Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယား အစိုးရ ပြိုလဲပြီး တစ်ပတ်အတွင်း ဒမတ်စကက်မှာရှိတဲ့ ရုရှားတပ်တွေ ရုပ်သိမ်း

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက် သီတင်းတစ်ပတ်အတွင်း မဟာမိတ် ရုရှားဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်း ခေါ်ထုတ်သွားခဲ့ပါတယ်။

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက် သီတင်းတစ်ပတ်အတွင်း မဟာမိတ် ရုရှားဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်း ခေါ်ထုတ်သွားခဲ့ပါတယ်။

၁၃ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်မှာ ရုရှားဟာ ဘာဆတ်ကို သစ္စာခံတဲ့ အစိုးရတပ်တွေဖက်က ကူညီ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ ပြင်းထန်တဲ့ လေကြောင်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေက ဒမတ်စကက်ကို စီးနင်း သိမ်းယူလိုက်ပြီး အာဆတ်က ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ဆီ ထွက်ပြေးသွားတာကြောင့် အာဆတ်ရဲ့ အစိုးရ အပြီးတိုင် ပြိုလဲသွားခဲ့ပါတယ်။

အဲဒီ အချိန်ကတည်းက ရုရှားဟာ ဆီးရီးယား ပိုင်နက်ထဲမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေအပေါ် လက်စားချေ တိုက်ခိုက်မှုတွေ ဖြစ်မလာအောင် တော်လှန်ရေး အင်အားစုတွေကို အပူတပြင်း ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ပတ် အကြာမှာတော့ ဒမတ်စကက်နဲ့ အနီးတဝိုက်မှာ ဖြန့်ကျက်ထားခဲ့တဲ့ ရုရှားတပ်အင်အား ၄၀၀ ကျော်လောက်ဟာ အဲဒီ နယ်မြေတွေကို စွန့်ခွာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရုရှားတပ်သားတွေဟာ ဒမတ်စကက် ဆင်ခြေဖုံးမှာရှိတဲ့ ကွက်ဒ်ဆေယာ ဒေသက စစ်စခန်းမှာ အဓိက လူစုထားခဲ့တာလို့ ဆိုပါတယ်။

နောက်ပြီး ဒမတ်စကက်မြို့တော် အခြေစိုက် ရုရှားသံရုံးမှာ လုံခြုံရေး ယူထားတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာလည်း ထွက်ခွာသွားခဲ့ကြပြီး ဖြစ်ပါတယ်။ ရုရှားဟာ ဆီးရီးယားနိုင်ငံ အနှံ့မှာ ကျန်နေဆဲဖြစ်တဲ့ တခြားရုရှားစစ်သားတွေ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ရေးကို အရေးတကြီး လုပ်ဆောင်နေပါတယ်။

အခုဆိုရင် ဒမတ်စကက်မှာ ရုရှားတပ်တွေ လုံးဝ မရှိတော့ပေမယ့် ဆီးရီးယား ပိုင်နက်ထဲက ရုရှားရဲ့ အဓိက စစ်အခြေစိုက် စခန်းကြီး နှစ်ခုကနေတော့ တပ်တွေ စွန့်ခွာမသွားသေးပါဘူး။

အဲဒါတွေကတော့ မိမ်မင် လေတပ်စခန်းနဲ့ တာတူစ် ရေတပ်စခန်းတွေဖြစ်ပြီး အဲဒီ နှစ်နေရာကို လက်လွှတ်ရမယ် ဆိုရင်တော့ ရုရှားရဲ့ ဒေသတွင်း စစ်ရေး အစီအမံ အခင်းအကျင်းတွေမှာ အကြီးအကျယ် ပြဿနာ တက်လာနိုင်ပါတယ်။ အဲဒီစခန်း နှစ်ခုစလုံးက မြေထဲပင်လယ်နဲ့ အာဖရိကတိုက် မြောက်ပိုင်းမှာ အကောင်အထည် ဖော်နေတဲ့ ရုရှား စစ်ရေးလှုပ်ရှားမှုတွေအတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်တွေ ဖြစ်နေတာကြောင့်ပါ။

ဂြိုဟ်တု ဓာတ်ပုံတွေအရ မိမ်မင် လေတပ်စခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မော်တော်ယာဉ်တွေ အရမ်းအသွားအလာ ထူထပ်နေတာကို တွေ့ရပြီး ရုရှား ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကာကွယ်ရေး လက်နက်တွေကို ဖြုတ်သိမ်း သယ်ယူနေတာတွေကိုလည်း မြင်ခဲ့ရပါတယ်။ ဒီအချက်တွေက ရုရှားဟာ တပ်တွေရွှေ့နေပြီ ဆိုတာကို မြင်သာစေပေမယ့် ဆီးရီးယားကနေ ရုရှားတပ်အားလုံး ထွက်ခွာမှာလားဆိုတဲ့ အချက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

လောလောဆယ်တော့ ဒမတ်စကက် မြို့ကို သိမ်းယူရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့ ဟေယတ် တာဟ်ရီ အယ်လ်ရှမ်က (HTS)က ရုရှားသံရုံးကို ဝန်းရံ ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ သံအရာရှိတွေကို အကျဉ်းချထားတာ မဟုတ်ဘဲ လုံခြုံရေး ထောက်ပံ့ပေးထားတာသာ ဖြစ်ကြောင်း၊ ရုရှား သံအရာရှိတွေရဲ့ အသွားအလာ ကိစ္စတွေမှာလည်း HTS အဖွဲ့သားတွေက လိုက်ပါ ကူညီပေးနေကြောင်း ပြောပါတယ်။

ဒမတ်စကက် မြို့ခံတွေကတော့ သံရုံးထဲမှာ ကားတွေ အသွားအလာ အဝင်အထွက် ရှိနေတယ်လို့ ဆိုပါတယ်။ HTSက ဆီးရီးယားမှာ ရှိနေတဲ့ ရုရှား စစ်စခန်းတွေကို တော်လှန်ရေး တပ်တွေက ရန်ပြု တိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း လတ်တလော အာမခံချက် ပေးထားပါတယ်။

အာဏာရှင် အာဆတ်အစိုးရ ပြုတ်ကျသွားပြီး တစ်ပတ်ပြည့်ပြီးတဲ့ထိ ဒမတ်စကက် မြို့တော်ရဲ့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေသလို ပြည်တွင်းစစ်အတွင်း နေရပ်စွန့်ခွာခဲ့တဲ့ စစ်ရှောင် အများအပြားလည်း နေရပ်ပြန်ကုန်ကြပြီလို့ သိရပါတယ်။

ကိုးကား: Financial Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Starlink ဂြိုဟ်တု အင်တာနက် ကွန်ရက်ကို ရုရှားတပ်တွေ ချိတ်ဆက်လို့ မရအောင် အမေရိကန် လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ်က ကန့်သတ်လာတဲ့အပေါ် ယူကရိန်းက ချီးကျူးကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။