ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ တွေ့ရတဲ့ ဒရုန်းတွေက ရန်လို ခြိမ်းခြောက်တယ်လို့ ယူဆရရင် လိုအပ်သလို တုံ့ပြန်ဖို့ ထိုင်း ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝီချာရာချိုင်က ညွှန်ကြားလိုက်ပါတယ်။
ရာထူးက ဆိုင်းငံ့ခံထားရသူ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထရာအစား အစိုးရ အဖွဲ့ကို ဦးဆောင်နေတဲ့ ဖုန်သမ်က နယ်စပ်ရဲ့ တားမြစ်ဧရိယာတွေမှာ ဒရုန်း လှုပ်ရှားမှုတွေ ပိုမို ထူထပ်လာတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဆီ လုပ်ပိုင်ခွင့် ပိုမို အပ်နှင်းလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပြီးခဲ့တဲ့လက ၅ ရက်ကြာ နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီး အဲဒီနောက်မှာလည်း တင်းမာမှုတွေ ရှိနေဆဲပါ။ ထိုင်းစစ်တပ်က နယ်စပ်တလျှောက်မှာ ဒရုန်းပျံသန်းခွင့်တွေကို လုံခြုံရေးအရ ကန့်သတ် တားမြစ်ထားပေမယ့် ကမ္ဘောဒီးယားက စေလွှတ်တဲ့ ကင်းထောက် ဒရုန်းတွေ အများအပြား လှုပ်ရှားနေဆဲဖြစ်ပြီး အဲဒီ အခြေအနေက ထိုင်းစစ်သည်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်လာစေနိုင်ကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။
ဩဂုတ် ၁၉ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမှာတော့ ဖုန်သမ်က အဲဒီလို ဒရုန်းခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ရင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တုံ့ပြန်ဖို့ ယာယီ ဝန်ကြီးချုပ်က ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျီရာယူ ဟွန်ဆွတ်ဘ်က ပြောကြားသွားပါတယ်။ ဒါပေမဲ့ ဘယ်လို တုံ့ပြန်မှုတွေ ဖြစ်လာမလဲ ဆိုတာကိုတော့ သူက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement
ဂျီရာယူက ထိုင်းအစိုးရဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပြည့်ပြည့်ဝဝ လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် တစ်ဖက်မှာလည်း အချုပ်အခြာအာဏာ ပိုင်နက် လုံခြုံရေးကို ထိထိရောက်ရောက် အားဖြည့် ကာကွယ်နေတယ်လို့လည်း ပြောပါတယ်။
ဖုန်သမ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ သူ့ရဲ့သား လက်ရှိ ဝန်ကြီးချုပ် ဟွန်မာနတ်တို့ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)မှာ စွဲချက်တင်ဖို့ ထိုင်းဥပဒေရေးရာ ပညာရှင်တွေက ဆွေးနွေး တိုင်ပင်နေတဲ့ ကိစ္စကိုလည်း ကြိုဆိုထောက်ခံကြောင်း ပြောကြားထားပါတယ်။
တစ်ဖက်မှာလည်း ဟွန်ဆန်းက ထိုင်းကသာ ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ လိုလားတယ်ဆိုရင် ကမ္ဘောဒီးယား ပိုင်နက်ကို ရန်လို ကျူးကျော်ပြီး အရပ်သားတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်အတွက် ထိုင်းအစိုးရ ခေါင်းဆောင်တွေလည်း အဖမ်းခံရထိုက်တယ်လို့ Facebookမှာ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ ထိုင်းအစိုးရ ခေါင်းဆောင်တွေသာ ကမ္ဘောဒီးယား ပိုင်နက်ထဲ ရောက်နေရင် ချက်ချင်း ကျိန်းသေပေါက် ဖမ်းဆီးပစ်မှာလို့လည်း သူက ကြိမ်းဝါးခဲ့ပါတယ်။
အဲဒီ မှတ်ချက်စကားနဲ့ ပတ်သက်လို့တော့ ဖုန်သမ်က ဟွန်ဆန်းဟာ သူ့ကိုယ်သူ ဘာတွေ ပြောနေသလဲ ဆိုတာတောင် သိပုံမရဘူးလို့ပဲ တုံ့ပြန်ထားပါတယ်။
ကိုးကား: Bangkok Post


















































