Connect with us

Hi, what are you looking for?

အတွေးအမြင်

ကမ္ဘာ့အညစ်ပတ်ဆုံးခေတ်သစ်ရွေးကောက်ပွဲများ

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။

လူကာရှန်ကို နဲ့ မင်း​အောင်လှိုင် /ဟွန်ဆင်/အမ်မာဆန်နန်ဂါဂွါ/ပေါလ်ဘီယာရဲ့ဆင်ကော်/ဗာမင်ဆူပရင်း

John Doe ရေးသားသည်။

အညစ်ပတ်ဆုံးရွေးကောက်ပွဲများလို့ခေါင်းစဉ်တပ်လိုက်တဲ့အခါ အတော်ခေါင်းစားရပါတယ်။ရေးစရာ မရှိလို့မဟုတ်ပါ။ရေးစရာများနေလို့ဖြစ်ပါတယ်။

ညစ်ပတ်တယ်ဆိုတာလည်းအတိုင်းအတာတော့ကွာပါလိမ့်မယ်။သွားမတိုက်တဲ့သူ၊သွားတိုက်ပြီးမျက်နှာမသစ်တဲ့သူ၊မျက်နှာသစ်ပြီးရေမချိုးတဲ့သူ၊ရေချိုးပြီးခေါင်းမလျှော်တဲ့သူ၊အဝတ်အစားလုံးဝမလဲတဲ့သူ စတဲ့ ဒီဂရီတွေကွာခြားသလိုပါပဲ။

မြန်မာနိုင်ငံကဘယ်အထဲပါမလဲဆိုတာတော့စောင့်ကြည့်ကြပါ ခင်ဗျား။

Public Service Announcement

Public Service Announcement

အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့Global Change Data Lab တိုပူးပေါင်းတည်ထောင်ကြတဲ့ Our World in Data သုတေသနအဖွဲ့ကြီးရဲ့ ၂၀၂၂တွေ့ရှိချက်အရ ကမ္ဘာ့တစ်လွှားကျင်းပတဲ့ရွေးကောက်ပွဲများထဲမှာ ”လွတ်လပ်ပြီးတရားမျှတ”တဲ့ရွေးကောက်ပွဲအရေအတွက်ဟာ၄၀%ထက်နည်းတယ်လို့ဆိုပါတယ်။

နိုင်ငံတကာမှာဒီမိုကရေစီနဲ့ရွေးကောက်ပွဲတွေကိုစောင့်ကြည့်ကူညီတဲ့The International Institute for Democracy and Electoral Assistance (International IDEA) အဖွဲ့ကြီးရဲ့၂၀၂၄အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့၅နှစ်အတွင်းမှာကမ္ဘာ့မဲပေးသူပြည်သူတွေရဲ့၃ယောက်မှာတစ်ယောက်ဟာပိုမိုဆိုဝါးလာနေတဲ့ နိုင်ငံတွေရဲ့ရွေး

ကောက်ပွဲတွေမှာမဲထည့်နေကြရတယ်လို့ဖေါ်ပြထားပါတယ်။ကမ္ဘာ့ရွေးကောက်ပွဲတွေဟာအပျက်သဘောဖက်ကိုဦးတည်လာနေတယ်လို့စောင့်ကြည့်သူတွေကဆိုကြပါတယ်။

အရှေ့တောင်အာရှကိုစကြည့်ပါမယ်။ဟားဗတ်တက္ကသိုလ်နဲ့ဆစ်ဒနီတက္ကသိုလ်တို့၂၀၁၄ခုနှစ်ကပြုလုပ်တဲ့ရွေးကောက်ပွဲများရဲ့သမာဓိနဲ့ပက်သက်တဲ့လေ့လာမှုပရောဂျက်(The ElectoralIntegrity Project)ရဲ့တွေ့ရှိချက်မှာတော့အရှေ့တောင်အာရှဟာကမ္ဘာ့ဒေသကြီးတွေထဲမှာအခြေအနေအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။အာဖရိကတိုက်ကနိုင်ငံတွေတောင် တိတ်တဆိတ် တခစ်ခစ်ရယ်ခဲ့ကြပါတယ်။

●ညစ်ပတ်နည်းများ

စမတ်အကျဆုံးနည်းလမ်းကတော့စကတည်းကတိုင်ပြည်ကိုတစ်ပါတီအာဏာရှင်စနစ်အဖြစ်သွပ်သွင်းလိုက်ခြင်းပါပဲ။ဘယ်ပါတီနဲ့မှပြိုင်စရာမလိုတော့ပါ။ကိုယ့်ပါတီဝင်တွေကိုကိုယ်လည်မျိုညှစ်ထားရင် ပွဲပြီးပါပြီ။ကွန်မြူနစ်အမည်ခံအရင်းရှင်နိုင်ငံတွေဖြစ်ပါတယ်။

ဒီလောက်ကံမကောင်းတဲ့အစိုးရတွေကတော့မျက်နှာပြောင်ရမှာပါ။မျက်နှာပြောင်ဖို့ပဲလိုအပ်တာပါ။ သေနတ်ရှိရင်သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ကိုယ့်ကို နိုင်နိုင်တဲ့သူတွေနဲ့ပါတီတွေကိုအ

ကြောင်းရှာပြီးရွေးကောက်ပွဲဝင်ခွင့်မပေးတာ၊ပြည်တွင်းပြည်ပသတင်းဌာနတွေကိုသတင်းယူခွင့်မပေးတာ၊ခြိမ်း ခြောက်ပြီးမဲထည့်ခိုင်းတာ၊မဲဝယ်တာ၊မဲခိုးတာ၊ဒီကြားထဲကပြိုင်ဘက်နိုင်သွားခဲ့ရင်လိုသလိုဆွဲလို့ရတဲ့ သားရေကွင်းဥပဒေကိုလက်ညှိုးထိုးပြီးအနိုင်ရပါတီကိုဖျက်သိမ်းတာ၊ခေါင်းဆောင်တွေကိုထောင်သွင်းအကျဉ်းချတာ၊နိုင်ငံရေးနယ်ပယ်ကထုတ်ပယ်ပစ်တာတွေဖြစ်ပါတယ်။

လိုအပ်ရင်အခြေခံဥပဒေကိုလည်းပြင်ဆင်ရေးဆွဲကြပါတယ်။အရှေ့တောင်အာရှတိုက်သားများကျွမ်းကျင်တဲ့နည်းလမ်းတွေပါ။ဒီလိုနေရာမျိုးမှာအစိုးရအချင်းချင်းလည်းစည်းလုံးကြပါရဲ့၊အကြံပေး နည်းပြတဲ့အပြင်နည်းစနစ်တွေလည်းဖလှယ်ကြပါရဲ့။

ဥရောပနဲ့အာရှကိုခွထိုင်တဲ့ရုရှကတော့ပိုပြတ်သားပါတယ်။ပြိုင်ဖက်ဖြစ်လာနိုင်တဲ့သူကိုသေနတ်နဲ့ ပစ်သတ်၊ဒါမှမဟုတ်အဆိပ်ခတ်သတ်လိုက်တာပါပဲ။အတော်ကိုဟန်ကျတဲ့”ပူတင်နဲ့ညီများ”ဖြစ်ပါတယ်။

●ဘယ်လာရုစ် (၂၀၂၀)

အခုပဲလာလည်သွားတဲ့ဧည့်သည်ကြီးလူကာရှန်ကိုရဲ့ဘယ်လာရုစ်ကလည်းပေါ့သေးသေးတော့မဟုတ်ပါဘူး။လူကာရှန်ကိုဟာ ၁၉၉၄ ခုနှစ်ကဘယ်လာရုစ်မှာသမ္မတရွေးကောက်ပွဲတွေစကတည်းကNon-Stop သမ္မတလုပ်လာခဲ့တာပါ။ဘယ်လာရုစ်ကျောင်းသားတွေသူတို့နိုင်ငံသမိုင်းကိုကျက်ရတာလွယ်ပါတယ်။ဘယ်လာရုစ်သမိုင်းမှာသမ္မတဆိုလို့သူတစ်ယောက်ပဲရှိပါတယ်။သူ့ဖင်နဲ့ကုလားထိုင်ကိုဆင်ကော်နဲ့ ကပ်ထားသူပါ။

၂၀၂၀ရွေးကောက်ပွဲမှာတော့ဆင်ကော်ဆရာသမားနည်းနည်းပျာယာခတ်သွားပါတယ်။သူ့ကိုယှဉ်ပြိုင်တဲ့သူကဆီခါနျူစကားယားဆိုတဲ့အမျိုးသမီးကိုယ်စားလှယ်ပါ။တကယ်တော့သူ့အမျိုးသားကသမ္မတရွေးကောက်ပွဲမှာယှဉ်ပြိုင်ဖို့ဖြစ်ပါတယ်။လူကာရှန်ကိုကသူမအမျိုးသားကိုဖမ်းပြီးထောင်ချလိုက်တဲ့အခါ တာဝန်ကသူမပုခုံးပေါ်ကိုကျလာခဲ့တာပါ။အမျိုးသမီးတွေကိုအထင်သေးတဲ့လူကာရှန်ကိုကဆီခါနျူစကားယား ကိုယှဉ်ပြိုင်ခွင့်ပေးခဲ့ပါတယ်။တကယ်တော့ပြည်သူအများစုကစကားယားကိုသောင်း သောင်းဖျဖျ ထောက်ခံကြတာကိုတွေ့တဲ့အခါဆင်ကော်ဆရာမျက်ကလူးဆန်ပြဲဖြစ်ပါတယ်။ မဲမထည့်ခင် ညကတည်းကစကားယားရဲ့လူတွေကိုလိုက်ဖမ်းပါတော့တယ်။

ဒီလိုနဲ့စကားယားကိုယ်တိုင်လည်းပြည်ပကိုထွက်ပြေးရပါတယ်။ပြည်သူတွေလမ်းပေါ်ထွက်ပြီးဆန္ဒပြတဲ့အခါအကြမ်းဖက်နှိမ်နှင်းခံရပါတယ်။အနောက်ဒီမိုကရေစီနိုင်ငံတွေကစကားယားကိုအနိုင်ရသူအဖြစ် အသိအမှတ်ပြုပြီးဘယ်လာရုစ်ကိုပိတ်ဆို့အရေးယူကြပါတယ်။အရေးမကြီးလှပါ။ ပါပါပူတင် နဲ့ ဘရာသာရှီကျင့်ဖိန်ရှိပြီးသားမဟုတ်ပါလား။

●ကင်မရွန်း (၂၀၂၅)

ကင်မရွန်းရဲ့လက်ရှိသမ္မတပေါလ်ဘီယာရဲ့ဆင်ကော်ကလူကာရှန်ကိုထက်သာပါတယ်။၁၉၈၂ကနေ အခုထိတိုင်းပြည်တာဝန်တွေကိုမနေမနားထမ်းရွက်နေရှာသူပါ။ရတဲ့လစာလေးတွေကိုမစားရက် မသောက်ရက်စုဆောင်းထားတာငွေလေးဒေါ်လာသန်း၂၅၀ ပဲစုဆောင်းမိရှာပါတယ်။သူ့ခမျာအသက်ကြီးလှပေမယ့်တိုင်းပြည်အတွက်အနားမယူနိုင်ပါဘူး။အသက်၉၂နှစ်မှာရွေးကောက်ပွဲဝင်ရှာပါတယ်။

ပေါလ်ဘီယာဟာနိုင်ငံအတွင်းမှာလူချစ်လူခင်ဘယ်လောက်များလဲဆိုတော့ သူ့သမီးဘရန်ဒါဘီယာက ဗီဒီယိုတစ်ခုရိုက်ကူးပြီးလူမှုမီဒီယာကတစ်ဆင့်တိုင်းပြည်ကိုဖြန့်ချိပါတယ်။သူ့အဖေကိုမဲမထည့်ကြပါနဲ့တဲ့။အဲဒီလိုစည်းရုံးရေးကောင်းမွန်သူပါ။

မဲခိုးတာနဲ့လူသတ်တာကတော့ထုံးစံအတိုင်းပါပဲ။

”နိုင်ငံတော်တည်ငြိမ်ရေး”ဆိုပါတော့။သူ့ပြိုင်ဖက် အစ်ဆာတချီရိုမာကတော့သူကျမ်းသစ္စာကျိန်ဆိုပြီးနောက်တစ်နေ့မှာပဲဂမ်ဘီယာနိုင်ငံကိုထွက်‌ပြေးခိုလှုံရပါတယ်။

လက်ရှိသမ္မတဘိုးဘိုးပေါလ်ဘီယာဟာအခုသမ္မတသက်တမ်းမှာသူ့အသက်၉၉နှစ်အထိတိုင်းပြည် တာဝန်တွေကိုထမ်းရွက်တော့မှာပါ။

●ထိုင်းနိုင်ငံ (၂၀၂၃)

ထိုင်းနိုင်ငံကတော့ဘယ်လာရုစ်တို့၊ကင်မရွန်းတို့လိုမဟုတ်ပါဘူး။လူကြိုက်များသူကိုအနိုင်ရခွင့်ပေးပါ တယ်။တိုင်းပြည်ကိုဦးဆောင်ခွင့်တော့မပေးပါဘူး။၂၀၂၃ အထွေထွေရွေးကောက်ပွဲမှာ၂၀၁၈မှ တည်ထောင်ခဲ့ပြီးလူငယ်တွေဦးဆောင်တဲ့Move Forward ပါတီဟာအောက်လွှတ်တော်အတွက် မဲအများစုကိုရခဲ့ပါတယ်။

ဒါပေမယ့်အနိုင်ရပါတီကိုဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကဖျက်သိမ်းခဲ့ပြီးပါတီခေါင်းဆောင်တွေကိုနိုင်ငံရေးလုပ်ခွင့်ပိတ်ပင်ခဲ့ပါတယ်။အကြောင်းပြချက်ကတော့ဘုရင့်မိသားစုကိုထိပါးစော်ကားခြင်းက ကာကွယ်တဲ့ဥပဒေ (Lese-Majeste Laws)ကိုထိပါးလို့ဖြစ်တယ်လို့ဆိုပါတယ်။

●ကမ္ဘောဒီးယား (၂၀၂၃)

ဝန်ကြီးချုပ်ဟောင်းဟွန်ဆင်ဟာကမ္ဘာ့သက်တမ်းအရှည်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ကမ္ဘောဒီးယားသမိုင်းမှာတော့အကြာဆုံးအုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။၂၀၂၃ခုနှစ်မှာတော့အမြင်မှန်ရလာပြီးလူငယ်တွေကိုမြေတောင်မြှောက်မယ်လို့ဆိုပါတယ်။ခက်တာကသူမြေတောင်မြှောက်ချင်သူကသူ့သားဟွန်မေနတ် ဖြစ်နေတာပါပဲ။မိသားစုသံယောဇဉ်ကြီးရှာပါတယ်။

ဟွန်ဆင်ရဲ့နည်းလမ်းကတော့ရှင်းပါတယ်။အဓိကအတိုက်အခံပါတီဖြစ်တဲ့Cambodia National Rescue Partyကိုမတရားသင်းကြေညာပါတယ်။ပါတီခေါင်းဆောင်ဆမ်ရိန်ဆီဟာ၂၀၁၅ကတည်းက ပြည်ပကိုထွက်ပြေးသွားခဲ့ရပါတယ်။နောက်ခေါင်ဆောင်တစ်ဦးဖြစ်တဲ့ကင်မ်ဆိုခကိုတော့ ၂၀၂၃ရွေးကောက်ပွဲမတိုင်မီမှာနေအိမ်အကျယ်ချုပ်နဲ့ထောင်၂၇နှစ်ချထားလိုက်ပါတယ်။

အလိုက်သိတဲ့တခြားအတိုက်အခံပါတီငယ်တွေရဲ့ခေါင်းဆောင်တွေကအလိုအလျောက်သူတို့ပါတီ တာဝန်တွေကနေနှုတ်ထွက်သွားကြပါတယ်။ဒါကတော့”ကမ္ဘောဒီယားနည်းကမ္ဘောဒီးယားဟန်” ရွေးကောက်ပွဲတွေဖြစ်ပါတယ်။

●ဇင်ဘာဘွေ (၂၀၂၃)

ဇင်ဘာဘွေရဲ့နည်းလမ်းကတော့ထူးခြားလှပါတယ်။ “စွန့်ဦးတီထွင်”လို့တောင်ပြောရမယ်ထင်ပါရဲ့။ အတိုက်အခံအားကောင်းတဲ့နေရာတွေမှာမဲပြားမလောက်လို့ဆိုပြီးမဲဆန္ဒရှင်တွေကိုတန်းစီစောင့်ခိုင်းလိုက်ပါတယ်။အကြောင်းပြချက်ကတော့မဲပြားတွေပုံနှိပ်တာအလျင်မမီလိုပါတဲ့။

ဒီလိုနဲ့တချို့နေရာတွေမှာမဲပေးဖို့ ၁၀ နာရီလောက်စောင့်လိုက်ရပါတယ်။ညအိပ်စောင့်ရသူတွေလည်းရှိပါတယ်။မစောင့်နိုင်တဲ့လူတွေလည်း လှည့်ပြန်ကြရပါတယ်။ ဒါတင်မကပါဘူး။ရွေးကောက်ပွဲစောင့်ကြည့် အကဲဖြတ်သူ၄၁ယောက်ကိုလည်းဖမ်းဆီးအရေးယူခဲ့ပါတယ်။

နောက်ဆုံးတော့လက်ရှိသမ္မတအမ်မာဆန်နန်ဂါဂွါပဲပြန်အရွေးခံရတာပါပဲ။

အထက်မှာဖေါ်ပြခဲ့တဲ့ရွေးကောက်ပွဲတွေကတော့ခေတ်ပြိုင်ကမ္ဘာ့နိုင်ငံရေးရဲ့ရွေးကောက်ပွဲညစ်လုံး နမူနာတွေပဲဆိုပါစို့။ အခြာနိုင်ငံတွေလည်းမနည်းမနောရှိပါတယ်။ကမ္ဘာကြီးဟာ ရွာကြီးဆိုရင်တော့ ဒီရွာဟာအတော်နေလို့မကောင်းတဲ့ရွာဖြစ်နေပါတယ်။

●ဗာမင်ဆူပရင်း (သို့မဟုတ်)ရွေးကောက်ပွဲလူရွှင်တော်

ရွေးကောက်ပွဲတွေမှာလူညစ်ပတ်တွေနဲ့စာရင်မနိုင်မှန်းသိလျက်နဲ့ဆန္ဒပြတဲ့အနေနဲ့(ဒါမှမဟုတ်)ရယ်ရွှင် ဖွယ်ဟာဒယအနေနဲ့ဝင်ပြိုင်တဲ့ကိုယ်စားလှယ်များကချစ်ဖို့လည်းကောင်းသလိုဖျော်ဖြေရေးလည်း ပြောင်မြောက်လှပါတယ်။

အမေရိကန်ပြည်ထောင်စုကရွေးကောက်ပွဲတွေမှာဝင်ပြိုင်တဲ့သူတစ်ဦးရှိပါတယ်။သူ့နာမည်က ဗာမင်ဆူပရင်းဖြစ်ပါတယ်။သူကခေါင်းမှာလည်ရှည်ဖိနပ်ကြီးကိုစွပ်၊သွားပွတ်တံအကြီးကြီးတစ်ချောင်းကိုကိုင်ပြီးစည်းရုံးရေးဆင်းလေ့ရှိပါတယ်။သူ့ရဲ့မဲဆွယ်စည်းရုံးရေးကတော့သူသမ္မတဖြစ်ရင်”သွားမတိုက်ပဲမနေရဥပဒေ”ကိုပြဌာန်းမယ်လို့ဆိုပါတယ်။

နိုင်ငံသားတွေကိုမြင်းပုတစ်ကောင်စီလက်ဆောင်ပေးမယ်လို့ဆိုပါတယ်။ အချိန်နောက်ပြန်သွားတဲ့ Time Machine ကိုစီးပြီးဟစ်တလာကိုလူကြီးမဖြစ်ခင်သွားသတ်ပေးမယ် လို့လည်းဆိုပါတယ်။COVID-19ကိုလည်းအချိန်မီသွားတားဆီးပေးမယ်လို့ဆိုပါတယ်။ လိမ်တာချင်း အတူတူ သူတပါးကိုမထိခိုက်ပဲချစ်ဖို့ကောင်းအောင်လိမ်တဲ့သူဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲကတော့လာနေပါပြီ။နေတတ်ထိုင်တတ်ဖို့တော့လိုပါတယ်။ရလဒ်ကလည်းကြိုတင်ခန့်မှန်းလို့ရတယ်လို့ပြောနေသံတွေကြားရပါတယ်။ကြိုတင်ခန့်မှန်းလို့ရတာကလည်းမြန်မာပြည်ရဲ့ လက္ခဏာတစ်ခုပါပဲ။

သီရိုဒိုရုစဗဲ့လ်ကတော့ပြောခဲ့ပါတယ်။

“မဲတစ်ပြားဟာရိုင်ဖယ်တစ်လက်လိုပဲ၊အသုံးဝင်မှုကကိုင်တွယ်သူရဲ့စိတ်နေစိတ်ထားအပေါ်မှာ မူတည်တယ်”

ပစ်မလားမပစ်ဘူးလား။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

လက်ရှိစစ်တပ်​ရွေး​ကောက်ပွဲကိုဝင်ပြိုင်ခဲ့တဲ့ပါတီ​တွေဟာ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ခွက်ခွက်လန်​အောင်ရှုံးနိမ့်ခဲ့တဲ့ပါတီ​တွေဖြစ်ကြပါတယ်။​၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်အာဏာသိမ်းဖို့​မြောက်​ပေးတဲ့ပါတီ ၃၀ ​ကျော်ထဲကအများစုပဲဝင်ပြိုင်ကြတာဖြစ်ပါတယ်။

မေးမြန်းခန်း

— ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ)

နိုင်ငံတကာ

ဂီနီယာ-ဘစ်ဆော နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ် အာဏာသိမ်းမှုဟာ တကယ့် အစစ်အမှန် မဟုတ်ဘဲ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ချင်လို့ အယောင်ပြ ဖန်တီးခဲ့တဲ့ လုပ်ဇာတ်တစ်ခုလို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (နိုဝင်ဘာ ၂၇) မှာ ပြုလုပ်ခဲ့ပါတယ်။