အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးသာ ဂါဇာတောင်ပိုင်းက ရာဖားဟ်မြို့ကို မြေပြင်ထိုးစစ် ဆင်နွှဲမယ်ဆိုရင် အမေရိကန်ရဲ့ လက်နက် တင်ပို့ပေးမှု တချို့ကို ဆိုင်းငံ့သွားမယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ မဟာမိတ် အစ္စရေးရဲ့ လုံခြုံရေးအတွက် အပြည့်အဝ ကိုယ်ရောစိတ်ပါ ဆက်လက် ကာကွယ် စောင့်ရှောက်မှာ ဖြစ်ပေမယ့် အစ္စရေးက ရာဖားဟ်ကို တပ်တွေ စေလွှတ်ရင်တော့ အဲဒီစစ်ဆင်ရေးမှာ အထောက်အပံ့ ဖြစ်စေမယ့် စစ်လက်နက်တွေ ပေးအပ်တော့မှာ မဟုတ်ဘူးလို့ ဘိုင်ဒန်က ဆိုပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပါလက်စတိုင်း ဒုက္ခသည် သန်းနဲ့ချီ ပိတ်မိနေတဲ့ ရာဖားဟ်ကို မြေပြင်ထိုးစစ် ဆင်နွှဲမယ့် အစီအစဉ်ကို လက်လျှော့မှာ မဟုတ်ကြောင်း တင်းတင်းမာမာ ပြောဆိုထားပါတယ်။ အစ္စရေးရဲ့ အဓိက စစ်မဟာမိတ် အမေရိကန်ရော၊ နိုင်ငံတကာ အသိုက်အဝန်းကပါ အစ္စရေးတပ်တွေ ရာဖားဟ်ကို မစေလွှတ်ဖို့ အပြင်းအထန် တောင်းဆိုနေပေမယ့် နေတန်ညာဟုကတော့ ဟားမားစ် ပြောက်ကျားတွေကို အပြီးသတ် နှိမ်နင်းဖို့အတွက် အဲဒီထိုးစစ်ကို မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့ ခေါင်းမာမာနဲ့ ယူဆထားဆဲ ဖြစ်ပါတယ်။
အစ္စရေးအတွက် စစ်လက်နက်တွေ ထောက်ပံ့တဲ့ အစီအစဉ်ကိုပါ ဆိုင်းငံ့နိုင်ကြောင်း အမေရိကန်က ထုတ်ပြောလာတာဟာ ဂါဇာစစ်ပွဲ ကာလတလျှောက်လုံး နေတန်ညာဟုအပေါ် ဘိုင်ဒန်ရဲ့ သက်ရောက်မှု အကြီးဆုံး သတိပေး ဟန့်တားမှုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ အစ္စရေးဟာ အမေရိကန် ဆန့်ကျင်နေတဲ့ ကြားကနေ ရာဖားဟ်မှာ အလုံးအရင်း ထိုးစစ်ဆင်နွှဲဖို့ ပြင်ဆင်နေပြီလို့ ယူဆရပါတယ်။

Public Service Announcement
CNNနဲ့ အင်တာဗျူးမှာတော့ ဘိုင်ဒန်က အစ္စရေးသာ ရာဖားဟ်ထိုးစစ် စတင်လာမယ်ဆိုရင် အမေရိကန်က စစ်လက်နက်တွေနဲ့ လက်နက်ကြီးကျည်တွေ ထောက်ပံ့ ပေးပို့တာမျိုး လုပ်တော့မှာ မဟုတ်ဘူးလို့ ပြောကြားထားခဲ့ပါတယ်။
လက်ရှိ အစ္စရေးဟာ ရာဖားဟ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ကန့်သတ်စစ်ဆင်ရေးတချို့ လုပ်ဆောင်နေပေမယ့် မြေပြင်ထိုးစစ်ကြီး အဆင့်ထိ ရောက်နေပြီလို့ အမေရိကန်က သတ်မှတ်မထားသေးကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။
ဂါဇာတောင်ဖက်စွန်း၊ အီဂျစ်နိုင်ငံနဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ ရာဖားဟ်ဟာ ဟားမားစ်တွေရဲ့ နောက်ဆုံးလက်ကျန် အခြေစိုက် နယ်မြေလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့် နေတန်ညာဟုက ရန်သူရဲ့ နောက်ဆုံး အခိုင်အမာ ခံတပ်ကို ဖြိုဖို့ အားခဲနေတာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု ရှုထောင့်က ကြည့်ရင်တော့ မြို့ထဲမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်းပြည်သူ သန်းဂဏန်းဟာ ပြေးပေါက်ပိတ်ပြီး စစ်ပွဲကြားထဲမှာ အလူးအလဲ ဒဏ်ခံရမှာ ဖြစ်ပါတယ်။
အစ္စရေးဟာ အမေရိကန် အကြိမ်ကြိမ် တားနေတဲ့ကြားက စည်းကျော်တဲ့ အဆင့်ထိ ရောက်လာပြီလားလို့ CNNက မေးတဲ့အခါ ဘိုင်ဒန်က အဲဒီအထိတော့ မဖြစ်သေးဘူးလို့ ဖြေကြားသွားပါတယ်။ လေ့လာသူတွေကတော့ အမေရိကန် စစ်လက်နက်တွေ တင်ပို့မှု ရပ်ဆိုင်းမယ် ဆိုတာမျိုးထိ ဘိုင်ဒန်ရဲ့နှုတ်က ထုတ်ပြောလာခြင်းဟာ ဂါဇာစစ်ပွဲတလျှောက် အစ္စရေးအတွက် အမေရိကန် အစိုးရဆီက အတင်းမာဆုံး သတိပေးချက် သဘောထားနဲ့ ရင်ဆိုင်လာရတာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
ကိုးကား: CNN
