စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်အတွင်း ဘန်ကောက်မြို့က ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျခဲ့မှုနဲ့ ပတ်သက်ပြီး လူ ၂၂ ဦးနဲ့ တရုတ်ပိုင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို ထိုင်းအစိုးရ ရှေ့နေတွေက အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း၊ စစ်ကိုင်းနဲ့ မန္တလေး မြို့တွေအနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ လူထောင်နဲ့ချီ သေဆုံးခဲ့သလို ဘန်ကောက်မှာလည်း ဆောက်လုပ်စ အစိုးရ စာရင်းစစ်ရုံး မိုးမျှော်တိုက်ကြီး ပြိုကျပြီး ဆောက်လုပ်ရေးလုပ်သား ၉၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။
အထပ် ၃၀ မြင့်တဲ့တိုက်ဟာ အဲဒီငလျင်ကြောင့် ထိုင်းမှာ ပြိုကျတဲ့ တစ်ခုတည်းသော အဆောက်အအုံလည်း ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း စစ်ဆေးချက်တွေအရ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အသုံးပြုထားတဲ့ သံမဏိတွေက အရည်အသွေး မပြည့်မီတာတွေ ရောနှော ပါဝင်နေတယ် ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အဲဒီ အထပ်မြင့်တိုက်ကြီး တည်ဆောက်မှုကို ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Italina-Thai Developmentက China Railway Number 10နဲ့ ပူးပေါင်းပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ China Railway Number 10ဟာ တရုတ် အစိုးရပိုင် ဆောက်လုပ်ရေး လုပ်ငန်းစုကြီး China Railway Groupရဲ့ ထိုင်းအခြေစိုက် လုပ်ငန်းခွဲပါ။

Public Service Announcement
အခုအခါမှာတော့ Italian-Thai Developmentရဲ့ ဥက္ကဋ္ဌ ပရမ်ချိုင် ကာနာဆူတာဟာ နောက်ထပ် အမှုထမ်း ၂၁ ဦးနဲ့အတူ ဆောက်လုပ်ရေး စံနှုန်းတွေ ချိုးဖောက်မှု၊ လူ့အသက်တွေ ဆုံးရှုံးစေခဲ့တဲ့ ပေါ့လျော့မှုတွေအတွက် တရားဝင် စွဲချက်တင်တာ ခံလိုက်ရပြီလို့ ထိုင်းရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရ အရာရှိ ဆက်ကာဆမ် နီဆိုင်ယော့ခ်က ပြောပါတယ်။
အဲဒီ လူပုဂ္ဂိုလ် ၂၂ ဦးအပြင် China Railway Number 10ဟာလည်း စွဲချက်တင်တာ ခံခဲ့ရပါတယ်။ အဲဒီ အမှုနဲ့ ဆက်စပ်ပြီး သီးခြား စုံစမ်းမှုတွေမှာတော့ အင်ဂျင်နီယာဆိုင်ရာ စာရွက်စာတမ်း အတုပြုလုပ်သူ တချို့ကိုပါ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
Italian-Thai Developmentကတော့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကို စွဲချက်တင်ခံရတဲ့ ကိစ္စအပေါ် လတ်တလော ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ Reuters သတင်းဌာနက China Railway Number 10ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
ငလျင်အတောအတွင်း အဆောက်အအုံ ပြိုကျခဲ့တာနဲ့ ပတ်သက်လို့ ထိုင်းရဲတွေက မေလထဲမှာ ပရမ်ချိုင်နဲ့ နောက်ထပ် ၁၄ ဦးကို ထိန်းသိမ်းခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူတို့တွေက ဘာပြစ်မှုမှ မရှိကြောင်း ခုခံ ငြင်းဆိုထားခဲ့ကြပါတယ်။
ကိုးကား: Reuters


















































