Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ၄ နှစ်လောက် အချိန်ယူရမယ်လို့ ဆီးရီးယား တော်လှန်ရေး ခေါင်းဆောင် ခန့်မှန်း

ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိနေကြောင်း ဆီးရီးယား တော်လှန်ရေး အင်အားစု ခေါင်းဆောင်က မှတ်ချက်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၄ နှစ်လောက်ထိ အချိန်ယူရဖွယ် ရှိနေကြောင်း ဆီးရီးယား တော်လှန်ရေး အင်အားစု ခေါင်းဆောင်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒီဇင်ဘာ လဆန်းပိုင်းက သမ္မတ ဘာရှာ အယ်လ် အာဆတ်ရဲ့ အစိုးရ ပြုတ်ကျပြီးတဲ့နောက် နိုင်ငံကို တာဝန်ယူ အုပ်ချုပ်နေတဲ့ တော်လှန်ရေး အစိုးရကို လက်တွေ့ ဦးဆောင်နေသူ အာမက် အယ်လ်ရှာရာက ရွေးကောက်ပွဲ အလားအလာနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

အာဏာရှင် အာဆတ် အစိုးရ အလွန်မှာ ဆီးရီးယားအတွက် သင့်တော်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲနိုင်ဖို့ ၃ နှစ်လောက်ထိ အချိန်ယူရနိုင်တယ်လို့ အယ်လ်ရှာရာက သုံးသပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆီးရီးယားမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ နောက်ထပ် ၁ နှစ်လောက် ထပ်အချိန်ယူရလိမ့်မယ်လို့ သူက ဆိုပါတယ်။

အနောက်မဟာမိတ် ဒီမိုကရေစီ နိုင်ငံတွေဟာ အာဆတ် မိသားစုရဲ့ ကြီးစိုးမှု အဆုံးသတ်သွားတာကို ကြိုဆိုနေကြပေမယ့် အသစ်တက်လာမယ့် ဆီးရီးယား တော်လှန်ရေး အစိုးရရဲ့ သဘောထားနဲ့ ဦးတည်ချက်တွေအပေါ် မရေရာမှုတွေနဲ့ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အာဆတ်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေထဲမှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အစွန်းရောက် ဝါဒစွဲ အင်အားစုတွေ ပါဝင်နေတဲ့အပေါ် ပူပန်တာတွေ ရှိနေကြပါတယ်။

Public Service Announcement

Public Service Announcement

အယ်လ်ရှာရာက သူဦးဆောင်တဲ့ ဟေယတ် တာဟ်ရာအယ်လ်ရှမ် (HTS) လက်နက်ကိုင် တပ်ဖွဲ့ကို အမျိုးသား ဆွေးနွေးမှု ညီလာခံတစ်ခု ကျင်းပအပြီးမှာ ဖျက်သိမ်းသွားမယ်လို့လည်း ပြောပါတယ်။ သူ့ရဲ့ အဖွဲ့ဟာ တစ်ချိန်က အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်တို့လို အကြမ်းဖက် အင်အားစုတွေနဲ့ အဆက်အဆံ ရှိခဲ့ဖူးပေမယ့် အခုတော့ နှစ်ဖွဲ့စလုံးကို စွန့်ခွာပြီး အစွန်းရောက် လမ်းစဉ်ကိုလည်း စွန့်လွှတ်ထားပြီး ဖြစ်တယ်လို့လည်း အယ်လ်ရှာရာက ကတိပြုသွားပါတယ်။

သူက အာဆတ် လက်ထက်မှာ အမာခံ မဟာမိတ် ဖြစ်ခဲ့တဲ့ ရုရှားနဲ့ ဆက်ဆံရေးကိုလည်း လက်စားချေချင်တဲ့ သဘောထားမျိုးနဲ့ ဦးစားပေး ချဉ်းကပ်မှာ မဟုတ်ဘဲ နှစ်ဖက် အကျိုးရှိမယ့် အလားအလာတွေကို ရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။ ရုရှားဟာ အာဆတ်ကို ထဲထဲဝင်ဝင် အကူအညီ ပေးခဲ့ပြီး တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

သူက ဆီးရီးယားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရသစ် လက်ထက်မှာတော့ ပယ်ဖျက်ပေးလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။ အာဆတ် အစိုးရ ပြုတ်ကျသွားတဲ့နောက် အခုလထဲမှာ ဆီးရီးယားရဲ့မြို့တော် ဒမတ်စကက်ဆီ အမေရိကန်ရဲ့ ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့တွေ ရောက်ရှိခဲ့ပြီး HTS အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်ကို ထောက်ခံတဲ့ အင်အားစုတွေက အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် လက်ရှိ တော်လှန်ရေး အစိုးရရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ဆီးရီးယားမှာ ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေကို အာဖရိကတိုက်ထဲက တခြား စစ်စခန်းတွေဆီ အပူတပြင်း ရွှေ့ပြောင်းနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဖြုတ်ချရာမှာ စုပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေး အဖွဲ့တွေကို ဖျက်သိမ်းပြီး အစိုးရသစ် လက်အောက်မှာ စုစည်းတဲ့ တပ်အင်အား တစ်ခု ပြန်လည် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေး တပ်ပေါင်းစု ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

သူဟာ နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုတင် စီစဉ်ထားတာ မရှိခဲ့ကြောင်း တော်လှန်ရေး တပ်တွေရဲ့ ဖယ်ရှားခြင်းကို ခံခဲ့ရသူ ဆီးရီးယား သမ္မတဟောင်း ဘာရှာ အယ်လ်အာဆတ်က ဆိုပါတယ်။