Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အခွန်မူဝါဒသစ်ကို ကင်ညာမှာ ဆန္ဒပြရာက အဓိကရုဏ်းတွေကြောင့် လူ ၅ ဦးသေ၊ လွှတ်တော် မီးရှို့ခံရ

ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခပ်ကြမ်းကြမ်း တုံ့ပြန် ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်တွေအပြင် ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။

အခွန်မူဝါဒသစ်ကို ကင်ညာမှာ ဆန္ဒပြရာက အဓိကရုဏ်းတွေကြောင့် လူ ၅ ဦးသေ၊ လွှတ်တော် မီးရှို့ခံရ
အခွန်မူဝါဒသစ်ကို ကင်ညာမှာ ဆန္ဒပြရာက အဓိကရုဏ်းတွေကြောင့် လူ ၅ ဦးသေ၊ လွှတ်တော် မီးရှို့ခံရ

ကင်ညာနိုင်ငံမှာ အခွန်စည်းမျဉ်း ဥပဒေသစ် မူကြမ်းကို ဆန့်ကျင် ဆန္ဒပြကြရာက ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာပြီး အသေအပျောက်တွေ ရှိခဲ့သလို လွှတ်တော်ပါ မီးတင်ရှို့ ခံခဲ့ရပါတယ်။

ဇွန်လ ၂၅ ရက်နေ့တုန်းက နိုင်ရိုဘီ မြို့တော်မှာ ဒေါသတကြီး ဆန္ဒပြနေတဲ့ လူအုပ်ကြီး တစ်ခုဟာ လွှတ်တော်ထဲထိ ကျူးကျော်လာခဲ့ပြီး လွှတ်တော် အဆောက်အအုံ အစိတ်အပိုင်း တချို့ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေလည်း ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး အသေအပျောက် ၅ ယောက်လောက် ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သမ္မတ ဝီလျံရူတိုက အကြမ်းပတမ်း ဆန္ဒပြကြတဲ့ လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ရာဇဝတ်သားတွေရဲ့ အန္တရာယ်နဲ့ လုံခြုံရေး ခြိမ်းခြောက်ခံရမှု အခြေအနေတွေကို အစွမ်းကုန် တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတဟာ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့အတွက် စစ်တပ်ကိုပါ ဆင့်ခေါ်ပြီး အသုံးပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရက လွှတ်တော်မှာ အဆိုပြု တင်ပြထားတဲ့ အခွန်စည်းမျဉ်းသစ်ဟာ ပြည်တွင်းမှာတော့ အတော်လေး ပွဲဆူနေစေပါတယ်။ အဲဒီ စည်းမျဉ်းသစ်အရ ပြည်တွင်း အခွန်စည်းကြပ်မှု ကဏ္ဍတချို့မှာ လူထုရဲ့ အခွန်ပေးဆောင်ရမှုက ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့ ဖြစ်စဉ်မှာတော့ ဆန္ဒပြသူတွေဟာ လွှတ်တော်ထဲကို ချိုးဖောက် ဝင်ရောက်ပြီး အတွင်းပိုင်းမှာ ဖျက်ဆီးမှုတွေ လုပ်ခဲ့သလို လွှတ်တော် အစိတ်အပိုင်း တချို့ကို မီးတင်ရှို့ခဲ့ပါတယ်။ အရင်ကတည်းက အခုကိစ္စအတွက် ဆန္ဒပြ လှုပ်ရှားမှုတွေ ရှိနေပေမယ့် လွှတ်တော်ထဲမှာ အမတ်တွေက မူကြမ်းကို ထောက်ခံ မဲပေးခဲ့တဲ့ နေ့မှာ ပွဲအကြမ်းဆုံး ဖြစ်ခဲ့တာပါ။ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေအတွင်း လွှတ်တော်ထဲက အခမ်းအနားတွေမှာ အဆောင်အယောင်အဖြစ် အသုံးပြုတဲ့ တင်းပုတ်တူ တခုလည်း အခိုးခံလိုက်ရပါတယ်။

ကင်ညာ ဆေးပညာရှင်များ အသင်းရဲ့ ထုတ်ပြန်ချက်အရ ဆန္ဒပြမှုတွေကို ရဲတွေက ဖြိုခွင်းရာမှာ ကျည်အစစ်တွေ အသုံးပြု ပစ်ခတ်ခဲ့ပြီး လူ ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်တွေကလည်း လမ်းတွေပေါ်မှာ သွေးအလူးလူးနဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

သမ္မတ ရူတိုက ဆန္ဒပြမှုတွေကို အကြမ်းဖက်လုပ်ရပ်နဲ့ မင်းမဲ့စရိုက်တွေလို့ ရှုတ်ချထားပြီး တင်းတင်းမာမာ ပြတ်ပြတ်သားသား လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသလို ဟန်ဆောင်ပြီး အကြမ်းဖက် ဒုစရိုက်မှု ကျူးလွန်နေသူတွေက လူထုကို လွှမ်းမိုးတာမျိုး အဖြစ်ခံမှာ မဟုတ်ကြောင်း၊ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် အများစုရဲ့ ဆန္ဒနဲ့အညီ လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန် ရှေ့ဆက်သွားမှာဖြစ်ကြောင်း သမ္မတက ဆိုပါတယ်။

ဆန္ဒပြသူ အမျိုးသမီး တစ်ဦးက အစိုးရဟာ ပေါင်မုန့်ဝယ်ဖို့ အခွန် ၁၆ ရာခိုင်နှုန်းထိ စည်းကြပ်ပြီးရင် လစဉ်သုံး ပစ္စည်းတွေအတွက် ဘယ်လောက်ထပ်ပြီး အခွန်တိုးမြှင့်ဦးမလဲဆိုတာ သိချင်မိတယ်လို့ အငေါ်တူးပြီး ဝေဖန် ပြောကြားသွားပါတယ်။

ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခပ်ကြမ်းကြမ်း တုံ့ပြန် ဖြိုခွင်းခဲ့ရာမှာ ကျည်အစစ်တွေအပြင် ရာဘာကျည်တွေနဲ့ မျက်ရည်ယိုဗုံးတွေကိုပါ အသုံးပြုခဲ့တာကြောင့် ဒဏ်ရာရသူ ရာနဲ့ချီ ရှိခဲ့ပါတယ်။

ကင်ညာ သမ္မတဟောင်း အူဟူရူ ကင်ညက်တာကတော့ နှစ်ဖက်စလုံး သွေးဆူတာတွေ လျှော့ပြီး စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကို ရွေးချယ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိ ကင်ညာ အစိုးရ ခေါင်းဆောင်တွေ အနေနဲ့လည်း လူထုက သူတို့ကို အာဏာ အပ်နှင်းထားတယ် ဆိုတာကို မမေ့ဖို့နဲ့ ပြည်သူ့အားဟာ အရေးအကြီးဆုံး ပါဝါတစ်ခု ဖြစ်တယ်ဆိုတာ နားလည်ဖို့ သူက သတိပေး ပြောကြားသွားပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်တပ်လွှတ်​တော်မှာ သမ္မတအဖြစ် ဒီ​နေ့ပထမဆုံးမိန့်ခွန်းပြောပေမယ့် သူတစ်ဦးတည်းကပဲ အာဏာအလုံးစုံကို ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်နဲ့ ပြည်သူလူထုလွတ်လပ်ခွင့်နဲ့ ဖွံ့ဖြိုးတိုးတက်မှု ဘာတစ်ခုမှ မျှော်လင့်လို့ မရနိုင်ကြောင်းနိုင်ငံရေအကဲခတ်တွေက ပြောပါတယ်။

Facebook