Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ဟာ့ဂျ်ဝတ်ပြု ခရီးစဉ်မှာ အပူလျှပ် သေဆုံးသူ ၅၇၇ ဦးရှိခဲ့

အခုနှစ် ဟာ့ဂျ်ကာလ ဝတ်ပြုအခမ်းအနားဆီ စုစုပေါင်း လူ ၁.၈ သန်းလောက် တက်ရောက်ခဲ့ပြီး ၁.၆ သန်းလောက်ဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

⁨ဟာ့ဂျ်ဝတ်ပြု ခရီးစဉ်မှာ အပူလျှပ် သေဆုံးသူ ၅၇၇ ဦးရှိခဲ့
⁨ဟာ့ဂျ်ဝတ်ပြု ခရီးစဉ်မှာ အပူလျှပ် သေဆုံးသူ ၅၇၇ ဦးရှိခဲ့

အခုနှစ် ဟာ့ဂျ်ကာလမှာ မွတ်ဆလင် ဝတ်ပြု ခရီးသည်တွေထဲက စုစုပေါင်း ၅၇၇ ဦးထိ အပူဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း ဆော်ဒီအာရေးဘီးယား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

အစောပိုင်းတုန်းက ဂျော်ဒန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ဆော်ဒီမှာ ၅ ရက်ကြာ ဝတ်ပြုခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံသားတွေထဲက ဒါဇင်နဲ့ချီ အပူလျှပ် သေဆုံးမှုတွေ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဆော်ဒီမှာ ဘာသာရေး ခရီးစဉ်အတွက် သွားရောက်ရင်း အပူကြောင့် သေဆုံးသူ အရေအတွက်ဟာ မူလ ခန့်မှန်းချက်ထက် အများကြီး ပိုမြင့်တက်လာတာကို တွေ့ရပါတယ်။

ဟာ့ဂျ်ဝတ်ပြုမှု အစီအစဉ်အတွက် လူအများဆုံး စုဝေးရာ မက္ကာ တမြို့တည်းက ရင်ခွဲရုံတွေဆီ အပူလျှပ် သေဆုံးသူ စုစုပေါင်း ၅၅၀ လောက် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် ဟာ့ဂျ်ကာလ ဝတ်ပြုအခမ်းအနားဆီ စုစုပေါင်း လူ ၁.၈ သန်းလောက် တက်ရောက်ခဲ့ပြီး ၁.၆ သန်းလောက်ဟာ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲမှာ အများဆုံးက အီဂျစ်နိုင်ငံသားတွေ ဖြစ်ကြပြီး အနည်းဆုံး ၃၂၃ ဦးထိ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဂျော်ဒန်၊ အင်ဒိုနီးရှား၊ အီရန်နဲ့ ဆီနီဂေါ နိုင်ငံသားတွေလည်း ဝတ်ပြုခရီးစဉ်အတွင်း အပူဒဏ်ကြောင့် သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဆော်ဒီ အာဏာပိုင်တွေဟာ ဟာ့ဂျ်ကာလအတွင်း အပူဒဏ် ခံစားရမှုကို လျှော့ချနိုင်အောင် အစွမ်းကုန် ပြင်ဆင်ထားပေမယ့်လည်း ရာနှုန်းပြည့် အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ဆော်ဒီမှာ အာရာဖတ် တောင်နားက ယာယီ နားခိုရာ ရွက်ဖျင်တဲတွေကို အပူလျော့စေမယ့် အဖြူရောင်တွေ အသုံးပြုထားသလို ဟာ့ဂျ်ဝတ်ပြုပွဲတော် နေရာတွေဆီ သွားရောက်မယ့် လမ်းတွေကိုပါ ဆေးအဖြူတွေ သုတ်လိမ်းထားပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ငွေကြေး မတတ်နိုင်လို့ အာဏာပိုင်တွေဆီက ပေးအပ်မယ့် ဝန်ဆောင်မှုတွေအတွက် စာရင်းမသွင်းထားနိုင်တဲ့ တခြား ဟာ့ဂျ်ခရီးသည်တွေလည်း အများအပြား ရှိခဲ့ပါတယ်။ မက္ကာမြို့ရဲ့ အပြင်ဖက်က မီနာမှာ တချို့ ဟာ့ဂျ်ဝတ်ပြု ခရီးသည်တွေဟာ ပူလွန်းတာကြောင့် ခေါင်းပေါ်ကနေ ရေအေးတွေ လောင်းချနေတာ၊ နေပူပူကြီးထဲမှာ ရေခဲမုန့်တွေ စားနေတာတွေ တွေ့ခဲ့တယ်လို့ သတင်းထောက် တချို့က ပြောပါတယ်။

ဆော်ဒီ အာဏာပိုင်တွေက ဝတ်ပြု ခရီးသည်တွေ အနေနဲ့ ထီးတွေဆောင်းကြဖို့၊ ရေများများသောက်ဖို့၊ တစ်နေ့တာရဲ့ အပူဆုံး အချိန်တွေမှာ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကို ရှောင်ကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

နှစ်စဉ် ကျင်းပပြီး ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး စုဝေးရာ ဘာသာရေး ပွဲတော်ဖြစ်တဲ့ ဟာ့ဂျ်မှာ အရင်တုန်းက လူတွေ တိုးဝှေ့ပြီး ပိမိတာ၊ ရွက်ဖျင်တဲတွေ ပြိုကျတာနဲ့ တခြား မတော်တဆ ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ အပူချိန် မြင့်တက်မှုဟာ ဟာ့ဂျ်ကို ကြီးမှူး ပြင်ဆင်ရတဲ့ ဆော်ဒီ အာဏာပိုင်တွေအတွက် ခေါင်းအခဲရဆုံး စိန်ခေါ်မှု ဖြစ်လာပါတယ်။ မနှစ်တုန်းကဆိုရင် အင်ဒိုနီးရှား နိုင်ငံသား အများစု အပါအဝင် ဟာ့ဂျ်ခရီးသည် ၂၄၀ ကျော်လောက် အပူလျှပ် သေဆုံးခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဟာ့ဂျ်ကာလ ပျမ်းမျှ အပူချိန်ဟာ ဆယ်စုနှစ် တစ်ခုပြီးတစ်ခု ၀.၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက် တိုးလာနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: AP⁩

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။