သူသာ ရွေးကောက်ပွဲ ဝင်ဖြစ်ခဲ့ရင် ဒေါ်နယ်လ်ထရမ့်အပေါ် နိုင်ခြေ ရှိလောက်မယ်လို့ ယုံကြည်မိကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်က နုတ်ထွက်ခဲ့တာကြောင့် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ရီပတ်ဘလစ်ကန် ပြိုင်ဘက် ထရမ့်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
USA Todayနဲ့ အင်တာဗျူးမှာတော့ ဘိုင်ဒန်က သူဟာ ထရမ့်အပေါ် နိုင်ခြေ ရှိနိုင်ကောင်းတယ်လို့ ယုံကြည်ပေမယ့် အသက်အရွယ်အရ နောက်ထပ် ၄ နှစ် သမ္မတ တာဝန်ယူဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပါ့မလား ဆိုတာကိုတော့ မပြောတတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
သူကတော့ လက်ရှိ အချိန်ထိ အခြေအနေ ကောင်းတယ်လို့ ခံစားမိကြောင်း၊ ဒါပေမဲ့ အသက် ၈၆ နှစ် ဖြစ်လာရင် သူ့အနေအထား ဘယ်လိုရှိမလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ ပြောနိုင်မှာ မဟုတ်ကြောင်း USA Todayနဲ့ အင်တာဗျူးမှာ ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပါတယ်။
သူက လူထုအမြင် စစ်တမ်းတွေအရ ထရမ့်ကို ယှဉ်ပြိုင် အနိုင်ယူနိုင်တဲ့ အနေအထား ရှိခဲ့တယ်လို့ ခံစားမိကြောင်းလည်း ဆိုပါတယ်။ ပြိုင်ဘက်ဖြစ်သူ ထရမ့်က နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တုန်းက အနိုင်ရဖို့ ယုံကြည်ချက် သူ့မှာ ရှိခဲ့ကြောင်း၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အသက် ၈၅ နှစ်၊ ၈၆ နှစ်ထိ သမ္မတ တာဝန်ယူဖို့တော့ မရေမရာ ဖြစ်နေခဲ့ကြောင်း၊ တကယ်လို့ သူက ရွေးကောက်ပွဲ ဝင်ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေ ဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။
အစောပိုင်းတုန်းက ဘိုင်ဒန်ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် သူ့အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေကို ပါတီတွင်း စိုးရိမ်မှုတွေ မြင့်တက်လာတဲ့နောက် ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဘဲ ဟားရစ်ကို နေရာ ဖယ်ပေးဖို့ သဘောတူခဲ့ရပါတယ်။
ကိုးကား: USA Today