Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား-တရုတ် ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ရေတပ်-လေတပ် စစ်ရေးလေ့ကျင့်မှုကြီး စတင်

ရုရှားဟာ တရုတ်နဲ့ အတူ အင်အား အလုံးအရင်း အသုံးပြုထားတဲ့ ရေတပ်-လေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီး တစ်ခုကို အစပြုခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ကမ္ဘာကြီးရဲ့ တောင်နဲ့မြောက် နှစ်ခြမ်းစလုံးကို ဖြန့်ကျက်ထားပြီး တရုတ်နိုင်ငံ တဝိုက်မှာလည်း ပူးပေါင်း လေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

Ocean-24 စစ်ရေးလေ့ကျင့်မှုဟာ ပစိဖိတ်နဲ့ အာတိတ် သမုဒ္ဒရာတွေအပြင် မြေထဲပင်လယ်၊ ကက်စ်ပီယန်နဲ့ ဘောလ်တစ် ပင်လယ်တွေမှာပါ နှစ်နိုင်ငံ ချိတ်ဆက်ပြီး ဖြန့်ကျက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီ လေ့ကျင့်မှု အစီအစဉ်တွေမှာ ရေငုပ်သင်္ဘောတွေ၊ တိုက်ရေယာဉ်တွေ၊ တခြား ရေယာဉ်တွေ စုစုပေါင်း အစီး ၄၀၀ ကျော်၊ ရဟတ်ယာဉ်နဲ့ လေယာဉ် စုစုပေါင်း အစီး ၁၂၀ ကျော်၊ စစ်သည်အင်အား ၉၀၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ရုရှားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ စက်တင်ဘာ ၁၆ ရက်ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ အခု စစ်ရေးလေ့ကျင့်မှုဟာ ဆယ်စုနှစ် သုံးခုလောက်အတွင်း ရုရှားက တခြားနိုင်ငံ တစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်သမျှထဲမှာ အကြီးကျယ်ဆုံး ဖြစ်လာတယ်လို့ ပြောပါတယ်။

အစောပိုင်းမှာ တရုတ်က ရုရှားနဲ့ ရေတပ်ပူးပေါင်း လေ့ကျင့်မှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ မကြေညာခဲ့ပါဘူး။ ပူတင်က စစ်ရေးလေ့ကျင့်မှု အစီအစဉ်မှာ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်တဲ့ နိုင်ငံ ၁၅ ခု ရှိတယ်လို့ ဆိုပေမယ့် နာမည်တွေကိုတော့ ထုတ်မပြောသွားပါဘူး။

Public Service Announcement

Public Service Announcement

ပူတင်က တရုတ်-ရုရှား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ အမေရိကန်ရဲ့ အလိုလောဘကြောင့်လို့လည်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့စစ်ရေးနဲ့ နိုင်ငံရေး လွှမ်းမိုးမှုကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေသလို အာရှ-ပစိဖိတ် ရပ်ဝန်းမှာ ပါဝါဟန်ချက်ညီမှုနဲ့ လုံခြုံရေး တည်ငြိမ်မှုတွေကို ဖြိုဖျက်ဖို့ အားထုတ်နေကြောင်း၊ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ရုရှားရဲ့ အနောက်ဖက် နယ်နိမိတ်အလွန်မှာရော၊ အာရှ-ပစိဖိတ် ရပ်ဝန်းမှာပါ တပ်အင်အားတွေ ဖြန့်ကျက်ပြီး ရန်လိုမှုကို ပြသနေတဲ့အတွက် ရုရှားဟာ အခြေအနေတိုင်းအတွက် လိုအပ်သလို တုံ့ပြန်ဖို့ ပြင်ဆင်နေကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ကတော့ အခုစစ်ရေးလေ့ကျင့်မှုမျိုး အပါအဝင် တရုတ်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို အထောက်အပံ့ ဖြစ်စေမယ့် စစ်ရေးယန္တရားတွေကို ထိထိရောက်ရောက် ဖြည့်တင်းပေးနေတယ်လို့ စွပ်စွဲထားပါတယ်။ တရုတ်ကတော့ ရုရှား-ယူကရိန်း စစ်ပွဲမှာ တစ်ဖက်ဖက်က ရပ်တည်တာမျိုး မရှိဘဲ ဘက်မလိုက် ဝါဒကိုသာ စွဲကိုင်တယ်လို့ ကြေညာထားပါတယ်။

ကိုးကား: Defense News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုအတွက် စိုးရိမ်သင့်တဲ့ အခြေအနေ ဖြစ်တာကြောင့် ထိုင်ဝမ်ဖက်ကလည်း ရေတပ်၊ လေတပ်၊ ကြည်းတပ်တွေကို မဟာဗျူဟာမြောက် ဖြန့်ကျက်ထားတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ဆိုဗီယက်ခေတ် ကတည်းက တည်ဆောက်ထားတဲ့ နျူကလီးယား စစ်လက်နက် အများအပြားကို လက်ဆင့်ကမ်း ထိန်းသိမ်းထားခဲ့ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ဒေါ့ဆူရီဟာ Category 4 အဆင့် စူပါတိုင်ဖွန်း တစ်ခုအဖြစ် အားကောင်းလာနိုင်ပြီး ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကြားက ဘာရှီ ရေလက်ကြားကို ဖြတ်သန်းမယ်လို့ ယူဆရပါတယ်။ အဲဒီလမ်းကြောင်းအရ မုန်တိုင်းရဲ့ ပြင်းထန်မှုဟာ ထိုင်ဝမ်အပေါ် သေသေချာချာ သက်ရောက်ထိခိုက်စေမယ့် သဘောပါပဲ။

နိုင်ငံတကာ

အာဆီယံ အဖွဲ့ဝင်တွေထဲက ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတချို့ဟာ တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်နဲ့ ပိုင်နက်ကိစ္စ အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။

Facebook