Connect with us

Hi, what are you looking for?

အတွေးအမြင်

အဂတိနွံထဲက မြန်မာ

မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ် ဆိုတာ ရောဂါတခုလို အမြစ်တွယ်နေတာ ကြာပါပြီ။

အဂတိလိုက်စားတဲ့ ပြဿနာဟာ နိုင်ငံဖွံ့ဖြိုးရေးကို ဟန့်တားရုံတင်မကဘဲ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝ တရပ်လုံးကိုပါ ဝါးမြိုဖျက်ဆီးနေတဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

-မစ်ချယ် ​ရေးသားသည်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ် ဆိုတာ ရောဂါတခုလို အမြစ်တွယ်နေတာ ကြာပါပြီ။

အဂတိလိုက်စားတဲ့ ပြဿနာဟာ နိုင်ငံဖွံ့ဖြိုးရေးကို ဟန့်တားရုံတင်မကဘဲ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝ တရပ်လုံးကိုပါ ဝါးမြိုဖျက်ဆီးနေတဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ(ဖေဖော်ဝါရီ)က ထုတ်ပြန်လာတဲ့ ၂၀၂၅ ခု အတွက် အဂတိလိုက်စားမှု အညွှန်းကိန်း (CPI) အစီရင်ခံစာကို ကြည့်လိုက်ရင် မြန်မာဟာ ဘယ်လောက်အခြေနေဆိုးပြီလဲ ဆိုတာ သိရမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အညွှန်းကိန်းအတွက် အမှတ် ၁၀၀ မှာ ၁၆ မှတ်ပဲ ရပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံထဲမှာ အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ မြန်မာရဲ့နောက်မှာ ၁၁ နိုင်ငံပဲ ကျန်တော့တာပါ။ ဒီကိန်းဂဏန်းတွေ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေဟာ ဘယ်လောက်တောင် ဆိုးရွားနေသလဲဆိုတာကို သိသာ ထင်ရှားစေပါတယ်။

●အဂတိလိုက်စားမှု အညွှန်းကိန်း(CPI-Corruption Perceptions Index)အစီရင်ခံစာဟာ ကမ္ဘာနိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့် အကဲဖြတ်နေတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(Transparency International) က နှစ်စဥ် ထုတ်ပြန်တာ ဖြစ်ပါတယ်။

တကယ်တော့မြန်မာနိုင်ငံဟာ၂၀၁၁ ခုကနေ၂၀၂၀ခုအထိ ရွေးကောက်ခံအစိုးရနှစ်ဆက် လက်ထက်မှာ အဂတိလိုက်စားမှုအညွှန်းကိန်းဟာ အဆင့် ၁၄၀ ဝန်းကျင်လောက်မှာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခု နောက်ပိုင်းမှာတော့ ညွှန်းကိန်းအဆင့်တွေဟာ တရှိန်ထိုး ကျဆင်းသွားတော့တာပါပဲ။ အာဆီယံဒေသတွင်းမှာရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ နှိုင်းယှဉ်ရင် မြန်မာ့အခြေအနေက အဆိုးဆုံး ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက အစိုးရအဆက်ဆက်ဟာ အဂတိတိုက်ဖျက်ရေးအတွက် အထူးဥပဒေတွေ ထုတ်၊ ကော်မရှင်တွေ ဖွဲ့ ခဲ့ကြပေမယ့် ဘာလို့ အဂတိနွံ ဝဲဂယက်ထဲက ရုန်းမထွက်နိုင်ရတာလဲ။ ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ကြတာလဲ။

အဖြေကတော့ အဲဒီအဖွဲ့အစည်းတွေဟာ အာဏာရှိသူတွေရဲ့ လက်အောက်ခံ ဖြစ်နေပြီး အမှီအခိုကင်းကင်းနဲ့ မလုပ်ဆောင်နိုင်လို့ပဲ ဖြစ်ပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတွေဟာသာမန်အောက်ခြေပမွှားဝန်ထမ်းငယ်တွေကိုပဲ အရေးယူပြီး၊ထိပ်ပိုင်းအရာရှိကြီးတွေရဲ့ကြီးမားတဲ့လာဘ်ပေးလာဘ်ယူမှုတွေကို မျက်ကွယ်ပြုနေသမျှတော့ အညွှန်းကိန်းဟာ တက်လာဖို့ မလွယ်ပါဘူး။

စစ်မှန်တဲ့ အဂတိတိုက်ဖျက်ရေး ဖြစ်ဖို့ဆိုရင် အာဏာရှိသူကိုပါ ရဲရဲဝံ့ဝံ့ စစ်ဆေးနိုင်တဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိရပါမယ်။ နောက်ပြီး လူအပေါ်မှာပဲ အားကိုးနေရတဲ့ စနစ်ထက် ဒစ်ဂျစ်တယ်စနစ်ကို အသုံးချဖို့ လိုပါတယ်။ အဂတိလိုက်စားတယ်ဆိုတာ ရှက်စရာဖြစ်တယ် ၊ရာဇဝတ်မှုဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်​တွေ ငယ်စဥ်ကတည်းက တာလည်သ​ဘော​ပေါက်​အောင် အ​ခြေခံအဆင့်ပညာ​ရေးမှာကတည်းကသင်​ပေးရပါမယ်။အခုက​တော့ ဘယ်နှစ်ပွင့်ဖြစ်ရင် ၊ဘယ်​နေရာ​ရောက်ရင် တိုက်ဘယ်နှစ်လုံး ၊ကားဘယ်နှစ်စီးစာခိုးရတယ်ဆိုတာမျိုး စကား​တွေက မျိုးဆက်သစ်​တွေ အတွက်ယဥ်ပါး​နေတဲ့ အ​ခြေအ​​​နေဖြစ်ပါတယ်။

အခုက​တော့ စစ်တက္ကသိုလ်​တွေက​နေ ဦး​နှောက်​ဆေးခံရတဲ့ စစ်သား​တွေက အရာအားလုံးတက်​မြောက်တယ်ဆိုပြီး ​နယ်ပယ်အစုံမှာ ဝင်ပြီး ​ငွေရဖို့ ၊ရာထူးတိုးဖို့ ဦးစား​ပေးလုပ်ကြတဲ့အခါ စနစ်အားလုံဟာပျက်သွားပါ​တော့တယ်။အဲလို အကျင့်ပျက်စစ်သား​တွေရယ် ၊စစ်သား​တွေနဲ့​ပေါင်းပြီးဂွင်ရိုက်စားတဲ့ ခရို​နီ​တွေ ၊လုပ်ငန်းရှင်​တွေက စီးပွား​ရေးလုပ်ငန်း​တွေမှာ လွတ်လပ်စွာယှဥ်ပြိုင်လုပ်ကိုင်ခွင့်ကို ​ကြောက်ကြပါတယ် မုန်းကြပါတယ်။သူတို့က လျှပ်စစ်မီးဖြတ်ပြီး ဆိုလာ​ရောင်းတာမျိုး ၊စက်သုံးဆီ​ဈေးကြီးဝယ်ရခက်​အောင်လုပ်ပြီး လျှပ်စစ်ကား​ရောင်းတာမျိုး ၊ စားအုန်းဆီဝယ်ရ​ခက်​အောင်လုပ်ပြီး ​မှောင်ခို​ရောင်းတာမျိုး ၊ ​နေစရာမရှိတဲ့ဆင်းရဲနွမ်းပါးသူ​တွေကိုကျူး​ကျော်ဆိုပြီး ​မှောင်းထုတ်​မြေကွက်​ရောင်းစားတာမျိုး ၊နိုင်ငံကူးလက်မှတ်ထုတ်တာကိုခက်​အောင်လုပ်ပြီး ​ငွေပုံ​ပေးမှလွယ်​​အောင်မျိုး​တွေကို မှ ကြိုက်နှစ်သက်ကြတာပါ။

ဒါ​ကြောင့် စစ်တပ်လက်​အောက်မှာ စစ်တပ်ခန့်အုပ်ကြီး​တွေ​​တောင် ​နေစရာအိမ်မရှိ ၊ကိုယ်ပိုင်ကားမရှိတဲ့ဘဝ​တွေက​နေ နှစ်ပိုင်းအတွင်း တိုက်ကြီး​တွေ​ဆောက် ၊ကား​တွေအများကြီး ပိုင်တဲ့ဘဝကို အချိန်တိုအတွင်း​​ရောက်ကုန်ပါတယ်။ ဒီလို​ခေတ်၊ စနစ် မှာ အဂတိတိုက်ဖျက်​ရေးအ​ကြောင်း​ပြောရတာက​တော့အ​တော်ဂွကြလှပါတယ် ။ ​ကောင်း​ပေညွန်​ပေဆိုတဲ့ စီးပွား​ရေးဂွင်တိုင်းကို ​အောင်ပြည်စုံ နဲ့ ခင်သီရိသက်မွန်ကို လုပ်ခိုင်းပြီး အာဏာအတူသိမ်းဖက်​တွေကို​တောင် လာဘ်စားတယ်ဆိုပြီး ဖမ်းဆီး​ထောင်ချ​နေတဲ့ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်နဲ့စစ်ဗိုလ်ချုပ်​တွေ လက်ထက် လာဘ်စား​မှုတိုက်ဖျက်​ရေးဆိုတာတကယ်​တော့ ဖား​ခေါင်း​တွေလုပ်မယ့် ပြည်တန်ဆာတိုက်ဖျက်​ရေးစီမံကိန်းလိုပဲဖြစ်​နေမှာပဲဖြစ်ပါတယ် ။

​ခေတ်စနစ် ​ကောင်းလာလို့ အဂတိတိုက်ဖျက်​ရေးတကယ်လုပ်ကြမယ်ဆိုရင်​တော့ အခွန်ဆောင်တာ၊ လိုင်စင်လျှောက်တာတွေကို Online Banking နဲ့ Digital Payment တွေကနေပဲ တိုက်ရိုက်လုပ်ဆောင်နိုင်ရပါမယ်။ လူနဲ့လူ တိုက်ရိုက်တွေ့ပြီး ငွေပေးချေနေရသရွေ့ လာဘ်ပေးလာဘ်ယူမှုက ရှိနေဦးမှာပါ။ စင်ကာပူလို နိုင်ငံမျိုး အောင်မြင်တာဟာ နည်းပညာကို အခြေခံတဲ့ ပွင့်လင်းမြင်သာတဲ့ စနစ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာ့အုပ်ချုပ်ရေးယန္တရားအတွင်းမှာ အာဏာကို ကိုယ့်ရဲ့ရပိုင်ခွင့်လို့ သတ်မှတ်ပြီး အဂတိလိုက်စားနေတဲ့ အရာရှိတွေဟာ စစ်ဘက်မှာရော၊အရပ်ဘက်မှာပါ ထုနဲ့ထည်နဲ့ ရှိနေခဲ့ပါတယ်။ ဒါ့အပြင်အခွင့်အာဏာကိုအသုံးချပြီးစစ်ဘက်ကနေ အရပ်ဘက်ကိုရောက်လာတဲ့မိုးကျရွှေကိုယ်တွေဟာလည်း အဂတိလိုက်စားတဲ့အလွှာထဲမှာ ထိပ်ဆုံးက ပါနေ ပါတယ်။

အာဏာကို ကိုယ့်ရဲ့ရပိုင်ခွင့်လို့ သတ်မှတ်ပြီး အဂတိလိုက်စားနေတဲ့ ပြဿနာဟာနှစ်ပေါင်းများစွာ ကြာတိုင်လာသည်အထိ အဖြေသာသိပြီးဖြေရှင်းနည်းမရှာနိုင်သေးတဲ့ပုစ္ဆာတပုဒ်လိုဖြစ်နေပါတယ်။

အဲ့ဒီပုစ္ဆာကို မဖြေရှင်းနိုင်သေးသမျှ အဂတိလိုက်စားမှု အညွှန်းကိန်းအဆင့် လျော့ကျရေး အိပ်မက်ဟာလည်း ဝေးနေဦးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အဂတိနွံထဲက ရုန်းထွက်ဖို့ဆိုတာ နာမည်ခံအဖွဲ့အစည်းတွေရှိနေရုံနဲ့မရပါဘူး။ တရားစီရင်ရေးကို အာဏာလွှမ်းမိုးမှုကနေ ကင်းလွတ်အောင် လုပ်ရပါ့မယ်။အာဏာရှိသူတွေရဲ့ ကြွယ်ဝမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင်တဲ့ စနစ်မျိုး တည်ဆောက်နိုင်ရပါ့မယ်။ အခွန်အခကောက်ခံတဲ့စနစ်ကို Digital Payment စနစ်ကိုအလုံးစုံပြောင်းလဲရပါ့မယ်။

အာဏာကိုကိုယ့်ရဲ့ရပိုင်ခွင့်လို့သတ်မှတ်ပြီးမတရားအဂတိလိုက်စားနေတဲ့ စစ်ဘက်၊ အရပ်ဘက် အရာရှိတွေနဲ့မိုးကျရွှေကိုယ်တွေကိုတဖြည်းဖြည်းချင်း လျော့နည်း ပပျောက်သွားအောင် လုပ်ဖို့လိုပါတယ်။အထူးသဖြင့် အရပ်ဘက်အုပ်ချုပ်ရေးယန္တရားကို စစ်ဘက်ဩဇာလွှမ်းမိုးမှုကနေ ကင်းစင်အောင် လုပ်ဆောင်ရပါမယ်။

အဲ့ဒါတွေ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေမလုပ်နိုင်သေးသမျှ မြန်မာဟာ အဂတိနွံထဲကနေ ထွက်လာဖွယ်ရာ မရှိသလို အဂတိလိုက်စားမှု အညွှန်းကိန်း အဆင့်ဟာလည်း အောက်ဆုံးမှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...