Connect with us

Hi, what are you looking for?

အတွေးအမြင်

ပွဲတော်ရဲ့ အလင်းရောင်နဲ့ စစ်ဘေးရဲ့အမှောင်

“မြစ်အနောက်ဘက်ကစစ်ဘေးကနေမကွေး၊ တောင်ကြီး၊မန္တလေးအထိ—ရိုးရာပွဲတော်တွေ ဘယ်သူ့အတွက် စည်ကားနေကြသလဲ”

နောင်နောင်​ ရေးသားသည်။

မကြာခင်အချိန်မှာ သီတင်းကျွတ်အချိန်အခါကို ရောက်ပါတော့မယ်။ မကွေးမြို့မှာလည်း မြသလွန်ဘုရားပွဲ‌တော်ကျင်းပဖို့ ပြင်ဆင်‌နေကြပါတယ်။ ခုလိုအချိန်ရောက်တိုင်း တစ်ချိန်ကမြသလွန်ဘုရားပွဲဆိုတာမကွေးမြို့ရဲ့ ပွဲတော်တစ်ခုတည်းသာ မဟုတ်ခဲ့ပါဘူး။ အညာဒေသတစ်ခုလုံးရဲ့ အနံ့အသက်ကို သယ်ဆောင်လာတဲ့ ပွဲတော်တစ်ခု ဖြစ်ခဲ့ပါတယ်။

မကွေးမြို့သားတွေအတွက် မြသလွန်ဘုရားပွဲဟာ ဘုရားဖူးဖို့သက်သက် ကျင်းပတဲ့ပွဲတော်တခုတင်သာမက ကလေး၊ လူငယ်၊ လူကြီး မရွေး တစ်နှစ်တစ်ကြိမ် စောင့်မျှော်ခဲ့ကြတဲ့ အညာဒေသရဲ့ လူထုဘဝနဲ့ ချိတ်ဆက်နေတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က ကုန်သည်တွေလာရောက်ရောင်းချကြပြီးအညာစဉ့်အိုးကြီးတွေ၊ မြေထည်ပစ္စည်းတွေ၊ အိုးပုတ်၊ ချိုးရုပ်တွေ၊ ထမနဲ၊ ကရေကယာနဲ့ အညာမုန့်မျိုးစုံကို ဝယ်ယူနိုင်ခဲ့ကြပါတယ်။ တစ်နှစ်လုံး လယ်ယာလုပ်ငန်းခွင်ထဲမှာ ပင်ပန်းခဲ့ကြတဲ့ အညာတောင်သူတွေအတွက်လည်း မြသလွန်ဘုရားပွဲဟာ ဘုရားဖူးရင်း၊ ဈေးဝယ်ရင်း၊ ဇာတ်ပွဲကြည့်ရင်း ပင်ပန်းမှုကို ဖြေဖျောက်နိုင်တဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။မကွေးမြို့အနီးအနား ရွာတွေက နွားလှည်းတွေနဲ့ ရက်ရှည် ပွဲတော်လာကြသူတို့ကလည်း သူတိာ့အတွက်နေရာသီးသန့်မှာ ချက်ပြုတ်စားသောက်ကြရင်း အညာဘုရားပွဲကို အသက်ဝင်စေခဲ့တာ။

Public Service Announcement

Public Service Announcement

ကလေးတွေအတွက် ပျော်စရာ။ လူငယ်တွေအတွက် ဆုံစည်းရာ။ လူကြီးတွေအတွက် ရိုးရာဓလေ့ကို ပြန်လည်ခံစားရာ။ ဈေးသည်တွေအတွက်တော့ တစ်နှစ်တာ ဝင်ငွေရှာဖွေနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒါပေမဲ့ ဒီနေ့ မြသလွန်ဘုရားပွဲမှာ အဲဒီအဓိပ္ပာယ်တွေထဲက ဘယ်လောက်ကျန်ပါသေးသလဲ။

မကွေးမြို့ထဲကို အခုချိန် ဝင်လာတဲ့သူတစ်ယောက်အနေနဲ့ ကြည့်ရင် မြို့ဟာ အေးချမ်းနေသယောင် မြင်ရနိုင်ပါတယ်။ လမ်းတွေပေါ်မှာ လူတွေသွားလာနေကြတယ်။ ဆိုင်တွေဖွင့်ထားတယ်။ လဖက်ရည်ဆိုင်တွေ ထိုင်‌နေကြတယ်။ဘုရားပွဲအတွက်ဆိုင်ခန်းတွေ ဆောက်နေတယ်။ မြို့ရဲ့ ပုံမှန်ဘဝ ပြန်လည်လည်ပတ်နေသလို ပုံရိပ်ကို ဖန်တီးနေပါတယ်။

ဒါပေမယ့် ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းကို လှမ်းကြည့်လိုက်ရင် မြင်ကွင်းက မတူတော့ပါဘူး။ အဲဒီဘက်မှာ စစ်ကြောင်းထိုးမှုတွေ၊ တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေအိမ်နဲ့ ကျေးရွာတွေ ထိခိုက်ပျက်စီးမှုတွေကြားမှာ နေထိုင်နေရတဲ့ ပြည်သူတွေ ရှိနေပါတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း ရှိပါတယ်။

မြို့ပေါ်က မီးရောင်တွေရဲ့ နောက်ကွယ်မှာ မြို့နဲ့ မိုင်အနည်းငယ်၊ မြစ်တစ်ဖက်ကမ်းမှာ စစ်ဘေးရှောင်နေရတဲ့ မိသားစုတွေ ရှိနေပါတယ်။ တစ်နေရာမှာ ဘုရားပွဲအတွက် ဆိုင်ခန်းတွေ တည်ဆောက်နေချိန်တစ်နေရာမှာတော့ ကိုယ့်အိမ်ကိုယ် မီးလောင်မလား၊ စစ်ကြောင်း ရောက်လာမလား၊ လေယာဉ်လာမလားဆိုတဲ့ စိုးရိမ်မှုနဲ့ နေထိုင်နေရသူတွေ ရှိနေပါတယ်။

ဒီအခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အစိုးရအဖွဲ့က မြို့ပေါ်က ပွဲတော်တွေကို ပုံမှန်ထက် ပိုမိုစည်ကားသိုက်မြိုက်အောင် ကျင်းပဖို့ကြိုးစားနေပါတယ်။ဒါဟာရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ကြိုးပမ်းတာလား။ ပြည်သူတွေ ပုံမှန်ဘဝ ပြန်ရောက်နေပြီဆိုတဲ့ ခံစားချက်ပေးဖို့ ကြိုးစားတာလား။ ဒါမှမဟုတ် မြို့ပြင်က စစ်ဘေး၊ ပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို မြို့ပေါ်က ပွဲတော်အလင်းရောင်အောက်မှာ မမြင်ရအောင် ဖုံးကွယ်ချင်တဲ့ ပုံဖော်မှုတစ်ခုလား။ ဘာကြောင့်လဲဆိုတာကို မကွေးမြို့အပါအဝင် မကွေးတိုင်းသားတို့ သိကြပါတယ်။

မကွေးမြို့ပေါ်မှာ အေးချမ်းနေသယောင် ဖြစ်နေတာနဲ့ မကွေးတိုင်းတစ်ခုလုံးကတော့ အေးချမ်းမနေပါဘူး။ မြစ်အနောက်ဘက်ကမ်းက ပြည်သူတစ်ယောက်အတွက် “ပုံမှန်ဘဝ” ဆိုတာကဘာလဲ။ညဘက် ရွာထဲကို စစ်ကြောင်းဝင်လာမလားဆိုပြီးစောင့်ကြည့်နေရတာလား။ အိမ်မီးလောင်ပြီးနောက် တခြားရွာမှာ ခိုလှုံနေရတာလား။ တိုက်ပွဲကြားမှာ လယ်ယာလုပ်ငန်းကို ရပ်ထားရတာလား။လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေရတာလား။ အဲဒီပြည်သူတွေအတွက်တော့ မြို့ပေါ်က ပွဲတော်မီးရောင်တွေဟာ “ပုံမှန်ဘဝပြန်ရောက်ပြီ” ဆိုတဲ့ အဓိပ္ပာယ်ကို မပေးနိုင်ပါဘူး။

ကုလသမဂ္ဂရဲ့ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာတွေမှာ မကွေးတိုင်းကို မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရဲ့ ပြင်းထန်စွာ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတစ်ခုအဖြစ် ဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ်ပထမနှစ်ဝက်အတွင်း မင်းတုန်း၊ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ဆော စတဲ့ မြို့နယ်တွေမှာ လူပေါင်း တစ်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ UNICEF က ဆိုပါတယ်။ ဒါကြောင့် မကွေးမြို့ပေါ်မှာ မြင်နေရတဲ့ “အေးချမ်းမှု” ဟာ မကွေးတိုင်းတစ်ခုလုံးရဲ့ အခြေအနေမဟုတ်ပါဘူး။

ဘယ်လိုအခြေအနေမှာ၊ဘယ်လိုရည်ရွယ်ချက်နဲ့၊ ဘယ်သူတွေရဲ့ အကျိုးအတွက် ပွဲတော်ကို စီမံနေသလဲဆိုတာကြည့်ကြရအောင်ပါ။ဟိုးအရင်က ပွဲခင်းမှာ ဇာတ်ရုံနှစ်ရုံက မျက်နှာချင်းဆိုင်ရှိပြီး လဖက်ရည်ဆိုင်တွေ၊ မြို့ရဲ့့အထင်ကရ စားသောက်ဆိုင်တွေနဲ့ အင်မတန်စည်ကားခဲ့ပါတယ်။ ပွဲတော်ရဲ့ ကြိတ်ကြိတ်တိုးစည်ကားပုံ မြင်ကွင်းကို ၂၀၁၉ ပွဲတော် ဗီဒီယို တွေကို Facebook မှာ မြင်ရနိုင်ပါတယ်။ အဲဒီအချိန်က ပြည်သူ့အစိုးရရဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဘုရားမှာ ဆွမ်းကပ်နေတာကိုပါ မြင်ရစေတဲ့ အဲဒီဗီဒီယိုထဲက မြင်ကွင်းဟာ မြသလွန်ဘုရားပွဲရဲ့ အမှန်တကယ် စည်ကားသိုက်မြိုက်ခဲ့တာ နောက်ဆုံးပါပဲ။

COVID-19ကာလမှာပွဲတော်ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာပြန်လည်ကျင်းပခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် မြသလွန်ပွဲတော်မှာ ဈေးဆိုင်ခန်း ၆၀၀ ကျော်ဖွင့်ခဲ့တယ်။ဒီအချိန်ကစပြီး ပွဲတော် ပြန်လည်ရှင်သန် လာပေမယ့် အရင်ခေတ်ကလို စည်ကားမှု မရှိတော့ပါဘူး။

၂၀၂၅ ခုနှစ်အထိ မြသလွန်ပွဲတော်မှာ ဆိုင်ခန်းနေရာတွေကို ဂေါပကအဖွဲ့ဘက်က အဓိကစီမံခဲ့ပါတယ်။ အဲဒီနှစ်မှာဆိုင်ခန်း ၇၅၀ ခန့်ရှိပြီး ဆိုင်ခန်းတစ်ခန်းကို ကျပ် ၇၅,၀၀၀ ဝန်းကျင်သာ ကောက်ခံခဲ့ပါတယ်။ အဲဒီ ၇၅၀၀၀ မှာဆိုင်ခန်းဆောက်လုပ်ပြီးအပြီးအစီးနဲ့ လျှပ်စစ်မီး ဆင်ပြီးသည်အထိ ပါဝင်ပါတယ်။ အဲဒီနှုန်းအတိုင်း ဆိုင်ခန်း ၇၅၀ ကို တွက်မယ်ဆိုရင် ကျပ် ၅၆၂ ဒသမ ၅ သိန်းခန့် ရှိပါတယ်။ ဒါဟာ အဲဒီနှစ် ပွဲတော်ရဲ့ စုစုပေါင်းဝင်ငွေ မဟုတ်ပါဘူး။ဆိုင်ခန်းခတစ်ခုတည်းကို အခြေခံပြီး တွက်ထားတဲ့ ပမာဏသာ ဖြစ်ပါတယ်။ဒါပေမယ့် နောက်တစ်နှစ် ၂၀၂၆ မှာ ဖြစ်လာတဲ့အပြောင်းအလဲနဲ့ နှိုင်းယှဉ်လိုက်ရင်ဒီကိန်းဂဏန်းက အရေးကြီးလာပါတယ်။

၂၀၂၆ခုနှစ်မှာတော့မြသလွန်ပွဲတော်ရဲ့စီမံခန့်ခွဲမှုပုံစံက ပြောင်းလဲလာပါတယ်။ယခုနှစ် ပွဲတော်ကိုအာဏာသိမ်းစစ်ကောင်စီရဲ့တိုင်းဒေသအစိုးရဘက်က အဓိကစီမံတဲ့ ပုံစံကို တွေ့ရပါတယ်။ ၂၀၂၆ မြသလွန်ပွဲတော်ကို အောက်တိုဘာ ၂၄ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပြီး ဆိုင်ခန်း ၁,၀၀၀ ခန့် ထားရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါဟာ မြသလွန်ပွဲတော်ဟာ ပြန်လည် ကြီးထွားလာဖို့ လုပ်နေတယ်ဆိုတဲ့အချက်တစ်ခုပါ။ဒါပမယ့်အဲဒီကြီးထွားမှုရဲ့ အခြားတစ်ဖက်မှာတော့ ဈေးသည်တွေရဲ့ ကုန်ကျစရိတ်က ဘယ်လောက်တက်သွားပါသလဲ။

ဒီနှစ်မှာဘုရားပွဲဈေးထွက်တဲ့ ဈေးသည်တွေရဲ့ ပြောစကားအရ မြသလွန်ပွဲတော် ဆိုင်ခန်းတစ်ခန်းကို အနည်းဆုံး ကျပ် ၆ သိန်းခန့်ကနေ စ ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။ ဆိုင်ခန်းဆောက်ပြီး အပါအဝင်ကို တခန်းကို အနည်းဆုံး ၆၅၀၀၀၀ သွားပါတယ်။ မီးဆင်ပြီးသား မပါသေးပါဘူး။ နေရာကိုလိုက်ပြီး ဒီထက်ပိုတဲ့ ဆိုင်ခန်းတွေလည်း ရှိနေပါတယ်။ ၂၀၂၅ ခုနှစ်က ကျပ် ၇၅,၀၀၀ နဲ့ နှိုင်းယှဉ်ရင် ၇၅,၀၀၀ က နေ ၆၀၀,၀၀၀ အထိဆိုတော့ ၈ ဆတက်သွားတာဖြစ်ပါတယ်။ဆိုင်ခန်း ၁,၀၀၀ ကို အနည်းဆုံး ၆ သိန်းနဲ့သာ တွက်မယ်ဆိုရင် ကျပ်သိန်း ၆,၀၀၀ (ကျပ်သန်း ၆၀၀) ဖြစ်ပါတယ်။

ဈေးသည်တစ်ယောက်အတွက် ဆိုင်ခန်းခ ၆ သိန်း၅‌သောင်း ပေးပြီးတဲ့နောက် အရင်းပြန်ရဖို့ ဘယ်လောက်ရောင်းရမလဲ။ ပြီးတော့ ဆိုင်အများစုက တခန်းထဲနဲ့ ရောင်းလို့မရတဲ့ ပစ္စည်းအမျိုးအစားတွေ ဖြစ်ပါတယ်။ လေးခန်းတွဲလောက်ယူမှ၊ တချို့ ၇ ခန်း ၈ ခန်းယူမှ အဆင်ပြေတာမျိုးပါ။ စစ်ဘေး၊ ငွေကြေးဖောင်းပွမှုနဲ့ စားသုံးသူဝယ်လိုအားကျဆင်းမှုတွေရှိနေတဲ့အချိန်မှာအဲဒီအရင်းအနှီးကိုဘယ်ဈေးသည်က လွယ်လွယ်ကူကူ ရင်းနိုင်မလဲ။

အခုလို ပွဲတော်တစ်ခုရဲ့ ဆိုင်ခန်းခဟာ တစ်နှစ်အတွင်း ၈ ဆအထိ မြင့်တက်လာတယ်ဆိုရင် အဲဒီနေရာကို အရင်ဆုံး ဘယ်သူတွေ လက်လွှတ်ရပါမလဲ။ အကြီးစားကုန်သည် မဟုတ်ပါဘူး။ အသေးစားဈေးသည်တွေ ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်လာရင် ပွဲတော်ထဲက အညာရနံ့ဟာ တဖြည်းဖြည်း ပျောက်ကွယ်ပြီး ငွေကြေးတတ်နိုင်သူတွေအတွက်သာ ပိုမိုလက်လှမ်းမီတဲ့ စီးပွားရေးကွင်းပြင်တစ်ခု ဖြစ်လာတော့မှာပါ။

၂၀၂၆ မြသလွန်ပွဲတော်နဲ့ ပတ်သက်တဲ့ ပွဲကြော်ငြာစာရွက်မှာ “ရွှေပွဲတော် ကုမ္ပဏီ” နဲ့ “ရတနာတော်ဝင်ထွန်း ကုမ္ပဏီလီမိတက်” ဆိုတဲ့ အမည်နှစ်ခုကို ဆက်သွယ်ဖို့ ဖော်ပြထားတာကို‌ တွေ့ရပါတယ်။ ဆိုင်ခန်းတွေကို အဲဒီကုမ္ပဏီ နှစ်ခုက တိုက်ရိုက်ရောင်းချပြီး ပွဲတော်မှာ က မယ့် ဇာတ်ပွဲတွေကိုတော့ သူတို့က ကန်ထရိုက်ထပ်ပေးထားကြောင်းသိရတယ်။ အဲဒီ ကုမ္ပဏီတွေက တိုင်း အစိုးရဖက်ကနေ ဝင်လာတာလို့ မြို့မှာ သတင်းတွေလည်း ဖြစ်နေပါတယ်။ မြသလွန်ဘုရားကို ကျပ် သိန်း ၃၅၀၀ ပေးတာအပါအဝင် မီးပုံပျံ နဲ့ ပွဲတော်တခုလုံးရဖို့အတွက် သူတို့ရဲ့ သုံးစွဲကုန်ကျလိုက်ရတာ အားလုံးပေါင်း သိန်း ၅၀၀၀ ဖြစ်တယ်ဆိုတဲ့ အသံတွေဟာ မကွေးမြို့ထဲမှာ တီးတိုးပြောစရာ သတင်းတခု ဖြစ်နေပါတယ်။ မြသလွန်ပွဲသာမက ခုလာမယ့် တန်ဆောင်မုန်းမှာ ကျင်းပမယ့် ညောင်ဦးက ရွှေစည်းခုံဘုရားပွဲအပါအဝင် နိုင်ငံအနှံ့ပွဲတော်တွေအားလုံး သူတို့ပဲ ကန်ထရိုက်ဆိုတဲ့ အကြောင်းကလည်း မြို့မှာပြောစရာ သတင်းတစ်ခုပါ။

မကွေးမှာ ဆိုင်ခန်းခ မြင့်လာတာကို တစ်ခုတည်းအနေနဲ့ ကြည့်မယ်ဆိုရင် ပွဲတော်တစ်ခုရဲ့ စီးပွားရေးပြဿနာလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တောင်ကြီးနဲ့ မန္တလေးကိုပါ အတူတူကြည့်လိုက်ရင် ပိုပြီး သိသာပါတယ်။

၂၀၂၅ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာလည်း ဆိုင်ခန်းနေရာတွေနဲ့ ပတ်သက်ပြီး ဈေးသည်တွေက အခက်အခဲတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြတဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ Mekong News ရဲ့ သတင်းအရ ဆိုင်ခန်းတစ်ခန်းကိုပွဲကော်မတီဘက်က ကျပ်သိန်း ၃၀ နဲ့ ရောင်းချမယ်လို့ ညှိထားပေမယ့် နောက်ပိုင်းမှာ ကြားခံပွဲစားက တခြားသူကို ကျပ် ၄၅သိန်း နဲ့ ပြန်ရောင်းခဲ့တယ်လို့ ဈေးသည်တစ်ဦးက ပြောပါတယ်။ အဲဒီသတင်းမှာ ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ဆိုင်ခန်းလေလံဟာယခင်နှစ်ကကျပ်သိန်း ၄,၀၀၀ ကျော်ကနေ ကျပ်သိန်း ၈,၃၀၀ ကျော်အထိ တက်လာတယ်လို့လည်းဖော်ပြထားပါတယ်။

လေလံကြေးမြင့်လာတာနဲ့အမျှဆိုင်ခန်းဈေးနှုန်းတွေ တက်လာပြီး ဈေးသည်တွေအနေနဲ့ တစ်ရက်ကို အမြတ်ငွေ သိန်းအတော်များများ ရမှ အရင်းပြန်ရနိုင်တဲ့ အခြေအနေကို ရောက်လာတယ်လို့ ဈေးသည်တွေက ပြောဆိုခဲ့ပါတယ်။ ဒီနေရာမှာ မြသလွန်နဲ့ တူညီတာတစ်ခု ရှိပါတယ်။ပွဲတော်က စီးပွားရေးအရ ပိုတန်ဖိုးကြီးလာလေလေ၊ အဲဒီတန်ဖိုးကို ဝင်ခွင့်ရဖို့ ဈေးသည်က ပိုပေးရလေလေဖြစ်လာတာပါ။

တောင်ကြီးတန်ဆောင်တိုင်ဟာ မြန်မာနိုင်ငံရဲ့ အထင်ကရပွဲတော်တွေထဲက တစ်ခု။ မီးပုံးပျံ၊ ဈေးတန်း၊ ဖျော်ဖြေရေး၊ ကစားကွင်းနဲ့ ခရီးသွားလာမှုတွေကြောင့် စီးပွားရေးအခွင့်အလမ်းကြီးမားပါတယ်။ ဒါပေမယ့် ပွဲတော်ကို စည်ကားအောင်လုပ်တဲ့အခါ ကုန်ကျစရိတ်တွေကလည်း တိုးလာပါတယ်။ လေလံကြေးမြင့်လာတယ်။ ဆိုင်ခန်းခတက်လာတယ်။ ကားပါကင်ခအထိ တက်လာတယ်။ စားသောက်ကုန်ဈေးနှုန်းတွေ တက်လာတယ်။နောက်ဆုံးမှာ ဒီကုန်ကျစရိတ်တွေကို ဘယ်သူက ခံရသလဲဆိုရင် ဈေးသည်နဲ့ ပွဲတော်လာသူတို့ပါပဲ။

၂၀၂၆ မန္တလေး ကျောက်တော်ကြီးဘုရားပွဲမှာလည်း ဆိုင်ခန်းဈေးနှုန်းက သိသိသာသာ တက်လာပါတယ်။ လူထု​နွေဦး ရဲ့ စက်တင်ဘာ ၂၂ ရက် သတင်းအရ ၅ ပေမျက်နှာစာ ဆိုင်ခန်းတစ်ခန်းဟာ ၂၀၂၅ ခုနှစ်မှာ ကျပ် ၃ ဒသမ ၅ သိန်းသာ ပေးခဲ့ရပေမယ့် ၂၀၂၆ ခုနှစ်မှာကျပ် ၁၀ သိန်းအထိပေးရမယ်လို့ ဈေးသည်တချို့က ပြောပါတယ်။ဒါဟာတစ်နှစ်အတွင်း ၂ ဒသမ ၈၆ ဆခန့် တက်လာတာ ဖြစ်ပါတယ်။ ဒီ့အပြင် ဆိုင်ခန်းခကောက်ခံခွင့်ကို ဂေါပကအဖွဲ့ထံကနေ လေလံ အောင်သွားသူက ကျပ်သိန်း ၇,၅၀၀ နဲ့ လေလံအောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလေလံကြေးက အမှန်တကယ် ဘယ်လောက်လဲဆိုတာ တရားဝင်စာချုပ်နဲ့ ထပ်မံစစ်ဆေးဖို့ လိုအပ်ပေမယ့် ဈေးသည်တွေရဲ့ အမြင်မှာတော့ လေလံကြေးမြင့်လာခြင်းက ဆိုင်ခန်းခကို တွန်းတင်လာတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။

သုံးပွဲကို တစ်ပြိုင်တည်းကြည့်ရင် မကွေး။ တောင်ကြီး။ မန္တလေး။ ပွဲတော်သုံးခုရဲ့ သမိုင်းနဲ့ စီမံခန့်ခွဲမှုပုံစံတွေမတူကြပါဘူး။ဒါပေမယ့် ဈေးသည်တစ်ယောက်ရဲ့နေရာကနေ ကြည့်ရင်တူညီတာရှိပါတယ်။ပွဲတော်ထဲဝင်ဖို့ ဘယ်လောက်ပေးရမလဲ။မကွေးမှာ ၇၅,၀၀၀ ကနေ ၆ သိန်း ဆိုတဲ့ ဈေးသည်တွေရဲ့ ပြောဆိုချက်။ တောင်ကြီးမှာ သိန်း ၃၀ နဲ့ ညှိထားတဲ့နေရာကို ၄၅ သိန်းနဲ့ ပြန်ရောင်းခဲ့တယ် ဆိုတဲ့ ဖြစ်စဉ်။ ဒါ့အပြင် ၂၀၂၅ တောင်ကြီးတန်ဆောင်တိုင်ဆိုင်ခန်းလေလံကသိန်း ၈,၃၀၀ ကျော်ရှိခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်။မန္တလေးမှာ ၃.၅ သိန်းကနေ ၁၀ သိန်း။ ပြီးတော့ ဆိုင်ခန်းခကောက်ခံခွင့် လေလံဟာ သိန်း ၇,၅၀၀ ဆိုတဲ့ သတင်းထွက်ပေါ်မှု။

ဒီကိန်းဂဏန်းတွေကို အားလုံးကို တစ်စုတစ်စည်းတည်းကြည့်ရင် ပွဲတော်တွေဟာ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးအခမ်းအနားတစ်ခုအပြင် တန်ဖိုးကြီးတဲ့ စီးပွားရေးနေရာတစ်ခု ဖြစ်လာနေတယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒါပေမယ့်မြန်မာပြည်သူတွေရဲ့ဝင်ငွေက အဲဒီလို တက်လာတာ မဟုတ်ပဲ ဆန့်ကျင်ဖက်ဖြစ်တဲ့ ကျပ်တည်းမှုပါ။

World Bank ရဲ့ ၂၀၂၆ ဇွန်လ Myanmar Economic Monitor အရ ၂၀၂၅/၂၆ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၂ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ၂၀၂၆ ဧပြီမှာ နှစ်အလိုက် ငွေကြေးဖောင်းပွမှု ၂၄ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။လောင်စာဈေးမြင့်တက်မှုက သယ်ယူပို့ဆောင်ရေးနဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးစရိတ်တွေကို ထပ်မံတိုးစေတယ်လို့လည်း World Bankကဖော်ပြပါတယ်။UNအချက်အလက်အရ ၂၀၂၆ ခုနှစ်မှာ ပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်းတွေ ပေါင်းစပ်ပြီး အစားအသောက်ဈေးနှုန်းတွေတက်လာခဲ့ပြီး မကွေးတိုင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုက အထူးပြင်းထန်ခဲ့ပါတယ်။

ပွဲတော်ဝင်ခွင့်ဈေးနှုန်းတွေက မြင့်တက်လာပေမယ့် ပြည်သူတွေရဲ့ ဝယ်နိုင်စွမ်းက အဲဒီနှုန်းအတိုင်း တက်လာတာ မဟုတ်ပါဘူး။ ဒါကြောင့် ဈေးသည်က ဆိုင်ခန်းခ ပိုပေးရတဲ့အခါ သူ့အမြတ်ထဲက ဖြတ်ရမလား၊ ကုန်ပစ္စည်းဈေးထဲ ထည့်ရောင်းရမလားဆိုတဲ့ ရွေးချယ်မှုကို ရင်ဆိုင်ရပါတယ်။ နောက်ဆုံးမှာ စားသုံးသူက ခံရပါတယ်။

ဒီနေရာမှာ မကွေးက တခြားမြို့နှစ်မြို့ထက် ထူးခြားပါတယ်။တောင်ကြီးမှာပွဲတော်စီးပွားရေးကို ပြောတဲ့အခါ ဆိုင်ခန်းလေလံနဲ့ ခရီးသွားစီးပွားရေး၊မန္တလေးမှာပွဲတော်စီးပွားရေးနဲ့ လေလံကြေး၊ မကွေးမှာတော့ အဲဒီအရာတွေအားလုံးအပြင် စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသတစ်ခုရဲ့ မြို့ပေါ်မှာ ပွဲတော်ကို ဘယ်လိုပုံဖော်နေသလဲ ဆိုတဲ့ နိုင်ငံရေးအခြေအနေပါ ထပ်ပါလာပါတယ်။

မြို့အနောက်ဘက်မှာပြည်သူတွေနေရပ်စွန့်ခွာနေရချိန်။ ရွာတွေမှာ လုံခြုံရေးအခြေအနေ မသေချာချိန်။ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းတွေ ထိခိုက်နေချိန်။ မြို့ပေါ်မှာတော့ မီးရောင်တွေ ထွန်းထားပါတယ်။ ဖျော်ဖြေရေးတွေ ရှိပါတယ်။ဆိုင်ခန်းတွေ ပြည့်လာပါတယ်။ “စည်ကားသိုက်မြိုက်စွာ” ဆိုတဲ့ စကားလုံးတွေကို သတင်းထုတ်ပြန်ချက်တွေထဲမှာ တွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ ပွဲတော်ဟာ ပြည်သူတွေအတွက် ခဏတာအပန်းဖြေရာနေရာတစ်ခု ဖြစ်နိုင်သလို၊ အာဏာပိုင်တွေအတွက်လည်း ဒေသအတွင်း ပုံမှန်ဘဝရှိနေသေးတယ်ဆိုတဲ့ ပုံရိပ်ကို ပြသရာနေရာ ဖြစ်နိုင်ပါတယ်။ “စည်ကားတယ်” ဆိုတာ ဘယ်သူ့အတွက်ပါလဲ။ ပွဲတော်စည်ကားတာကို လူအရေအတွက်နဲ့ တိုင်းတာလို့ရပါတယ်။ ဆိုင်ခန်းအရေအတွက်နဲ့ တိုင်းတာလို့ရပါတယ်။ ဖျော်ဖြေရေးအဖွဲ့ ဘယ်နှဖွဲ့ပါသလဲဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် ဈေးသည်တစ်ယောက် အတွက် ပွဲတော်စည်ကားမှုကို တခြားနည်းနဲ့ တိုင်းရမှာပါ။ဆိုင်ခန်းခပေးပြီးနောက်အရင်းပြန်ရသလား။မိသားစုစားဝတ်နေရေးအတွက် အမြတ်ကျန်သလား။မိုးရွာလို့၊လူမလာလို့၊ လုံခြုံရေးကြောင့် ပွဲပျက်လို့ ဆုံးရှုံးရင် ဘယ်သူခံမလဲ။

တောင်ကြီးမှာ ဈေးသည်တစ်ယောက်က မိုးဖျက်လို့ ပွဲမစည်ရင် သိန်း ၄၀ ကျော် ဆုံးရှုံးနိုင်တယ်လို့ ပြောထားပါတယ်။ ဒါဟာ ပွဲတော်စီးပွားရေးရဲ့ တကယ့်အန္တရာယ်ပါ။ အမြတ်ရှိရင် စီမံခန့်ခွဲသူနဲ့ လေလံအောင်သူတွေက အကျိုးခံစားနိုင်ပါတယ်။ဆုံးရှုံးရင်တော့ ဈေးသည်က ခံရပါတယ်။

ရိုးရာပွဲတော်ကိုဘယ်သူပိုင်ပါသလဲ။ဒီပွဲတော်တွေကိုနှစ်ပေါင်းများစွာတည်ဆောက်လာတာကအစိုးရတစ်ခုတည်းမဟုတ်ပါဘူး။ဂေါပကတွေ၊ ဒေသခံတွေ၊ ဈေးသည်တွေ၊ အနုပညာရှင်တွေ၊ လုပ်အားပေးသူတွေ၊ ဘုရားဖူးပြည်သူတွေ၊ နှစ်စဉ်ပွဲလာသူတွေရဲ့ စုပေါင်းပါဝင်မှုနဲ့ တည်ဆောက်လာတာပါ။

ဒါကြောင့်ဒီပွဲတော်တွေရဲ့စီးပွားရေးတန်ဖိုးကို ဘယ်သူက ရယူသင့်သလဲဆိုတာ မေးတဲ့အခါပွဲတော်ကိုတည်ဆောက်ခဲ့တဲ့လူထုက အကျိုးခံစားခွင့်ဘယ်လောက်ရသလဲဆိုတာကိုပါ ကြည့်ရမှာပါ။ပွဲတော်ကလူထုအတွက်ဆိုရင် လူထုက ပွဲတော်ထဲ ဝင်ခွင့်ရဖို့ အရင်းအနှီးကြီးကြီးမားမား ပေးရတဲ့ စနစ်ဖြစ်လာသင့်ပါသလား။ အညာက လယ်သမားတစ်ယောက် ထုတ်လုပ်တဲ့ ပစ္စည်းကို ရောင်းဖို့ သူ့ကိုယ်ပိုင်ဒေသရဲ့ ရိုးရာပွဲတော်ထဲ ဝင်လာတဲ့အခါ ဆိုင်ခန်းခကြောင့်မဝင်နိုင်တော့ဘူးဆိုရင် အဲဒီပွဲတော်ဟာဘယ်သူ့အတွက်ရိုးရာပွဲတော်ဖြစ်နေသေးလဲ။

မြသလွန်ဘုရားပွဲဟာ မကွေးမြို့ရဲ့အစဉ်အလာပါ။တောင်ကြီးတန်ဆောင်တိုင်ဟာ ရှမ်းပြည်ရဲ့ အစဉ်အလာပါ။ ကျောက်တော်ကြီးဘုရားပွဲဟာ မန္တလေးရဲ့ အစဉ်အလာပါ။ ဒီပွဲတော်တွေဟာ စစ်အာဏာမသိမ်းခင်၊ စစ်ပွဲမရှိခင်၊ နိုင်ငံရေးအကျပ်အတည်းမရှိခင်၊ စီးပွားရေးအကျပ်အတည်းမရှိခင်ကတည်းက လူထုရဲ့ဘဝထဲမှာရှိနေခဲ့တာပါ။ဒါကြောင့် အခုအချိန်မှာ ပွဲတော်တစ်ခုကို ကြည့်တဲ့အခါ မီးရောင်၊ မီးပုံးပျံ၊ ဇာတ်ရုံနဲ့ ဈေးဆိုင်တွေကိုပဲ ကြည့်လို့ မရပါဘူး။

မကွေးမြို့ပေါ်က မီးရောင်ကို ကြည့်ရင် မြစ်အနောက်ဘက်က စစ်ဘေးကိုလည်း မြင်ရပါတယ်။ တောင်ကြီးက ဆိုင်ခန်းဈေးကို ကြည့်ရင် လေလံစနစ်နဲ့ ကြားခံဈေးကွက်ကိုလည်း မြင်ရပါတယ်။မန္တလေးကဆိုင်ခန်း ၃.၅ သိန်းကနေ ၁၀ သိန်း ဖြစ်သွားတာကို ကြည့်ရင် လေလံကုန်ကျစရိတ်ကို ဈေးသည်ဆီ ပြန်လွှဲတဲ့ ပုံစံကိုလည်း ကြည့်ရပါတယ်။

ပွဲတော်တွေ ဘယ်လောက်စည်ကားသလဲ ဆိုတာတစ်ခုတည်း မဟုတ်တော့ပါဘူး။ အဲဒီစည်ကားမှု အတွက် ဘယ်သူက ပေးဆပ်နေရသလဲ။ မြစ်အနောက်ဘက်က စစ်ဘေးရှောင်နေတဲ့ မိသားစုလား။ မကွေးမြို့ပေါ်မှာ စစ်ဘေးရှောင်ရောက်နေတဲ့ မိသားစုလား။ ဆိုင်ခန်းခ ၆ သိန်းပေးရတဲ့ အညာဈေးသည်လား။ တောင်ကြီးမှာ သိန်း ၃၀ နဲ့ ရထားတဲ့နေရာကို ၄၅ သိန်း နဲ့ ပြန်ရောင်းခံရတဲ့ ဈေးသည်လား။ မန္တလေးမှာ ဆိုင်ခန်းအတွက် ၃.၅ သိန်းကနေ ၁၀ သိန်းအထိ ပေးရတော့မယ့် ဈေးသည်လား။ ဒါမှမဟုတ် ပွဲတော်ရဲ့ စီမံခန့်ခွဲခွင့်နဲ့ လေလံအခွင့်အရေးကို ရယူထားသူတွေလား။

ပွဲတော်ဟာ လူထုအတွက်ဆိုရင် လူထုက အကျိုးခံစားခွင့် ရှိရပါမယ်။ ရိုးရာပွဲတော်ဟာ ဈေးသည်တွေအတွက် ဆိုရင် ဈေးသည်တွေက အဲဒီပွဲတော်ထဲ ဝင်ခွင့်ရဖို့ အရင်းအနှီးအကြီးကြီး ပေးစရာ မဖြစ်သင့်ပါဘူး။ ဘာသာရေးပွဲတော်ဟာ လူထုရဲ့ယုံကြည်မှုနဲ့ တည်ဆောက်ထားတာဆိုရင် အဲဒီပွဲတော်ရဲ့ ဝင်ငွေ၊ ထွက်ငွေ၊ လေလံနဲ့ စီမံခန့်ခွဲမှုတွေကလည်း လူထုရှေ့မှာ ရှင်းလင်းဖို့ လိုပါတယ်။

ပြီးတော့ မကွေးမြို့ပေါ်မှာ မီးရောင်တွေ ပိုတောက်ပလာတာနဲ့ မကွေးတိုင်းက ပိုအေးချမ်းလာပြီလို့ ဆိုလို့ရသလား။ ပွဲတော်တွေ ပိုကြီးကျယ်လာတာနဲ့ ပြည်သူတွေရဲ့ ဘဝလည်း ပိုကောင်းလာပြီလို့ ဆိုလို့ရသလား။ ဒါမှမဟုတ် မီးရောင်အောက်မှာ ပွဲတော်တစ်ခုကို ပိုမိုစည်ကားအောင် တည်ဆောက်နေချိန်မှာ၊ အဲဒီမီးရောင်မမြင်ရတဲ့ တစ်ဖက်ကမ်းမှာ ပြည်သူတွေက စစ်ဘေး၊ စီးပွားရေးကျပ်တည်းမှုနဲ့ နေ့စဉ်ရှင်သန်ရေးအတွက် ဆက်လက်ရုန်းကန်နေရတာလား။ မြသလွန်ဘုရားပေါ်က ဆီမီးကိုးထောင်ရဲ့ အလင်းရောင် နဲ့ မြစ်တစ်ဖက်ကမ်းက စစ်မီးအမှောင်ကို လင်းစေနိုင်ပါ့မလား။

ဒီမေးခွန်းတွေကို ပွဲတော်ဖွင့်ပွဲစင်မြင့်ပေါ်က မိန့်ခွန်းတွေက အဖြေပေးနိုင်မှာ မဟုတ်ပါဘူး။ပွဲတော်ခင်းထဲက ဈေးသည်တွေရဲ့ အသံ၊မြစ်အနောက်ဘက်ကစစ်ဘေးရှောင်တွေရဲ့အသံ၊လေလံစာချုပ်တွေ၊ငွေစာရင်းတွေကပဲ အဖြေကို ပေးနိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ညက အညာက ရွာလေးတစ်ရွာမှာ ဆီမီးထွန်းပွဲဲ ပြီးလို့ ရွာသူရွာသားတွေ ကိုယ့်အိမ်ကို ပြန်ဖို့ပြင်နေချိန် ကွင်းထဲမှာ ပေါက်ကွဲသံကြီးတွေ ထွက်ပေါ်လာခဲ့တယ်။ လူတွေဟာ သွေးသံရဲရဲနဲ့ အော်ပြေးခဲ့ကြတယ်။ရွာသူရွာသားတွေဟာ ကမ္ဘာပျက်သလို အော်ဟစ်ဆူညံနေခဲ့တယ်။

သတင်း

မကွေးတိုင်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ မြစ်ကမ်း​ပါးပြိုလို့ နေအိမ်တွေ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

Facebook