Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဆီးထားတဲ့ Telegram တည်ထောင်သူကို ပြင်သစ်မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိနေ

လူသိများတဲ့ Telegram messaging app ထူထောင်သူ ပေဗယ်လ် ဒူးရို့ဗ်ကို ပြင်သစ်မှာ ရုံးထုတ် စစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လူသိများတဲ့ Telegram messaging app ထူထောင်သူ ပေဗယ်လ် ဒူးရို့ဗ်ကို ပြင်သစ်မှာ ရုံးထုတ် စစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘီလီယံနာ သူဌေးတစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ဒူးရို့ဗ်ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ဩဂုတ် ၂၄ ရက်နေ့ ညပိုင်းက ကိုယ်ပိုင်လေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့အချိန် လေဆိပ်မှာတင် ရဲတွေရဲ့ စောင့်ဆိုင်း ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘူးဂတ်ဒ် လေဆိပ်ကို ရောက်နေခဲ့တဲ့ ရဲတွေက သူ့အတွက် ဖမ်းဝရမ်း ကြိုထုတ်ထားတယ်လို့လည်း ပြင်သစ် သတင်းဌာန TF1 TVက ဖော်ပြခဲ့ပါတယ်။

သူဟာ အဇာဘိုင်ဂျန်ကနေ ပြင်သစ်ကို ရောက်ရှိလာခဲ့ပြီး ဒေသစံတော်ချိန် ည ၈ နာရီ ဝန်းကျင်မှာ အဖမ်းခံခဲ့ရတာပါ။ ဩဂုတ် ၂၅ ရက်နေ့မှာတော့ ပါရီက တရားရုံး တစ်ခုမှာ ဒူးရို့ဗ်ကို ရုံးထုတ်ဖို့ စီစဉ်ထားကြောင်း သတင်းရင်းမြစ် တချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနွယ်ဖွား စွန့်ဦးတီထွင် လုပ်ငန်းရှင် ဒူးရို့ဗ်ဟာ Telegramရဲ့ ဌာနချုပ် အခြေစိုက်ရာ ဒူဘိုင်းမှာ နေထိုင်နေပြီး ပြင်သစ်နဲ့ ယူအေအီး နှစ်နိုင်ငံသား ပူးတွဲ ခံယူထားပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းဆီးသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် messaging appတွေထဲမှာ လူသိများတဲ့ Telegramနဲ့ အဆက်အစပ် ရှိနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံရုံးကတော့ ဒူးရို့ဗ် အဖမ်းခံရမှု အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒူးရို့ဗ်ဟာ Telegram ကုမ္ပဏီကို ပူးတွဲထူထောင်ပြီး လက်ရှိ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားပါတယ်။ သူအဖမ်းခံရတဲ့ ကိစ္စအပေါ် Telegram ရုံးချုပ်ကလည်း လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒူးရော့ဗ်ဟာ ဒေါ်လာ ၁၅.၅ ဘီလီယံလောက် ကြွယ်ဝသူဖြစ်ပြီး ၂၀၁၄ မှာတော့ သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ VKမှာ အတိုက်အခံတွေရဲ့ အကောင့်တွေကို ပိတ်ပစ်ဖို့ အစိုးရ ဖိအားပေးမှုကို ငြင်းဆန်ပြီး ပြည်ပကို ထွက်ခွာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ VKကို လက်လွှဲ ရောင်းချခဲ့ပါတယ်။

သူတည်ထောင်ခဲ့တဲ့ Telegramဟာ ရုရှား၊ ယူကရိန်းနဲ့ အရင် ဆိုဗီယက် ပြည်ထောင်စုမှာ ပါဝင်ဖူးတဲ့ နိုင်ငံတွေမှာ အရမ်းလူကြိုက်များပါတယ်။ ၂၀၁၈ တုန်းက ရုရှားအစိုးရဟာ Telegram အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဒူးရော့ဗ်က လက်လွှဲပေးတာကို အကြောင်းပြုပြီး ပြည်တွင်း အသုံးပြုခွင့် ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို ၂၀၂၁ ခုနှစ်မှာ ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တဲ့ Telegramဟာ Facebook၊ Youtube၊ WhatsApp၊ Instagram၊ TikTokနဲ့ WeChatတို့ပြီးရင် ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် appတစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ လက်ရှိ အခြေအနေအရ ကမ္ဘာပေါ်မှာ Telegram ပုံမှန်သုံးစွဲသူ သန်း ၉၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြင်သစ်မှာ အဖမ်းခံထားရတဲ့ ကုမ္ပဏီ အမှုဆောင်ချုပ် ပေဗယ်လ် ဒူးရို့ဗ်ဟာ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ messaging app ကုမ္ပဏီဖြစ်တဲ့ Telegramက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

တယ်လီဂရမ် လူမှုကွန်ရက် တည်ထောင်သူ ရုရှာနိုင်ငံဖွား ပါဗဲလ်ဒူးရို့ဗ် ကို မနေ့ (သြဂုတ် ၂၄) ညနေပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ မြောက်ဘက် လေဆိပ်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

Facebook