Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုမ္ပဏီ အမှုဆောင်ချုပ်ကို ပြင်သစ် ဖမ်းဆီးထားမှုအပေါ် Telegram ဝေဖန်

ပြင်သစ်မှာ အဖမ်းခံထားရတဲ့ ကုမ္ပဏီ အမှုဆောင်ချုပ် ပေဗယ်လ် ဒူးရို့ဗ်ဟာ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ messaging app ကုမ္ပဏီဖြစ်တဲ့ Telegramက ကြေညာခဲ့ပါတယ်။

ပြင်သစ်မှာ အဖမ်းခံထားရတဲ့ ကုမ္ပဏီ အမှုဆောင်ချုပ် ပေဗယ်လ် ဒူးရို့ဗ်ဟာ ဘာအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ messaging app ကုမ္ပဏီဖြစ်တဲ့ Telegramက ကြေညာခဲ့ပါတယ်။

ဒူးရို့ဗ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပါရီမြို့တော် မြောက်ပိုင်းမှာရှိတဲ့ လေဆိပ်တစ်ခုကို ကိုယ်ပိုင်လေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့ အချိန်မှာ ဝရမ်းနဲ့အတူ စောင့်နေတဲ့ ရဲတွေက ဖမ်းဆီးတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဒူးရို့ဗ်ဟာ သူ့ရဲ့ Telegram appကို ဒုစရိုက် လုပ်ငန်းတွေအတွက် အသုံးပြုနေကြတဲ့အပေါ် တာဝန်ယူ ဟန့်တားဖို့ ပျက်ကွက်မှုနဲ့ စွပ်စွဲခံထားရကြောင်း သိရပါတယ်။ Telegramကို အသုံးချပြီး မူးယစ်ဆေး မှောင်ခို ရောင်းဝယ်တာ၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု အကြောင်းအရာတွေ မျှဝေတာ၊ ငွေကြေးလိမ်လည်တာမျိုး ဒုစရိုက်မှုတွေ ကျူးလွန်နေတဲ့အပေါ် ပူးပေါင်း တုံ့ပြန်ဖို့ အာဏာပိုင်တွေရဲ့ ဖိတ်ခေါ်မှုကို ဒူးရို့ဗ်ဖက်က ပျက်ကွက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ Telegramကတော့ ကုမ္ပဏီရဲ့ စောင့်ကြည့်မှုနဲ့ တည်းဖြတ်မှု မူဝါဒတွေဟာ သတ်မှတ် စံနှုန်းတွေနဲ့အညီ ရှိနေပြီး စဉ်ဆက်မပျက်လည်း အဆင့်မြှင့်တင်နေခဲ့တယ်လို့ ပြောပါတယ်။ လူမှုကွန်ရက် ပလက်ဖောင်း တစ်ခုကို တလွဲအသုံးချမှုတွေအတွက် ကိုယ်တိုင် မကျူးလွန်တဲ့ ပလက်ဖောင်းနဲ့ ပလက်ဖောင်းပိုင်ရှင်ကို ပစ်မှတ်ထားတယ် ဆိုတာမျိုးက အရမ်း ဆိုးရွားလှတဲ့ လုပ်ထုံးလုပ်နည်းမျိုး ဖြစ်တယ်လို့လည်း Telegramက ဝေဖန်ခဲ့ပါတယ်။

ရုရှားမှာ မွေးဖွားပြီး ပြင်သစ်နဲ့ ယူအေအီး နိုင်ငံသားတွေ ခံယူထားတဲ့ ဒူးရို့ဗ်ဟာ သူနေထိုင်ရာ ဒူဘိုင်းကနေ ဥရောပတိုက်ကို မကြာခဏ အသွားအလာ ရှိပြီး ဒစ်ဂျစ်တယ် ဝန်ဆောင်မှု အက်ဥပဒေ အပါအဝင် ဥရောပ သမဂ္ဂရဲ့ စည်းမျဉ်း ဥပဒေတွေ အားလုံးကို လေးစားလိုက်နာခဲ့သူ တစ်ဦးလို့လည်း Telegramရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နေ့စဉ် ကမ္ဘာ့လူဦးရေထဲက တစ်ဘီလီယံ နီးပါးဟာ ဆက်သွယ်ရေးနဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရရှိရေး ရင်းမြစ်တစ်ခုအဖြစ် Telegramကို အသုံးပြုနေကြကြောင်း၊ လက်ရှိ အခြေအနေကို အမြန်ဆုံး ဖြေရှင်းနိုင်အောင် ကြိုးစားနေကြောင်းလည်း Telegramက ဆိုပါတယ်။

ပြင်သစ် တရားရေးဌာနနဲ့ နီးစပ်သူတွေက ဒူးရို့ဗ်ကို ထိန်းသိမ်းထားတဲ့ ကာလကို ဩဂုတ် ၂၅ ရက်နေ့မှာ သက်တမ်း ထပ်တိုးလိုက်တဲ့အတွက် ၉၆ နာရီလောက်ထိ ကြာမြင့်သွားတာမျိုး ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် ဒူးရို့ဗ်ဟာ ရုရှားနိုင်ငံကနေ ထွက်ခွာမလာခင် ၂၀၁၃ ခုနှစ်တုန်းက Telegramကို ထူထောင်ခဲ့တာပါ။ ဒူးရို့ဗ်ဟာ ဒေါ်လာ ၁၅.၅ ဘီလီယံလောက် ကြွယ်ဝသူဖြစ်ပြီး ၂၀၁၄ မှာတော့ သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ VKမှာ အတိုက်အခံတွေရဲ့ အကောင့်တွေကို ပိတ်ပစ်ဖို့ ရုရှား အစိုးရ ဖိအားပေးမှုကို ငြင်းဆန်ရင်း ပြည်ပကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ VKကို လက်လွှဲ ရောင်းချခဲ့ပါတယ်။

သူတည်ထောင်ခဲ့တဲ့ Telegramဟာ ရုရှား၊ ယူကရိန်းနဲ့ အရင် ဆိုဗီယက် ပြည်ထောင်စုမှာ ပါဝင်ဖူးတဲ့ နိုင်ငံတွေမှာ အရမ်းလူကြိုက်များပါတယ်။ ၂၀၁၈ တုန်းက ရုရှားအစိုးရဟာ Telegram အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဒူးရို့ဗ်က လက်လွှဲပေးတာကို အကြောင်းပြုပြီး ပြည်တွင်း အသုံးပြုခွင့် ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို ၂၀၂၁ ခုနှစ်မှာ ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။

Telegramဟာ Facebook၊ Youtube၊ WhatsApp၊ Instagram၊ TikTokနဲ့ WeChatတို့ပြီးရင် ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် appတစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ လက်ရှိ အခြေအနေအရ ကမ္ဘာပေါ်မှာ Telegram ပုံမှန်သုံးစွဲသူ သန်း ၉၀၀ လောက် ရှိနေတယ်လို့ သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများတဲ့ Telegram messaging app ထူထောင်သူ ပေဗယ်လ် ဒူးရို့ဗ်ကို ပြင်သစ်မှာ ရုံးထုတ် စစ်ဆေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တယ်လီဂရမ် လူမှုကွန်ရက် တည်ထောင်သူ ရုရှာနိုင်ငံဖွား ပါဗဲလ်ဒူးရို့ဗ် ကို မနေ့ (သြဂုတ် ၂၄) ညနေပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ မြောက်ဘက် လေဆိပ်မှာ ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ တိုက်လေယာဉ်နှစ်စီး လေထဲ တိုက်မိရာက လေယာဉ်မှူး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများတွင် ပင်စင်ရံပုံငွေအဖွဲစည်းက ရင်းနှီးမြှပ်နှံမှုမရှိစေရန် ဆောင်ရွက်ရမည်ဟုလည်းတိုက်တွန်းထားသည်။

Trending

Facebook