Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လာအိုကျောက်ဂူထဲ ပိတ်မိနေသူ လက်ကျန် ၂ ဦးကို လမ်းကြောင်းအသစ် တစ်ခုကနေ ရှာဖွေဖို့ ကြိုးစားနေ

လာအိုနိုင်ငံက ကျောက်ဂူတစ်ခုထဲ ပိတ်မိနေပြီး ပျောက်ဆုံးနေသူ နောက်ဆုံးလက်ကျန် ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အရှိန်မြှင့် ရှာဖွေနေပါတယ်။

ဓာတ်ပုံ - AP

လာအိုနိုင်ငံက ကျောက်ဂူတစ်ခုထဲ ပိတ်မိနေပြီး ပျောက်ဆုံးနေသူ နောက်ဆုံးလက်ကျန် ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက အရှိန်မြှင့် ရှာဖွေနေပါတယ်။

မေလ ၂၀ ရက်နေ့တုန်းက ရှေဆွန်ဘွမ် ပြည်နယ်ထဲက ကျောက်ဂူတစ်ခုထဲ ရွှေကြောဝင်ရှာတဲ့ ရွာသား ၇ ဦးဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ဂူပေါက်ဝမှာ မြေပြိုကျမှုကြောင့် ဂူထဲမှာ ပိတ်မိသွားခဲ့ပါတယ်။ သူတို့ကို လိုက်ရှာဖို့ အကြီးစား ကယ်ဆယ်ရေး မစ်ရှင်တစ်ခု အကောင်အထည် ဖော်ခဲ့တဲ့နောက် မေလ ၂၇ ရက်နေ့မှာတော့ ၅ ဦးကို ရေငုပ်သမားတွေက အသက်ရှင်လျက် ရှာတွေ့ခဲ့ပါတယ်။

အဲဒီ ၅ ဦးထဲက ပထမဆုံး တစ်ယောက်ကို မေလ ၂၉ ရက်နေ့မှာ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ၄ ဦးကတော့ ရေစုပ်ထုတ်ထားတဲ့ ကျဉ်းမြောင်းရှုပ်ထွေးတဲ့ ဥမင်လမ်းကြောင်းအတိုင်း နောက်တစ်နေ့မှာ ကိုယ့်အားကိုယ်ကိုးပြီး တွားသွား ထွက်လာခဲ့ကြပါတယ်။ လွတ်မြောက်လာသူ ၅ ဦးစလုံး လောလောဆယ် ဆေးရုံမှာ ကျန်းမာရေး အခြေအနေ တိုးတက်လာနေပေမယ့် ကယ်ဆယ်ရေး အဖွဲ့တွေကတော့ အနားမရသေးဘဲ နောက်ထပ် ပျောက်ဆုံးနေသူ ၂ ဦးကို လိုက်ရှာနေတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေသတွင်းမှာ သည်းသည်းထန်ထန် ဆက်လက်ရွာသွန်းနေတဲ့ မိုးတွေကလည်း ကယ်ဆယ်ရေး အဖွဲ့ရဲ့ လုပ်ငန်းတွေကို အကြီးအကျယ် အနှောင့်အယှက် ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

လာအို၊ ထိုင်း၊ ဩစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားက ရေငုပ်သမားတွေ ပါဝင်တဲ့ အဖွဲ့ဟာ မူလ အသုံးပြုနေတဲ့ ဥမင်လမ်းကြောင်းအတိုင်း ရှေ့ဆက်ဖို့က အရမ်း အန္တရာယ် များလာပြီလို့ ယူဆတာကြောင့် ဂူအတွင်းပိုင်းထဲ ဆက်ဝင်နိုင်မယ့် နောက်ထပ် လမ်းကြောင်း အသစ်တွေကို နောက်ကျိနေတဲ့ ရွှံ့ရေတွေကြားမှာ ငုပ်လျှိုးရှာဖွေနေပါတယ်။ အထူးသဖြင့် ရှေ့ဖက် မီတာ ၁၀၀ လောက် ဥမင်အပိုင်းဟာ အရမ်းကျဉ်းပြီး ရေတွေလည်း အလွန်အကျွံ နောက်ကျိနေသလို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ထိ ခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေက ဂူထဲက ကျောက်သားနံရံတွေကို ခေါက်ပြီး အသံပေးကြည့်တဲ့အခါ အဝေးတစ်နေရာဆီက တုံ့ပြန်တဲ့ ခေါက်သံမျိုး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျောက်ဆုံးနေသူတွေ အသက်ရှင်လျက် ရှိနေဦးမယ်လို့ အဖွဲ့သားတွေက ယုံကြည်နေပါတယ်။

လောလောဆယ်မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကျောက်ဂူရဲ့ အပေါ်ဖက်ကနေ မီတာ ၁၀၀ လောက် ထောင်လိုက်ဆင်းသက်လို့ရတဲ့ လမ်းကြောင်းအဟ တစ်ခုကို ရှာတွေ့ထားပြီး အဲဒီနေရာကနေ မီတာ ၅၀ လောက်ထိ ဆင်းသက်ကြည့်ပြီးပါပြီ။ အဲဒီလမ်းကြောင်းကို အပြည့်အဝ အသုံးပြုနိုင်မယ်ဆိုရင် အန္တရာယ်ဇုန် ဥမင်အပိုင်းကို ကျော်ပြီး ဂူအတွင်းထဲ ရောက်လိမ့်မယ်လို့ ကယ်ဆယ်ရေးတွေက မျှော်လင့်နေပါတယ်။

ကျောက်ဂူထဲမှာ ရှိနေခဲ့သူတွေထဲမှာ အခုပျောက်ဆုံးနေသူ ၂ ဦးဟာ ပိုပြီး အတွင်းပိုင်းကျကျထိ ဝင်ရောက်ခဲ့တာလို့ ယုံကြည်ရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေ အတွက်တော့ ဂူအတွင်းပိုင်းထဲ ရောက်လာလေလေ၊ ပိုပြီး ရှုပ်ထွေး၊ အန္တရာယ်များလေလေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်-နီပေါနယ်စပ် တောင်ပေါ်ရေကြီးမှုတွေအပြီး ရွှံ့တွေအောက်မှာ ၁၀ ရက်နီးပါးလောက် ပိတ်မိနေခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ ဝန်ထမ်းနှစ်ဦးကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ ထိစပ်ရာ နီပေါပိုင်နက်ထဲက ရေဘေးသင့် တောင်ပေါ်ဒေသတွေဆီ အကူအညီ ပစ္စည်းတွေ ပေးပို့ရေးဟာ အရမ်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ (UN)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေအပြီး ဥမင်တစ်ခုထဲ ပိတ်မိနေတယ်လို့ ယူဆရသူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ နီပေါစစ်တပ်က အပူတပြင်း ကြိုးစားနေပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံနဲ့ ထိစပ်ရာ တိဘက်ကုန်းမြင့် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေအပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို နောက်တစ်ကြိမ် ရေကြီးနိုင်တဲ့ အန္တရာယ်ကြောင့် တရုတ်က ဆိုင်းငံ့ထားပါတယ်။