Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်လက်နက်တွေကို အာဖရိက နိုင်ငံတွေဆီ အရေးပေါ် ရွှေ့ပြောင်းနေ

ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အာဖရိကတိုက်ထဲက တခြား စစ်စခန်းတွေဆီ အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အာဖရိကတိုက်ထဲက တခြား စစ်စခန်းတွေဆီ အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရဲ့ ၁၃ နှစ်ကျော် ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ တော်လှန်ရေး တပ်တွေက မြို့တော် ဒမတ်စကက်ကို သိမ်းယူလိုက်ပြီး အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ရုရှားကို ထွက်ပြေးသွားတဲ့နောက် ပြီးဆုံးသွားခဲ့ပါပြီ။ ရုရှားဟာ ဆီးရီးယား စစ်ပွဲကာလမှာ သမ္မတ အာဆတ်ဖက်ကနေ ကူညီ တိုက်ခိုက်ပေးခဲ့သလို ဆီးရီးယားမှာလည်း ရုရှားတပ်တွေနဲ့ စစ်လက်နက်တွေ ဖြန့်ကျက် ထားရှိခဲ့ပါတယ်။

အခုတော့ မဟာမိတ် အာဆတ် အစိုးရ ပြုတ်ကျသွားပြီး တစ်ချိန်က ရုရှားတိုက်လေယာဉ်တွေ ဗုံးကြဲခဲ့ဖူးတဲ့ တော်လှန်ရေး အင်အားစုတွေက ဆီးရီးယားကို ကြီးစိုးနေပြီ ဖြစ်တာကြောင့် နိုင်ငံပိုင်နက်ထဲက ရုရှား စစ်အခြေစိုက် စခန်းတွေအတွက် ကျောမလုံစရာ ဖြစ်လာပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားရဲ့ မိမ်မင်း လေတပ်စခန်းနဲ့ တာတူစ် ရေတပ်စခန်းက ရေယာဉ်တွေ၊ လေယာဉ်တွေ၊ စစ်သည်တွေ အသုတ်လိုက် ထွက်ခွာနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ စခန်းနှစ်ခုဟာ ဒေသတွင်း ဩဇာဖြန့်ကျက်ရေး ရည်မှန်းချက်မှာ ရုရှားအတွက် အရေးအကြီးဆုံး မဟာဗျူဟာ ခြေကုပ်နေရာတွေ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ဆီးရီးယားကနေ တပ်တွေအားလုံး ရုပ်သိမ်းမယ် ဆိုတာမျိုး မပြောသေးပေမယ့်လည်း အခုလိုမျိုး စစ်လက်နက်တွေ ကတိုက်ကရိုက် ရုပ်သိမ်းနေတာ ဖြစ်ပါတယ်။ ရုရှားဟာ လစ်ဗျား၊ မာလီ၊ ဆူဒန်တို့ အပါအဝင် တခြားအာဖရိက နိုင်ငံတချို့မှာ စစ်စခန်းတွေ အခြေစိုက်ထားပြီး အဲဒီကို ဆီးရီးယားက လက်နက်တွေ ရွှေ့ပြောင်းနေပေမယ့် အဲဒီနိုင်ငံတွေမှာ ရေရှည် ရွှေ့ပြောင်းတပ်စွဲထားဖို့ ဖြစ်နိုင်ခြေတော့ နည်းပါးကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဆီးရီးယားမှာ အာဆတ်ရဲ့ အစိုးရ အရေးနိမ့်သွားတာဟာ ရုရှားအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး မဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် စစ်ရေး သုတေသီတွေကတော့ ရုရှားရဲ့ ဒေသတွင်း ဩဇာဖြန့်ကျက်ရေး မဟာဗျူဟာ ခြေလှမ်းတွေမှာ အရမ်း အထိနာခဲ့တဲ့ ကိစ္စလို့ ထောက်ပြထားကြပါတယ်။ နောက်ပြီး အာဖရိကမှာ ဖြန့်ကျက်ထားတဲ့ ရုရှားတပ်တွေဆီ ချိတ်ဆက်တဲ့ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍမှာ ဆီးရီးယားရဲ့ ပထဝီဝင် အနေအထားက အရမ်း အချက်အခြာ ကျနေပါတယ်။

လက်ရှိ အခြေအနေအရ ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ တပ်စခန်းတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ တော်လှန်ရေး အင်အားစုတွေ ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ညှိနှိုင်းနေဆဲလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရုရှား စစ်လက်နက်တွေ ခပ်မြန်မြန် ရုပ်သိမ်းနေတာကို ထောက်ဆ စဉ်းစားရင် ရုရှားတပ်တွေ ဆီးရီးယားက ရုပ်သိမ်းရမယ့် အလားအလာက အလေးသာနေနိုင်ကြောင်း နိုင်ငံတကာ အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: Radio Free Europe

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိနေကြောင်း ဆီးရီးယား တော်လှန်ရေး အင်အားစု ခေါင်းဆောင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချရာမှာ စုပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကို ဖျက်သိမ်းပြီး အစိုးရသစ် လက်အောက်မှာ စုစည်းတဲ့ တပ်အင်အား တစ်ခု ပြန်လည် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။