ဝဇီရာ/People’s Spring
ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ “အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ”အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။
အဝေးရောက် အနုပညာရှင်တွေဟာ ကျွန်တော်တို့နိုင်ငံအတွက်ကျရာကဏ္ဍကနေ ဆက်လက်တာဝန်ယူပေးနေကြတာ မကြာခဏ မြင်တွေ့ရလို့ ကျေနပ်မိပါတယ်။ အဲဒီပွဲမှာ ထပ်ပြီး ကျေနပ်စရာတစ်ခု ထပ်တွေ့ရပါတယ်။ အဲဒါကတော့ ဇာတ်ပို့အနုပညာရှင် မအေးအေးခိုင်တစ်ယောက် ပြည်တော်ဝင်သီချင်းမှာ ကပြဖျော်ဖြေခဲ့တာပါ။
မအေးအေးခိုင်ဟာ မောင်နှမသုံးယောက်ရှိတဲ့အနက်အငယ်ဆုံးပါ။မအေးအေးခိုင်ရဲ့ခင်ပွန်း ဟာ သားလေး (၆) နှစ်သား အရွယ်မှာကတည်းက ဆုံးပါးသွားခဲ့တာပါ။ မအေးအေးခိုင်ရဲ့ အကိုတွေအမတွေကလည်း ပြည့်စုံကြတယ်။ ဒါပေမယ့် မအေးအေးခိုင် ပေါ့ပေါ့လေး မနေခဲ့ပါဘူး။

Public Service Announcement
မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ပို့သရုပ်ဆောင်တွေထဲ ကားရိုက်များသူတွေထဲ ပါဝင်တဲ့ မအေးအေးခိုင်ဟာ ငွေကိုကြိုးစားရှာ၊ ချွေတာစုပြီး သားလေး ကျောင်းစရိတ် ရှာဖွေခဲ့တယ်လို့ သိရတယ်။ အကိုအမတွေရဲ့ စောင့်ရှောက်မှု၊ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ သားလေးကို အမေရိကန်ပြည်ထောင်စုမှာ ကျောင်းထားခဲ့တယ်။
အနုပညာလုပ်ငန်းတွေပါ ရပ်ဆိုင်းခဲ့ရတဲ့ ကိုဗစ်ကာလမှာ မအေးအေးခိုင်ဟာ လက်ဖက်လည်းရောင်းခဲ့တယ်။ အာလူးကြော်လည်း ရောင်းခဲ့တယ်။ ဆန်လည်းရောင်းခဲ့တာပဲ။ သူက စျေးရောင်းတာကို ဝါသနာပါခဲ့တာ။
ဒီကာလအတွင်း မအေးအေးခိုင် ပျောက်နေခဲ့တာ ကြာပါပြီ။ မအေးအေးခိုင်ဟာ ဒီကာလအတွင်းမှာပဲ အမေရိကန်မှာ ကျောင်းတက်နေတဲ့ သူ့သားလေးဆီ သွားရောက်နေထိုင်ခဲ့တာလို့ သိရတယ်။ ပြန်ပေါ်လာတဲ့အချိန်မှာတော့ မအေးအေးခိုင်ဟာ ပရိသတ်တွေကို Surprise အကြီးကြီး တိုက်သွားခဲ့တာပါ။
အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာ မအေးအေးခိုင်ဟာ သဇင်ပန်းတွေဝေနေအောင်ပန်ပြီး အနီရဲရဲမင်းသမီးဝတ်စုံလေးနဲ့ ပြည်တော်ဝင်သီချင်းမှာ ကပြခဲ့ပါတယ်။ အမကပြနေတာလေး ကြည့်ရင်း မျက်ရည်ဝဲခဲ့ရပါတယ်။ ကြည်နူးလိုက်တာ။ ကျေနပ်လိုက်တာ။ ကျေးဇူးတင်လိုက်တာ။
တကယ်ဆို မိသားစုဝင်တွေကလည်း အဆင်ပြေကြတဲ့သူတွေ။ လွတ်ရာကျွတ်ရာနေရာမှာ မအေးအေးခိုင်တစ်ယောက် အေးအေးဆေးဆေး နေမယ်ဆို နေခွင့်ရတဲ့အနေအထားပါ။ ဘယ်သူကမှလည်း ဘာမှပြောမှာမဟုတ်ပါဘူး။ ဒါပေမယ့် မအေးအေးခိုင် မနေခဲ့ပါဘူး။ ပြည်သူတွေဟာ သူတို့ချစ်ခဲ့အားပေးခဲ့ရတဲ့ မအေးအေးခိုင်ကို ခုလိုပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တာကို မြင်တွေ့လိုက်ရတာကို အံ့သြကြတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ နောက်ပြီး ကျေးဇူးတွေပါ တင်ခဲ့ကြပါတယ်။
မအေးအေးခိုင်ရေ။ ဒီကာလဟာ ပြည်သူတွေကိုအကြမ်းဖက် ဖိနှိပ် ရက်စက်နေတဲ့ စစ်တပ်ကို ပူးပေါင်းနေကြတဲ့၊ ပြည်သူတွေ ဒုက္ခတွေရောက်နေချိန် ပြည်သူ့မျက်နှာ တစက်လေးမှ မထောက်ကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်တွေကြောင့် ကျွန်တော်တို့ ပြည်သူတွေအတော်လေးအသည်းကွဲခဲ့ရတဲ့ကာလကြီးပါ။ ပြည်သူတွေအားပေးခဲ့လို့ တောက်ကြွားခဲ့ရတဲ့ အနုပညာရှင်တွေဟာ မိုးထဲရေထဲလည်းရောက်ရော ပြည်သူ့မျက်နှာကိုမကြည့်တော့ဘဲ စစ်တပ်ဘက်ကနေ ပြည်သူကို စော်ကားနေကြတာများ ရက်ရက်စက်စက်ပါ။
မအေးအေးခိုင်တို့လို ပြည်သူ့မျက်နှာ ကြည့်ပေးကြတဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာရှင်တွေရှိနေသေးတာ ကျနော်တို့ ဝမ်းမြောက်ဂုဏ်ယူပြီး အားတက်ရပါတယ်။
မအေးအေးခိုင်ရေ။ မအေးအေးခိုင်ရဲ့ အနုပညာသက်တမ်း နှစ်ပေါင်း သုံးဆယ်ကျော်မှာပေါ့။နှစ်သုံးဆယ်ကျော်ကာလအတွင်း မအေးအေးခိုင် ဇာတ်ပို့ပေးခဲ့တဲ့ ဇာတ်ကားပေါင်း ထောင်ချီ ရှိမှာပါ။ မင်းသမီး သူငယ်ချင်းအခန်း၊ အိမ်အကူခန်း၊ အဒေါ်အခန်း၊ အမအခန်း အမျိုးစုံံပေါ့။ မအေးအေးခိုင် ဇာတ်ပို့ပေးခဲ့လို့ ဇာတ်ကားတွေ ပိုပြီး ဇာတ်ရှိန်တက်သွားစေခဲ့မှာ အမှန်ပါ။
အခုလည်း မအေးအေးခိုင်ဟာ ကျရာနေရာကနေ ဇာတ်ပို့ပေးခဲ့တာပါ။ ဒါပေမယ့် ဒီတခါ ဇာတ်ပို့ပေးလိုက်တာက သာမန်ရုပ်ရှင်ဇာတ်ကားတစ်ကား မဟုတ်ပါဘူး။ မအေးအေးခိုင်ရဲ့သားလေးတွေလို လူငယ်ပေါင်းမြောက်များစွာရဲ့အနာဂတ်အတွက်ကြီးစွာသောအပြောင်းအလဲတွေ ကြုံရမယ့် ခေတ်တခေတ်ကိုရောက်ဖို့ အကောင်းဆုံး ဇာတ်ပို့ပေးခဲ့လိုက်နိုင်တာပါ။
ကျေးဇူးများစွာ တင်ရပါတယ် အမရေ။ အမကခဲ့တဲ့သီချင်းလေးထဲလိုပဲ အခါတော်ရောက်ချိန်လည်း နီးလာပြီမို့ အတူတူ ပျော်ပျော်ပါးပါး ပြည်တော်ဝင်ကြရအောင်နော်။



















































