သမ္မတဟောင်း ဂျက်ကော့ဘ်ဇူးမားကို ထောင်ဒဏ် ချမှတ်လိုက်တဲ့ နောက်ဆက်တွဲ ဆူပူ အုံကြွမှုတွေအတွင်း တောင်အာဖရိက နိုင်ငံမှာ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ပါတယ်။
သမ္မတဟောင်း ဇူးမားကို အားပေး ထောက်ခံသူတွေက တရားရုံး စီရင်ချက်ကို မကျေနပ်ဘဲ နိုင်ငံအနှံ့ ဆူပူ အုံကြွခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၇၉ နှစ်အရွယ် ဇူးမားက အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့သလို စုံစမ်း စစ်ဆေးမှုတွေမှာလည်း မပူးပေါင်းခဲ့ပါဘူး။ နောက်တော့ တရားရုံးက သူ့ကို ထောင်ဒဏ် ၁၅ လ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဇူးမားက ရဲစခန်းကို သွားရောက်ပြီး အဖမ်းခံခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နိုင်ငံအနှံ့မှာ ဆူပူမှုတွေ ဖြစ်လာပြီး ဇူလိုင် ၁၃ ရက်မှာ အခြေအနေတွေ အဆိုးဆုံးထိ တင်းမာလာခဲ့ပါတယ်။ အခုအခါမှာ ရဲတပ်ဖွဲ့ မနိုင်မနင်း ဖြစ်နေတဲ့ မြို့တွေကို စစ်တပ်တွေပါ စေလွှတ်ထားရပါတယ်။ လက်ရှိ သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာက ၁၉၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း တောင်အာဖရိကမှာ အဆိုးရွားဆုံး ရန်လို အကြမ်းဖက်မှုတွေနဲ့ တွေ့ကြုံနေရကြောင်း ပြောကြားခဲ့ပါတယ်။
ပဋိပက္ခတွေ အတောအတွင်း သေဆုံးသူ ၇၂ ဦး ရှိခဲ့ရာမှာ အနည်းဆုံး ၁၀ ဦးလောက်ဟာ ဆိုဝီတိုမြို့က စျေးဝယ်စင်တာတစ်ခုမှာ ပြေးကြလွှားကြရင်း လူနင်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါဘန်မြို့မှာ မြေညီထပ် ဆိုင်ခန်းတွေ မီးရှို့ခံရချိန် မိခင်ဖြစ်သူက ကလေးမလေး တစ်ယောက်ကို ဆိုင်အမိုးပေါ်က ပစ်ချခဲ့ပြီး အောက်မှာ ရှိနေသူတွေက ဝိုင်းကူ ဖမ်းပေးခဲ့ရပါတယ်။

Public Service Announcement
ရဲတပ်ဖွဲ့က နိုင်ငံအနှံ့မှာ ဆူပူမှုတွေနဲ့ ဆက်စပ်လို့ လူပေါင်း ၁၂၀၀ ကျော်ကို ထိန်းသိမ်းခဲ့ပြီး ၁၂ ဦးကိုတော့ စွဲချက်တင်ထားတယ်လို့ ပြောပါတယ်။ ဇူးမားကို ထောက်ခံသူတွေ စုဝေးပြီး ဆူပူကြရာကနေ နောက်ဆက်တွဲ ဖျက်ဆီးမှု၊ လုယက်မှုတွေပါ ဖြစ်လာတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
တောင်အာဖရိကမှာ နောက်ဆက်တွဲ လုယက်မှုတွေ ထပ်ဖြစ်လာနိုင်သေးတယ်လို့ အစိုးရက သတိပေး ကြေညာထားပေမယ့် နိုင်ငံအနှံ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့တော့ သမ္မတ ရာမာဖိုဆာက ငြင်းဆိုထားဆဲပါ။ ဇူလိုင် ၁၃ ရက် တစ်ရက်တည်းမှာတင် လုယက်ခံရတဲ့ စတိုးဆိုင်ပေါင်း ၂၀၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
လတ်တလောမှာတော့ ရဲနဲ့ စစ်တပ် ပူးပေါင်းပြီး အခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတဲ့တိုင် ဆူပူလုယက်သူတွေနဲ့ ယှဉ်ရင် အရေအတွက် အရမ်း နည်းပါးနေဆဲလို့ သိရပါတယ်။
