ဆူဒန်နိုင်ငံမှာ ရွှေမိုင်းတွင်းတစ်ခု ပြိုကျမှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အနောက် ကော်ဒိုဖန် ဒေသမှာ အစိုးရပိုင် မိုင်းတွင်းတစ်ခု အခု သီတင်းပတ် အစောပိုင်းက ပြိုကျခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ အခင်းဖြစ်ချိန်က မိုင်းတွင်းထဲမှာ လူ ၃၆ ဦး ရှိနေခဲ့ပြီး အခုအချိန်ထိ ၃၂ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အသက်ရှင် လွတ်မြောက်သူ ၁ ဦးရှိပြီး ပျောက်ဆုံးနေသူတွေကိုတော့ ကယ်ဆယ်ရေးတွေက လိုက်ရှာနေဆဲပါ။
သေဆုံးသူတွေရဲ့ ရုပ်အလောင်း အများစုဟာ မီတာ ၂၀ လောက် ရှည်လျားတဲ့ မိုင်းတွင်း အပျက်အစီးပုံအောက်မှာ ပိမိနေတယ်လို့ သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဆူဒန်က သတ္တုတွင်းတွေဟာ လုံခြုံရေး စံနှုန်းတွေ အရမ်းဆိုးရွားပြီး ခနော်နီ ခနော်နဲ့ ပုံစံမျိုး တည်ဆောက်ထားလေ့ ရှိပါတယ်။
ရွှေဟာ ဆူဒန်နိုင်ငံရဲ့ အရေးအကြီးဆုံး ပြည်ပပို့ကုန် တစ်ခုဖြစ်ပြီး ရွှေတူးတဲ့ လုပ်ငန်းကလည်း အတိုင်းအတာ အရမ်းကြီးမားပါတယ်။ ဆူဒန်မှာ ရွှေမိုင်းတွင်း လုပ်သား ၂ သန်းကျော်ရှိပြီး နေရာပေါင်း ၈၀၀ လောက်မှာ ဖြန့်ကျက် အလုပ်လုပ်နေတယ်လို့ အစိုးရရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ နောက်ထပ် တရားမဝင် မိုင်းတွင်းတွေ အများအပြားလည်း ရှိနိုင်ပါသေးတယ်။

Public Service Announcement
၂၀၁၁ က ဆူဒန်နိုင်ငံကနေ တောင်ပိုင်းဆူဒန် ခွဲထွက်သွားတဲ့နောက် ရေနံတွင်း တော်တော်များများ ပါသွားခဲ့ပါတယ်။ အဲဒီနောက် ဆူဒန်မှာ ရွှေတူးတဲ့ လုပ်ငန်းက ပိုပြီး တွင်ကျယ်လာတာ ဖြစ်ပါတယ်။


















































