အာခံမှု”နဲ့ “စာနာစိတ်” ပူးတွဲရောယှက်ထားတဲ့ ရပ်တည်ချက်ဟာ အမရဲ့ ကျန်းမာရေးအတွက်တော့ အပြုသဘောမဆောင်ပေဘူးပေါ့။ “လူမြင်ကွင်းမှာ မရှိတော့ခြင်း”နောက်ကွယ်က အမရဲ့ ခံနိုင်ရည်ကို အဆုံးစွန်ထိ မြှင့်တင်နေရမှုဟာ စကစကို၊ စစ်တပ်ကို မပူးပေါင်းမှုကြောင့်ဖြစ်လာရတဲ့နောက်ဆက်တွဲ လိုအပ်ချက်ပေါ့။
ဒီကြားမှာ အမရဲ့ ပုံရိပ်ဟာ အပြောင်းအလဲတွေ ရှိခဲ့တယ်။ အမကိုယ်တိုင် ထုဆစ်ခဲ့တာတွေအရရော အမကို စိတ်တိုင်းကျမြင်ကွင်းသေအဖြစ် မြင်ချင်ကြသူတွေက သူတို့ မြင်မိသလို ခံစားမိသလို ပုံဖော်ထုဆစ်ပြကြတာတွေအရပါ အမရဲ့ ပုံရိပ်ဟာ ပြောင်းလဲခဲ့တာပေါ့။အမလောက် လောကဓံတရား ရှစ်ပါးရဲ့ ရိုက်ခတ်မှုကို အချိန်ပြည့် ခံစားရသူ မရှိသလောက် နည်းမှာပါ။လူ့သဘာဝအတိုင်း အဆိုးလောကဓံ ခံခဲ့ရချိန်မှာ လက်ခုပ်တီးအားပေးနှစ်သိမ့်ကြသလောက် အကောင်းလောကဓံ ခံနေရချိန်မှာတော့ စကားတင်းဆိုကြပြန်တာပေါ့။ ဒီလိုနဲ့ အဆိုးလောကဓံအသစ်အသစ်တွေကိုပဲအမက ကြုံရပြန်တယ်။
အမက မတရားတဲ့ အမိန့်အာဏာမှန်သမျှကို ဖီဆန်ဖို့ တိုက်တွန်းခဲ့တုန်းက ‘တာဝန်အရ’လို့ လူထုကို သတိပေးခဲ့တယ်။ လူထုက အာဏာသိမ်းတာကို အာခံကြတာဟာ သူတို့ရဲ့ နိုင်ငံသားတာဝန်ကို ထမ်းဆောင်တာပဲပေါ့။ ခုခံစစ်မှ မဟုတ်ဘဲ စကစနဲ့ မပူးပေါင်းနည်းမျိုးစုံကို လူထုက အားထုတ်တဲ့အခါ အမကလည်း သံတိုင်တွေ နောက်မရောက်ခင် အိမ်တော်ထဲကတည်းကနေ ထောင်အကျဉ်းခန်းထဲ ရောက်နေဆဲ ခုအချိန်ထိ စကစအလိုကျ ပြောဆိုတုံ့ပြန်မှတ်ချက်ပြုတာတွေ ဘာဆို ဘာတစ်ခုမှ မလုပ်တဲ့နည်းနဲ့ မပူးပေါင်းဘဲ နေခဲ့တယ်။ “Still still”ဖြစ်နေဆဲ။ လူမြင်ကွင်းမှာ အမ မရှိတော့တဲ့ မရှိတော့ဘဲ နေရချိန်မှာတောင် အမက ဘယ်လိုထင်မြင်မှာပါလိမ့်၊ တုံ့ပြန်မှာပါလိမ့်လို့ တွေးတွေးပြီး ကြောင့်ကြပူပန်သူတွေလည်း အများကြီးပဲ။ အမ လူမြင်ကွင်းမှာ မရှိနေခြင်းဆိုတာ သူတို့လိုလူတွေအတွက်တော့ သက်ရောက်မှုအပြောင်းအလဲ ဖြစ်မသွားဘူး။အမ လူမြင်ကွင်းမှာ မရှိနေပေမဲ့ အမကို ထောက်ခံအားပေးစာနာကြသူတွေက လူမြင်ကွင်းမှာ ဖွေးဖွေးလှုပ် ရှိနေကြတာကိုး။
အဲဒီလိုပဲ အမ မပါဘဲ အရွေ့တွေကို ချဉ်းကပ်နေကြသူတွေလည်း အများကြီးပဲ။ (အမကို ‘အမ၊ အန်တီ၊ အမေ’လို့ ခေါ်ခဲ့ကြတဲ့ ခေတ်အစုံက လူငယ်၊ လူလတ်၊ လူကြီး အရွယ်အစုံ ပါတာပေါ့) အမကို နိုင်ငံခြားမှာ မေးခွန်းတွေ မေးကြတော့ “ရှင် အောင်မြင်တယ်လို့ ဘယ်လိုပြောနိုင်မလဲ။ ဘယ်တော့ ပြောနိုင်မလဲ”လို့ သဘောရတဲ့ မေးခွန်းတစ်ခု ရှိခဲ့တယ်။
အမက “ကျမ မလိုတော့ဘဲကျမရဲ့လူထုက ဆက်ရွေ့သွားပြီဆိုရင် ကျမ အောင်မြင်တာပဲပေါ့”လို့ သဘောရတဲ့ အဖြေမျိုးကို ဖြေခဲ့ဖူးတယ်။ အမ မပါဘဲ အရွေ့တွေကို ချဉ်းကပ်နေကြတဲ့ အရွယ်စုံလူတွေကိုယ်တိုင်ဟာအမရဲ့”အောင်မြင်မှုပြဒါးတိုင်”တွေ ဖြစ်နေပြန်ပါလား။
နှစ်လေးဆယ်လောက် ကြာတော့ အမက အလုံပိတ်ရထားလှည်းတစ်စီးပေါ်ကနေ မွေးနေ့မိုင်တိုင်တွေကို ကျော်ဖြတ်ရွေ့လျားနေရတယ်။ ကျမက လွတ်လပ်တဲ့ လေကို ရှုနေရပေမဲ့ အချိန်ရထားလှည်းရဲ့ အဝေးရောက်ထိုင်ခုံမှာ နောက်ပြန်စီးပြီး အတိတ်နဲ့ မွေးရပ်မြေကို မျက်ခြည်မပြတ် စေ့စေ့စပ်စပ် ကြည့်နေမိတယ်။
အမ အမြန် လွတ်မြောက်လာပါစေ။ ကျန်းမာပါစေ။ မာမြဲ မာပါစေ။
