Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၂၀၀ နီးပါး သေဆုံးကြောင်း လက်ဘနွန် ကြေညာ

လက်ဘနွန်မှာ အစ္စရေးရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နာရီပိုင်းအတွင်း အသေအပျောက် ၂၀၀ နီးပါးထိ မြင့်တက်လာခဲ့ပါတယ်။

လက်ဘနွန် တောင်ပိုင်းက လူနေဧရိယာတွေထဲကို စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းကစလို့ ဒုံးကျည်တွေ တဖွဲဖွဲ ကျဆင်းပြီး ဆက်တိုက် ပေါက်ကွဲမှုကြောင့် ဒေသခံတွေ အထိတ်တလန့် နိုးထလာခဲ့ကြပါတယ်။ အလားတူ လက်ဘနွန် အရှေ့ပိုင်း ဒေသတွေမှာလည်း ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

အစ္စရေး စစ်တပ်က အခု တိုက်ခိုက်မှုတွေဟာ လူနေဧရိယာတွေထဲမှာ ဟစ်ဇ်ဘိုလာတွေ သိုဝှက်ထားတဲ့ လက်နက်တိုက်တွေကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တာလို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်ဦးမှာ ဖြစ်တာကြောင့် လက်ဘနွန် နိုင်ငံသားတွေကို ဟစ်ဇ်ဘိုလာတွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့လည်း အစ္စရေးက သတိပေးထားပါတယ်။

အီရန်က အဓိက ကျောထောက်နောက်ခံ ပေးထားပြီး လက်ဘနွန်မှာ ခြေကုပ်ယူထားတဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေဟာ ဂါဇာစစ်ပွဲ ကာလကတည်းက အစ္စရေး မြောက်ပိုင်း အခြေစိုက် အစ္စရေးတပ်တွေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလထဲမှာတော့ အခြေအနေတွေ ပိုဆိုးရွားလာပြီး ဟစ်ဇ်ဘိုလာတွေ အသုံးပြုတဲ့ လက်ကိုင် ဆက်သွယ်ရေး ကိရိယာတွေဟာ အစ္စရေး လက်ချက်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုတွေအတွင်း နှစ်ရက်ဆက်တိုက် ပေါက်ကွဲခဲ့ပြီး လူ ၄၀ ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဟစ်ဇ်ဘိုလာတွေရဲ့ ကွန်မန်ဒို တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစ္စရေး လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ တခြား တပ်ဖွဲ့ဝင်တွေနဲ့အတူ သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာတွေက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အစ္စရေး ပိုင်နက်ထဲ ဒုံးကျည်တွေ ရာနဲ့ချီ လက်တုံ့ပြန် ပစ်ခတ်ခဲ့သလို အစ္စရေးကလည်း ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်ပစ်စင်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အတိုင်းအတာ ပမာဏအရ ကြောက်ခမန်းလိလိ ကြီးထွားလာသလို လူနေ ဧရိယာတွေကိုပါ ဒုံးကျည်တွေ ကျဆင်းလာတာ ဖြစ်ပါတယ်။

အစ္စရေးက လက်ဘနွန် အရပ်သား ပြည်သူတွေကို တိမ်းရှောင်ဖို့ သတိပေးခဲ့တဲ့နောက် နိုင်ငံတောင်ပိုင်း ဧရိယာတွေမှာ ပြည်သူ ထောင်သောင်းချီပြီး နေရပ်စတင် စွန့်ခွာနေရပါတယ်။ လက်ဘနွန် အာဏာပိုင်တွေက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသေအပျောက် ၁၈၂ ဦးထက်မနည်း ရှိခဲ့ပြီး ၇၂၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကြေညာထားပါတယ်။ ထိခိုက်သေကြေ စာရင်းဟာ နောက်ထပ်လည်း တိုးမြင့်လာမယ့် အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ ထိခိုက်သေဆုံးသူတွေ စာရင်းမှာ အရပ်သားတွေ ဘယ်လောက်၊ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေ ဘယ်လောက် ဆိုတာကိုတော့ တိတိကျကျ ထုတ်ပြန်မထားပါဘူး။

ဒါပေမဲ့ ထိခိုက်သေဆုံး စာရင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ရှေးဦးသူနာပြု အဖွဲ့ဝင်တွေ ပါဝင်တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

လက်ဘနွန်ဖက်က လက်တုံ့ပြန် ပစ်ခတ်တဲ့ ဒုံးကျည် ၃၅ စင်းထက် မနည်းဟာ အစ္စရေး မြောက်ပိုင်းက လူမနေတဲ့ ကွင်းပြင်တွေကို ကျရောက်တာ၊ လေထဲမှာတင် ကြားဖြတ် ပစ်ချခံရတာတွေ ရှိခဲ့တယ်လို့လည်း အစ္စရေး စစ်ဘက်က ထုတ်ပြန်ပါတယ်။

အစ္စရေးဟာ လေလောဆယ်မှာတော့ လက်ဘနွန်ကို ခြေလျင်တပ်တွေ စေလွှတ်ဖို့ အစီအစဉ် မရှိသေးဘဲ ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည် တိုက်ခိုက်မှု စွမ်းအားကို ထိထိရောက်ရောက် ဦးချိုးဖို့သာ လေကြောင်းကနေ စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီက မှတ်ချက် ပေးထားပါတယ်။

အစ္စရေးရဲ့ အရှိန်အဟုန် အရမ်းပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဟစ်ဇ်ဘိုလာတွေက ဘယ်လို နည်းလမ်းနဲ့ တုံ့ပြန်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဟစ်ဇ်ဘိုလာနဲ့ အစ္စ္စရေးစစ်တပ်ဟာ ၂၀၀၆ ခုနှစ် လက်ဘနွန် စစ်ပွဲတုန်းက ၃၄ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။

ကိုးကာ: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။