နိုဝင်ဘာ ၅ ရက်နေ့တုန်းက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နေတန်ညာဟုက သူတို့နှစ်ယောက်ကြားမှာ ယုံကြည်မှုပိုင်းဆိုင်ရာ အရှုပ်အထွေးတွေကြောင့်လို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။ နေတန်ညာဟုက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဂဲလန့်အပေါ် သူ့ရဲ့ ယုံကြည်မှုတွေ လျော့ပါးကျဆင်းလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ အစ္စရေးကတ်ဇ်ဟာ ဂဲလန့်ရဲ့ နေရာကို အစားထိုး တာဝန်ယူသွားမယ်လို့လည်း သိရပါတယ်။
ဂဲလန့်ကတော့ အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပေမယ့် အစ္စရေးနိုင်ငံတော် လုံခြုံရေး ဆိုတာဟာ သူ့ဘဝရဲ့ အမြဲတမ်း ဦးစားပေးအဆင့် မစ်ရှင် ဖြစ်ခဲ့သလို အနာဂတ်မှာလည်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
ဂဲလန့်ကို ထုတ်ပယ်ခြင်းနဲ့ ပတ်သက်လို့ တဲလ်အဗစ်ဗ်မြို့မှာ မကျေမနပ် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သလို အတိုက်အခံ အင်အားစုတွေကလည်း ပိုမိုကျယ်ပြန့်တဲ့ လူထု သပိတ်တွေ ဆင်နွှဲကြဖို့ တိုက်တွန်းနေပါတယ်။

Public Service Announcement
နေတန်ညာဟုနဲ့ ဂဲလန့်တို့ကြားမှာ မူဝါဒပိုင်းဆိုင်ရာ ကွဲပြားတဲ့ အမြင်တွေ ရှိခဲ့ပြီး မကြာသေးခင်တုန်းက ဂါဇာစစ်ပွဲဆိုင်ရာ မဟာဗျူဟာတွေနဲ့ ပတ်သက်လို့ နှစ်ယောက်သား အော်ဟစ်ပေါက်ကွဲ ငြင်းခုံတာတွေထိ ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ဖူးပါတယ်။
ဂဲလန့်က ဂါဇာမှာ ဟားမားစ်တွေကို ဆက်တိုက် ထိုးစစ်ဆင်ဖို့ထက် အဖမ်းခံထားရဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးကို ဦးစားပေးသင့်ကြောင်း လူသိရှင်ကြား ပြောကြားဖူးပေမယ့် နေတန်ညာဟုကတော့ လက်မခံခဲ့ပါဘူး။ ပြီးတော့ အယူဝါဒ ပြင်းထန်တဲ့ အော့သိုဒေါ့စ် ဂျူးတွေကို အစိုးရက စစ်မှုထမ်းခွင့် ကင်းလွတ်ဖို့ လက်ခံထားတာကို ဂဲလန့်က သဘောမကျပါဘူး။ သူက အစ္စရေးနိုင်ငံသားတိုင်း တန်းတူ စစ်မှုထမ်းဖို့ တာဝန်ယူသင့်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
နေတန်ညာဟုက လက်ရှိ စစ်ဆင်ရေးတွေကို ကွပ်ကဲ ဆုံးဖြတ်ကြရာမှာ သူနဲ့ ဂဲလန့်ကြားက အထင်အရှား ကွာဟချက်ကြီးတွေကို တွေ့မြင်နေခဲ့ရကြောင်း ပြောကြားသွားပါတယ်။
နေတန်ညာဟုက ဂဲလန့်ကို ရာထူးကနေ ထုတ်ပယ်ဖူးတာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဂါဇာစစ်ပွဲ မတိုင်ခင် လပိုင်းလောက်တုန်းကလည်း နေတန်ညာဟုက သူ့ကို ဖယ်ရှားဖူးပေမယ့် မြို့ကြီးတချို့မှာ ညတွင်းချင်း လူထု အုံကြွ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာကြောင့် မူလရာထူးမှာ ပြန်လည် ခန့်အပ်ခဲ့ရပါတယ်။ အဲဒီ ဆန္ဒပြမှုတွေကို ဂဲလန့်ရဲ့ညလို့ တင်စားခဲ့ကြပါတယ်။
မနှစ်က အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ် ပြောက်ကျားတပ်တွေ အစ္စရေး ပိုင်နက်ထဲ ကျူးကျော်ပြီး ဖမ်းဆီးခေါ်ယူသွားတဲ့ အစ္စရေး ဓားစာခံ ၂၅၁ ဦးထဲမှာ ၁၀၀ ကျော်လောက်ဟာ အခုအချိန်ထိ သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: BBC


















































