ရဲခေါင်/People’s Spring
မြင်ရခဲပြီး တစ်စုတဝေးတည်းရှိနေတဲ့ တိရစ္ဆာန်တွေကို ဒီသတင်းဓါတ်ပုံတွေကနေပဲ အလွယ်တကူ ကြည့်လို့ ရပါဦးမယ်။အခု ရုပ်သံမှတ်တမ်းက မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့ အနီးမှာပါ။
ကျား ၊ ခြင်္သေ့ ၊ဝက်ဝံ လေးကောင်ကို သံလှောင်အိမ်ထဲမှာ အတူတွေ့ရပါတယ် ။ကိုယ်တိုင်သွားကြည့်ချင်တယ်ဆိုရင်တော့ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ခွင့် ပြုတာ ဒါမှမဟုတ် ခရီးသွားဟန်လွှဲ ပုံစံ နဲ့ ဆို ရကောင်း ရနိုင်ပါတယ်။
လမ်းညွှန်ပါ ဆိုရင်တော့ ကော့ကရိတ် ကနေ မြဝတီ မြို့ဘက်ကို သွားတဲ့ ကြက်ဥတောင်လမ်း (ခ) သေ့ကတလမ်းပိုင်း အဆင်းတစ်နေရာမှာပါ။

Public Service Announcement
အဲဒီတိရစ္ဆာန်တွေကို လသားအရွယ်ကတည်းက တရုတ်သူဌေးတွေ မွေးထားတယ်ဆိုတာနဲ့တရုတ်တွေ နေရာပြောင်းလို့ လိုက်ပြောင်းရတယ်ဆိုတာကိုတော့ နေ့စဥ်အစာကျွေးရသူက ပြောပါလိမ့်မယ်။
တရုတ်သူဌေးတွေ ဆိုတာက အွန်လိုင်း ငွေလိမ်လုပ်ငန်း(ကျားဖြန့်) ပိုင်ရှင်တွေ ဖြစ်တယ်ဆိုတာကို တိုက် ရိုက်ရည်ညွှန်းချင်ပုံမရပေမယ့် ရွှေကုက္ကိုလ်မြို့သစ်က ပါ တဲ့။
နိုင်ငံတကာမှာ ရောင်းဝယ်ခွင့်တား မြစ်ထားတဲ့ တိရစ္ဆာန်တွေ ထဲမှာ မြဝတီရောက် တရုတ်သူဌေးတွေက ကျား မွေးတာ စိတ်အားထက်သန်ပုံရပါတယ်။
ပြီးခဲ့တဲ့လ ၂၁ ရက်က မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ရှစ်မိုင်အကွာမှာရှိတဲ့ မင်းလက်ပံရွာက ကျားဖြန့်လုပ်ငန်းနေရာကို ကရင်အမျိုးသားအစည်းအရုံး (KNU ) ရဲ့ KNLA နဲ့ပူးပေါင်းတပ်တွေ စီးနင်းဖမ်းဆီးခဲ့စဥ်တုန်းကလည်းကျားငယ် တစ်ကောင် ရခဲ့တာရှိပါတယ်။
ဒါဟာ မြန်မာ့တောင်ပိုင်းမှာ ကျားဖြန့် အပြင် တောရိုင်းတိ ရစ္ဆာန် မှောင်ခိုစျေးကွက်ပါ ကျယ်ပြန့်လာတဲ့ အခြေအနေအဖြစ် ဒီတွေ့ရှိမှုတွေက သက်သေအပိုင်းအစတစ်ခု ဖြစ်နိုင်ပါလိမ့်မယ်။ဒါအပြင် လူမျိုးရေး၊နိုင်ငံရေး ခွဲခြားပြောတာမဟုတ်ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံသားအချို့ဟာ တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်စားသုံးတာ ၊ ဆေးဖက်ဝင်တယ်ဆိုပြီး အသုံးပြုတဲ့အလေ့အထကလည်းများပါတယ် ။ ကျားဖြန့်လုပ်ငန်းအဓိက ပဲ့ကိုင်ရှင် တရုတ်နိုင်ငံသားထောင်သောင်းချီ မြန်မာနယ်စပ်မှာ ရောက်နေပြီး ကမ္ဘာတစ်ဝန်းပက်လိမ်လည်ထားတဲ့ငွေတွေနဲ့ အိတ်ဖောင်းနေတဲ့အခြေအနေမှာ လူတွေတင်မကပဲ တောထဲက သားရဲတိရစ္ဆာန်တွေ ဘယ်လိုအဖြစ်ကြုံနိုင်လဲဆိုတာ အလွယ်သိနိုင်ပါတယ်။မသိဘူးဆိုရင် သံလှောင်အိမ်ထဲက ကျားနှစ်ကောင် ၊ ခြင်္သေ့တကောင် နဲ့ ဝက်ဝံတွေရဲ့အဖြစ်ကို တချက်ကြည့်ပေးစေလိုပါတယ် ။
မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်တာနဲ့ လူကုန်ကူးမှုတွေပြီးရင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်တာဟာ စတုတ္ထမြောက် ပြစ်မှုအကြီးဆုံးအဖြစ် ကမ္ဘာ့နိုင်ငံအများစုက သတ်မှတ်ထားပါတယ်။
ကမ္ဘာ့သဘာဝပတ်ဝန်းကျင်အဖွဲ့ တွေ ရဲ့အချက် အလက်ကို စုဆောင်းထားတဲ့ World Population Reviewရဲ့ နိုင်ငံအလိုက် ၂၀၂၅ခုနှစ် “ကျား ” စစ်တမ်းမှာ မြန်မာ နိုင်ငံ ဟူးကောင်ချိုင့်ဝှမ်း၊ထမံသီ နဲ့ တနသ်ာရီတော တွေထဲ ကျား ၂၂ ကောင်ကိုပဲမှတ်တမ်းတင်လို့ရတယ်ဆိုတာ ဖော်ပြထားပါတယ်။
ဒီအချက်အလက်က ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝအတိုင်း ရှင်သန်တဲ့ ကျား ၆၃ ကောင်တိတိ လျော့နည်းသွားတာမျိုးပါ။လျစ်လျူရှုတာတွေ ဆက်ဖြစ်မယ်ဆိုရင် လာအို နဲ့ ဗီယက်နမ် နိုင်ငံတွေလို ကျား မျိုးသုန်းမယ့် အခြေအနေ ရင် ဆိုင်ရနိုင်ပါတယ်။
ခြောက်နှစ်ကြာ လျှို့ဝှက်စုံစမ်းထားတဲ့ နယ်သာလန်အခြေစိုက် သဘာဝတောရိုင်းတိရိစ္ဆာန်ဆိုင်ရာ တရားရေးကော်မရှင်(WJC)ရဲ့ ၂၀၂၂ ခုနှစ် အစီ ရင်ခံစာမှာဆို မြန်မာ နိုင်ငံဟာ အာရှကိုဗဟိုပြုပြီး ကျား အပါအဝင် သဘာဝ တောရိုင်းတိရစ္ဆာန် မှောင်ခိုစျေးကွက် ဖြစ်နေပါတယ်။
အထူးသဖြင့် မုတ်ဆိတ်မွှေး ကိုပါ ရောင်းလို့ရတဲ့မှောင်ခိုစျေးကွက်မှာ ကျားတစ်ကောင်လုံး ရဲ့ အစိတ်အပိုင်းအားလုံးက စျေးကွက်ပေါ်မူတည်ပြီး ငွေ ကြေး အမြတ်အစွန်းကြီးပါတယ်။
အဆောင်၊ဖန်စီ အဖြစ် အသုံးများတဲ့ ကျားအစွယ်တချောင်းက အရွယ်အစားပေါ်မူတည်ပြီး ဒေါ်လာ ၁၅၀ ကနေ ၄,၀၀၀ နီးပါး(မြန်မာငွေ သိန်း ၈၀ ကျော်) ပေးရမှာပါ။
အရွယ်ရောက်ပြီးကျားအရှင်တစ်ကောင်ကို ဒေါ်လာ ၆၀,၀၀၀ ဝန်းကျင်(သိန်း ၂,၄၀၀ ကျော်)ရှိပါတယ်။အရှင်နဲ့ အသေ စျေးက ငါးပုံတစ်ပုံ ကွာပါတယ်။
ငွေဘယ်လောက်ရရ လိမ်ရတဲ့ အွန်လိုင်းလုပ်ငန်းတွေနဲ့အတူ တောရိုင်းတရိစ္ဆာန်တွေပါ တွေ့နေတာက အံ့သြစရာမဟုတ်ပေမယ့် နိုင်ငံတကာစည်းမျဥ်းတစ်ခုကို ကွင်းဆက် ချိုးဖောက်မှု အသစ်တစ်ခုပါပဲ။
ကျားဖြန့် အလုပ်သမားတွေကို သောင်ရင်းမြစ်ဘေးစွန့်ပစ်ခဲ့ပေမယ့် မွေးထားတဲ့ သတ္တဝါ တွေကိုတော့ တရုတ်လုပ်ငန်းရှင်တွေကမထားခဲ့ကြပါဘူး။
တဆက်တည်းမှာပဲ သူတို့အတွက် ဒေါ်လာသန်းနဲ့ချီ ရွှေဥ ဥပေးနေတဲ့ ကျားဖြန့်သူဌေးတွေကို စစ်တပ်နဲ့ BGF က တရုတ်ငန်း အဖြစ် ရှုမြင်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်တလျောက်က မြန်မာဘက်ခြမ်းမှာ ကျားဖြန့်လုပ်ငန်း ၄၇ ခုမှာ အများစုက စစ်တပ်လက်အောက်ခံ BGF တပ်ရဲ့ ထိန်းချုပ်နယ်မြေ တွေမှာ ဖွင့်ထားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်ချမ်းရေး အင်စတီကျူ(USIP)ရဲ့ စောင့်ကြည့်မှုတွေအရ မြဝတီ ကျားဖြန့် လုပ်ငန်းတွေက ကမ္ဘာတဝန်းလိမ်လည်မှုတွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံ ထိ ရနေပါတယ်။
အဲဒီအကျိုးအမြတ်တွေကနေ သီရိပျံချီဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်-BGF ဆီကို ဒေါ်လာသန်း ၇၀၀ ကျော် စီးဝင်နေပါတယ်။တဝက်က စစ်ခေါင်းဆောင်တွေကို ပဏ္ဍာဆပ်ရပါတယ်။
အကျိုးဆက်ကတော့ နိုင်ငံသားတွေကို နေ့စဥ်အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်က သူ့ကိုထောက်ခံတဲ့ ဒေါက်တိုင်တွေကို ပေါပေါသီသီပေးနေတဲ့ သီရိပျံချီဘွဲ့ကို BGF ခေါင်းဆောင် စောချစ်သူက ၂၀၂၂ ခုနှစ်က ရခဲ့ပါတယ်။ ဒီဘွဲ့ဟာ သွေးဆာနေတဲ့စစ်တပ်က သူ့တပည့်တပန်းတွေကို ချည်ပေးတဲ့လည်ပတ်အဖြစ် ပြည်သူတွေကပြောကြပါတယ်။
KK Park နဲ့ ရွှေကုက္ကိုလ် က ကျားဖြန့် အဆောက် အအုံတွေကို ရုပ်ရှင်ဆန်ဆန် နှစ်ဦးသဘောတူ ဖျက် ဆီးပြတာကလည်း ကျားဖြန့် အရေး အမေရိကန်ရဲ့ အာရုံစိုက်လာမှုကို လတ်တလော ရှောင်လွှဲချင်တာလို့ပဲ မှတ်ယူရပါလိမ့်မယ်။
မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ပြောဆိုမှုတွေအရ ဆိုရင် ရွှေကုက္ကိုလ်နဲ့ ၁၀ မိုင်ခန့်အကွာ သစ်ကတေ့ ကျေးရွာမှာရှိတဲ့ BGF သင်တန်းကျောင်းအနီးမှာ အဆောက်အဦးသစ်တွေ တိုးထွက်နေပါပြီ။
ဒါဟာ ကျားဖြန့် နေရာသစ်လို့ ယူဆပါတယ်။ဒါမှမဟုတ် အကျိုးမြတ်ကြီးကြီးရနေတဲ့ အိမ်ပြောင်း၊အိမ်ရွှေ့ ကန်ထရိုက် နှစ်ဦးရဲ့ ငွေရပေါက် နောက်တနေရာပါပဲ။
ဒါကိုမှ စစ်တပ်နဲ့ BGF တို့ရဲ့ ကျားဖြန့် နှိမ်နှင်းရေးကို ယုံကြည်ကြမယ်ဆိုရင် ကျီးအာသီးကို အပေါ်ယံကြည့်မိသူတွေလိုပဲဖြစ်ပါလိမ့်မယ်။ ကျီးအာသီးတွေရဲ့ အပေါ်ယံကြည့်ရင်အတော် လှပ လှပါတယ်။ ဒါပေမယ့် ခွဲပြီးအတွင်း ကြည့်လိုက်မယ်ဆိုရင်တော့ ဘယ်လောက်ရုပ်ဆိုးတယ် ဆိုတာအလွယ်သိနိုင်ပါတယ်။ ။



















































