Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တော်လှန်ရေး တပ်တွေဆီ အာဏာလွှဲပေးရေးကိစ္စ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ကြောင်း ဆီးရီးယား ဝန်ကြီးချုပ်ပြော

တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ဖွဲ့စည်းမယ့် ကယ်မခြင်း အစိုးရအဖွဲ့ဆီ အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းသဘောတူခဲ့ကြောင်း ဆီးရီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ဖွဲ့စည်းမယ့် ကယ်မခြင်း အစိုးရအဖွဲ့ဆီ အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းသဘောတူခဲ့ကြောင်း ဆီးရီးယား ဝန်ကြီးချုပ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေက အငိုက်ဖမ်း ထိုးစစ်တစ်ခုကို စတင်ဆင်နွှဲခဲ့တဲ့နောက် နှစ်ပတ်အတွင်း မြို့တော် ဒမတ်စကက်ကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ သမ္မတ ဘာရှာအယ်လ် အာဆတ်ဟာ ရုရှားနိုင်ငံဆီ ထွက်ပြေးသွားခဲ့ပြီး ပြိုလဲသွားတဲ့ အစိုးရကိုတော့ ဝန်ကြီးချုပ် မိုဟာမက် ဂျာလာလီက ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

တော်လှန်ရေး တပ်တွေက ဒမတ်စကက်ကို ထိန်းချုပ်လိုက်ပြီး နောက်တစ်နေ့၊ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ဂျာလာလီနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သလို အာဆတ် ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်က အာဏာလွှဲပြောင်းရေးကိစ္စ အဆင်ချောအောင် ဆောင်ရွက်ပေးသွားမယ်လို့ ကြေညာခဲ့တာပါ။

ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ ဒမတ်စကက် မြို့တော်ဟာ ပုံမှန်နီးပါး အသက်ဝင် စည်ကားနေပေမယ့် အစိုးရ ယန္တရား အများစုကတော့ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရပ်ဝေး၊ နယ်စွန်နယ်ဖျားတွေက တော်လှန်ရေး တပ်တွေလည်း မြို့တော်ဆီ တဖွဲဖွဲ ရောက်ရှိလာနေပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၁ ပြည်တွင်းစစ် စတင်လာချိန် ကတည်းက အာဆတ်ကို လက်နက်ကိုင် တော်လှန်နေခဲ့တဲ့ ဖာဒူရက်စ် အိုမာဆိုတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်က သူနဲ့ ရဲဘော်ရဲဘက်တွေကြား မျှဝေထားရှိတဲ့ ရည်မှန်းချက်တစ်ခု၊ မျှော်လင့်ချက်တစ်ခု အထမြောက်ခဲ့ပြီဖြစ်ကြောင်း၊ သင့်တော်တဲ့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အာဏာပိုင်တွေက နိုင်ငံကို အုပ်ချုပ်နေတာ မြင်ချင်ကြောင်း၊ သူကိုယ်တိုင်ကတော့ မွေးရပ် အစ်ဒ်လစ်ဘ်ဆီ ပြန်သွားပြီး လယ်ယာအလုပ်နဲ့ အသက်မွေးဖို့ စဉ်းစားထားကြောင်း ပြောပါတယ်။

ဒမတ်စကက်ရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူဖို့ လတ်တလော လျာထားတဲ့ ကယ်မခြင်း အစိုးရ ဆိုတာဟာ အစောပိုင်းမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ နိုင်ငံအနောက်မြောက်ပိုင်း ဧရိယာတွေမှာ ဖွဲ့စည်းထားခဲ့တာ ဖြစ်ပါတယ်။

ဒမတ်စကက်ဆီ ဦးတည်ချီတက်တဲ့ ထိုးစစ်ကို အဓိက ဦးဆောင်ခဲ့သူ အာမက် အယ်လ်ရှာရာ (ခေါ်) အဘူ မိုဟာမက် အယ်လ် ဂိုလာနီဟာ ဒီဇင်ဘာ ၉ ရက်နေ့မှာ ဂျာလာလီ၊ အာဆတ်ရဲ့ ဒုတိယ သမ္မတဖြစ်သူ ဖိုင်ဆယ်လ် မက်ခ်ဒက်တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ အယ်လ်ရှာရာက သူ့ရဲ့ ကယ်မခြင်း အစိုးရဟာ ဆီးရီးယားကို ပီပီပြင်ပြင် ပြန်လည် တည်ဆောက်နိုင်ရေး အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

အာဆတ် အစိုးရ လက်ထက်တုန်းက အတိုက်အခံတွေကို အပြင်းအထန် ဖိနှိပ်ပြီး ဖမ်းဆီး ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေကို တော်လှန်ရေး တပ်တွေက ဖွင့်ပေးလိုက်တာကြောင့် ဒီဇင်ဘာ ၉ ရက်နေ့မှာ အကျဉ်းသားတွေ ထောင်သောင်းချီ လွတ်မြောက်လာပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ် ကာလအတွင်း တူရကီ၊ လက်ဘနွန်နဲ့ ဂျော်ဒန်တို့မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ သွားရောက် တိမ်းရှောင်နေသူတွေလည်း နေရပ်ကို စပြန်နေကြပါပြီ။ ဥရောပ နိုင်ငံတွေကတော့ ဒမတ်စကက်မှာ အခြေအနေတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားချိန်အထိ ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးကိစ္စ ဆိုင်းငံ့ထားမယ်လို့ ပြောပါတယ်။

ဆီးရီးယားမှာ အာဆတ်အစိုးရ ပြုတ်ကျသွားပေမယ့် အမျိုးအစား စုံလင်လှတဲ့ တော်လှန်ရေး တပ်တွေကြားမှာ နောက်ဆက်တွဲ လွန်ဆွဲမှုတွေ၊ ပြဿနာတွေ ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေဆဲပါ။ အမေရိကန် အစိုးရကတော့ ကွဲပြားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တချို့ကို အမျိုးမျိုးသော နည်းလမ်းတွေ အသုံးပြုပြီး ချိတ်ဆက် ဆွေးနွေးနေကြောင်း ပြောကြားထားပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။