Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာအိုမှာ မက်သနော အရက်တုကြောင့် ရက်ပိုင်းအတွင်း နိုင်ငံခြားသား ၅ ဦး သေဆုံး

မက်သနောပါတဲ့ ချက်အရက် (အရက်တု)ကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် လာအိုနိုင်ငံမှာ ရက်ပိုင်းအတွင်း နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွား ၅ ယောက်ထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

မက်သနောပါတဲ့ ချက်အရက် (အရက်တု)ကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် လာအိုနိုင်ငံမှာ ရက်ပိုင်းအတွင်း နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွား ၅ ယောက်ထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသက် ၂၈ နှစ်အရွယ် ဆိုင်မွန်းဝှိုက်ဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံမှာ ကွယ်လွန်သွားခဲ့တယ် ဆိုတာကို နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီတွေ ပေးနေသလို လာအိုအာဏာပိုင်တွေနဲ့လည်း ဆက်သွယ် စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် ဩစတြေးလျ ဆယ်ကျော်သက် မိန်းကလေး ဘီယန်ကာဂျုံးစ် သေဆုံးကြောင်း မိသားစု ကြေညာပြီး မကြာခင်မှာပဲ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက် ထွက်ပေါ်လာတာပါ။

အဲဒီမတိုင်ခင် နာရီပိုင်းမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် နိုင်ငံသား တစ်ဦးဟာ လာအိုရဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားရာ ဗန်ဗီယန်းမြို့မှာ သေဆုံးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ လာအိုရောက် အသက် ၁၉ နှစ်နဲ့ ၂၀ အရွယ် ဒိန်းမတ် နိုင်ငံသူနှစ်ယောက် သေဆုံးခဲ့ကြောင်း ဒိန်းမတ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားသားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ လာအိုရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲလို့ ပြောကြားထားပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးကလည်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို လေးစားတဲ့ အနေနဲ့ အသေးစိတ် မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ သတင်းတွေရဲ့ ဖော်ပြမှုနဲ့ သေဆုံးသူတွေနဲ့ သိကျွမ်းထိတွေ့ခဲ့တဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ထွက်ဆိုချက်တွေအရ သူတို့ဟာ အဆိပ်အတောက်၊ အထူးသဖြင့် မက်သနော ရောနှောပါဝင်တဲ့ အရက်တွေကို သောက်မိတာလို့ သိရပါတယ်။

တချို့သော တရားမဝင် အရက်ချက် လုပ်ငန်းတွေဟာ စျေးသက်သာပေမယ့် လူ့ခန္ဓာကိုယ်အတွက် အကြီးအကျယ် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ မက်သနောကို အသုံးပြုတတ်ပြီး နောက်ဆက်တွဲ သေဆုံးမှုတွေ ကြုံရတတ်ပါတယ်။ အရှေ့တောင်အာရှနဲ့ အာရှတောင်ပိုင်း နိုင်ငံတချို့မှာ၊ အထူးသဖြင့် စျေးသက်သာတဲ့ ချက်အရက်ကို သောက်သုံးကြတဲ့ ဆင်းရဲသား လူတန်းစားတွေကြားမှာ အဲဒီလို သေဆုံးမှုတွေ ရံဖန်ရံခါ ကြုံရလေ့ ရှိပါတယ်။

အရက်တုလို့လည်း ခေါ်ဝေါ်လေ့ရှိကြတဲ့ မက်သနော ချက်အရက်ကို ကမ္ဘာလှည့် ခရီးသည်တွေ ဘယ်လို သောက်မိသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သူတို့ ဝယ်ယူသောက်သုံးတဲ့ ကော့ခ်တေးလ် အရက်တွေ စပ်ရာမှာ မှောင်ခို ချက်အရက်တွေ ရောနှောအသုံးပြုမိတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပါတယ်။

ဗန်ဗီယန်ဟာ လာအိုအလယ်ပိုင်း၊ မြစ်ကမ်းနံဘေးမှာ တည်ရှိတဲ့ မြို့ငယ်လေး တစ်ခုပါ။ ကျောပိုးအိတ်တစ်လုံးဆွဲရင်း ခရီးထွက်တတ်တဲ့ ဥရောပ လူငယ် ကမ္ဘာလှည့် ခရီးသည်တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေဆီ လှည့်ပတ်သွားလာတဲ့အခါ ဗန်ဗီယန်းကို မဖြစ်မနေ လာရောက်လေ့ ရှိကြပါတယ်။ အဲဒီကနေတဆင့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်တွေထဲ လှည့်လည်သွားလာတဲ့ လမ်းကြောင်းတစ်ခု စတင်ပါတယ်။

ချက်အရက်ကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာသလို အရေအတွက် အတိအကျ မသိရတဲ့ တခြားနိုင်ငံခြားသားတွေလည်း ဆေးရုံတက်နေကြရပါတယ်။ နယူးဇီလန်နဲ့ နယ်သာလန်တို့က သူတို့နိုင်ငံသားတွေ ဆေးရုံတက် ကုသမှု ခံယူနေရဆဲ အခြေအနေ ရှိတယ်ဆိုတာကို အတည်ပြုထားသလို လာအိုရောက်နေသူတွေ ချက်အရက် အန္တရာယ်ကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

အရက်ချက်ရာမှာ အဓိက လိုအပ်တဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်တဲ့ အီသနောဟာ အခွန်အခ ကိစ္စတွေကြောင့် စျေးကြီးလေ့ရှိတာကြောင့် ချက်အရက်တွေမှာ မက်သနောကို အစားထိုး သုံးကြတာ ဖြစ်ပါတယ်။ မက်သနောဟာ အနည်းအကျဉ်း သောက်သုံးမိရင်တောင် ဆိုးဆိုးရွားရွား နာမကျန်း ဖြစ်စေပြီး ခေါင်းကိုက်တာ၊ မူးဝေတာ၊ အားနည်းတာ၊ မအီမသာဖြစ်တာ၊ စိတ်ဂဏှာမငြိမ်ဖြစ်တာ၊ သတိလစ် မေ့မျောတာ၊ သွက်ချာပါဒ ဖြစ်တာတွေ ကြုံလာနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

အခုနှစ် အစောပိုင်းတုန်းကလည်း မက်သနောနဲ့ ချက်ထားတဲ့ အရက်တုတွေ ဝယ်သောက်မိပြီး လူ ၅၇ ဦး သေဆုံးခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်၊ ပီရူးနဲ့ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာလည်း အရက်တုကြောင့် လူသေတဲ့ ကိစ္စတွေ ကြုံတွေ့ခဲ့ဖူးပေမယ့် ဒေသခံတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေသာ အဖြစ်များပြီး ကမ္ဘာလှည့် ခရီးသွားတွေကို သက်ရောက် ထိခိုက်တဲ့ အခြေအနေမျိုးကတော့ ရှားပါးတယ်လို့ ဆိုနိုင်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လာအိုနိုင်ငံက ကျောက်ဂူတစ်ခုထဲ ပိတ်မိနေပြီး ပျောက်ဆုံးနေသူ နောက်ဆုံးလက်ကျန် ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အရှိန်မြှင့် ရှာဖွေနေပါတယ်။

သတင်း

လာအိုနိုင်ငံက ရေဝင်နေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ရွာသား ၇ ဦးထဲက ပထမဆုံး တစ်ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လာအိုနိုင်ငံမှာရွှေကြောလိုက်ရှာရင်းရေဝင်နေတဲ့ ဂူတစ်ဂူထဲ ပိတ်မိသွားတဲ့ ရွာသား ၇ ဦးထဲက ၅ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

လာအိုနိုင်ငံက ဝေးလံသီခေါင်ပြီး ရေလျှံနေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်တဲ့ မစ်ရှင်မှာ ထိုင်းက စေတနာ့ဝန်ထမ်း အဖွဲ့တွေနဲ့ ပညာရှင်တွေပါ ပူးပေါင်း ပါဝင်လာကြပါတယ်။