Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဆတ် သစ္စာတော်ခံတွေ တိုက်ခိုက်လို့ ဆီးရီးယား တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံး

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့က မြေထဲပင်လယ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ တာတုစ်မှာ တော်လှန်ရေး အင်အားစုတွေ စုဖွဲ့ထားတဲ့ အစိုးရ အဖွဲ့သစ်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အာဆတ် သစ္စာတော်ခံတွေက တိုက်ခိုက်ခဲ့တာပါ။ တာတုစ်ဟာ အာဆတ်ကို အားပေး ထောက်ခံတဲ့ အယ်လာဝိုက်ထ် လူနည်းစု မွတ်ဆလင်တွေ အားကောင်းတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

အခုဖြစ်စဉ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဟေယတ် တာဟ်ရာ အယ်လ်ရှမ် (HTS) အဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေက ဒမတ်စကက် မြို့တော်ကို သိမ်းယူခဲ့ပြီး အာဆတ်ရဲ့ အစိုးရ ပြုတ်ကျသွားခဲ့တဲ့နောက်ပိုင်း ပြိုင်ဘက် အစုအဖွဲ့ နှစ်ခုကြား ပထမဆုံးအကြိမ် သွေးထွက်သံယို ပဋိပက္ခလည်း ဖြစ်လာပါတယ်။

အာဆတ် သစ္စာတော်ခံတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တော်လှန်ရေး အစိုးရက တာတုစ်ကို တပ်တွေ စေလွှတ်ပြီး လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူလူထု အေးချမ်းစေရေးအတွက် စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ အစိုးရပိုင် ဆာနာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အစောပိုင်းက အထိနာခဲ့တဲ့ တိုက်ခိုက်မှုမှာ တော်လှန်ရေး အင်အားစုတွေဟာ အာဆတ် အစိုးရ လက်ထက်တုန်းက ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆေ့ဒ်နာယာ အကျဉ်းထောင် အရာရှိဟောင်း တစ်ဦးကို ဖမ်းဆီးဖို့ ကြိုးစားနေခဲ့ပေမယ့် အာဆတ် သစ္စာတော်ခံတွေက ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR)ကတော့ အဲဒီ ထိပ်တိုက် ထိတွေ့မှုမှာ အဖွဲ့အစည်း အတိအကျ မသိရတဲ့ လက်နက်ကိုင် ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

HTS ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုဟာ အောက်တိုဘာ လကုန်ပိုင်းမှာ နိုင်ငံအနှံ့ကနေ တပြိုင်တည်းနီးပါး ထိုးစစ်တွေ စတင်ခဲ့ပြီး ဒမတ်စကက်ကို တဟုန်ထိုး ချီတက်ခဲ့ပါတယ်။ အဲဒီ တက်ညီလက်ညီ စစ်ဆင်ရေးဟာ အာဆတ် လက်အောက်ခံ ဆီးရီးယား စစ်တပ်ကို အကြီးအကျယ် အငိုက်မိစေခဲ့ပြီး ၁၂ ရက်အတွင်း တော်လှန်ရေး တပ်တွေက ဒမတ်စကက်ကို သိမ်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမ္မတ အာဆတ်နဲ့ မိသားစုဟာ ရုရှားကို ထွက်ပြေးပြီး နိုင်ငံရေး ခိုလှုံနေထိုင်နေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားနိုင်ငံမှာ ဝတ်ပြုသူတွေ စည်ကားနေချိန် ဗလီတစ်ခုကို ပစ်မှတ်ထား ဗုံးခွဲမှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ဆီးရီးယား သမ္မတရဲ့ သမိုင်းဝင် အိမ်ဖြူတော် အလည်အပတ် ခရီးစဉ်အပြီး အမေရိကန်ဟာ ဆီးရီးယားအပေါ် အရေးယူ ပိတ်ဆို့ထားမှု တချို့ကို စတင် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။