သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချရာမှာ စုပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကို ဖျက်သိမ်းပြီး အစိုးရသစ် လက်အောက်မှာ စုစည်းတဲ့ တပ်အင်အား တစ်ခု ပြန်လည် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်က ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့က ဒမတ်စကက် မြို့တော်ထိ ချီတက် သိမ်းယူခဲ့တဲ့ ၁၂ ရက်ကြာ လျှပ်တပြက် စစ်ဆင်ရေးမှာ အဓိက ဦးဆောင်ခဲ့တဲ့ ဟေယတ် တာဟ်ရီ အယ်လ်ရှမ် (HTS) တပ်ဖွဲ့ရဲ့ အကြီးအကဲ အာမက် အယ်လ်ရှာရားက ကွဲပြားတဲ့ တော်လှန်ရေး တပ်ဖွဲ့ အသီးသီးကို ဖျက်သိမ်းစေမှာဖြစ်ပြီး လေ့ကျင့်သား ပြည့်ဝနေတဲ့ တိုက်ခိုက်ရေးသမားတွေဟာ လက်ရှိ တော်လှန်ရေး အင်အားစုတွေ ဖွဲ့စည်းထားတဲ့ အစိုးရသစ်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်မှာ ပြောင်းလဲ တာဝန် ထမ်းဆောင်ရမယ်လို့ ပြောကြားသွားပါတယ်။
သူက ဆီးရီးယားရဲ့ လူနည်းစု ဒရူဇီ မျိုးနွယ်စုတွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေး တစ်ခုမှာ အဲဒီလို ပြောကြားခဲ့တာဖြစ်ပြီး တပ်တွေ ဖျက်သိမ်းတာ၊ ပြန်လည် ဖွဲ့စည်းတာတွေ အားလုံးဟာ ဥပဒေ စည်းမျဉ်းတွေနဲ့အညီ ဖြစ်စေမယ်လို့လည်း ဆိုပါတယ်။
ဆီးရီးယားမှာ ကွဲပြားတဲ့ လူနည်းစု တိုင်းရင်းသား မျိုးနွယ်စုတွေ အများအပြားလည်း ရှိနေပြီး နိုင်ငံတစ်ခုလုံး အနေနဲ့ ညီညွတ်ဖို့ သိပ်အရေးကြီးတယ်လို့လည်း အယ်လ်ရှာရားက ပြောကြားခဲ့ပါတယ်။ အဲဒီအတွက်လည်း ဗဟိုအစိုးရဟာ မတူညီတဲ့ ဘာသာဝင်တွေ၊ မျိုးနွယ်စုတွေကြားမှာ လူမှုတန်းတူ ညီမျှရေး အာမခံချက်မျိုး အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
အယ်လ်ရှာရားဟာ အခု သီတင်းပတ် အစောပိုင်းတုန်းက ဒမတ်စကက်မှာ ဗြိတိန် အစိုးရ စေလွှတ်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သူက ဆီးရီးယား စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာချိန်မှာ သမ္မတ အာဆတ် လက်ထက်တုန်းက ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှု ပြစ်ဒဏ်တွေကို ဖြေလျှော့ပေးဖို့လည်း လိုအပ်ကြောင်း ဗြိတိန် ကိုယ်စားလှယ်တွေကို ထောက်ပြခဲ့ပါတယ်။
အာဆတ် အစိုးရ ရုတ်တရက် ပြုတ်ကျသွားခြင်းက အနောက်မဟာမိတ် နိုင်ငံတွေ အနေနဲ့ HTSကို ဘယ်လို သဘောထားနဲ့ ဆက်ဆံရမလဲ ဆိုတာကို မဟာဗျူဟာရေးရာ ရှုပ်ထွေးမှုတွေ ကြုံသွားစေပါတယ်။ HTSဟာ သမိုင်းကြောင်း နောက်ခံအရ အမေရိကန်ရဲ့ ခါးသီးရန်ဘက် အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်မှု ရှိနေပါတယ်။
HTSက အဖွဲ့အစည်း အနေနဲ့ အစွန်းရောက် ဝါဒတွေကို စွန့်ခွာခဲ့ပြီးဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပြု ကြေညာထားပေမယ့်လည်း လူ့အခွင့်အရေး ဖောက်ဖျက်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်သလို ကုလသမဂ္ဂနဲ့ အမေရိကန်၊ ဗြိတိန်တို့ အပါအဝင် အနောက်နိုင်ငံ တချို့ဆီက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်မှုကိုလည်း ခံထားရဆဲ ဖြစ်ပါတယ်။
ကိုးကား: Guardian