ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ဂျပန်နိုင်ငံ အနောက်တောင်ဖက်ပိုင်း ကမ်းရိုးတန်းမှာ လှုပ်ခတ်ခဲ့တဲ့နောက် အတိုင်းအတာ သေးငယ်တဲ့ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းက ကျူရှီဒေသမှာရှိတဲ့ မီယာဇာကီ ကမ်းရိုးတန်းအလွန် ၁၈ ကီလိုမီတာအကွာ ရေအနက် ၃၆ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ကြောင့် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုနဲ့ အသေအပျောက် သတင်းတွေတော့ မကြားရသေးပါဘူး။ ဂျပန် မိုးလေဝသ ဌာန (JMA)က အမြင့် တစ်မီတာလောက်ရှိတဲ့ ဆူနာမီ လှိုင်းတွေ ရိုက်ခတ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ပြီး ကမ်းရိုးတန်း ဒေသတွေကနေ ယာယီ ရွှေ့ပြောင်းဖို့ ဆော်ဩခဲ့ပါတယ်။
ငလျင်ကြီး လှုပ်ရှားပြီး မိနစ်ပိုင်း အကြာမှာတော့ ဒေသတွင်းက ဆိပ်ကမ်းနှစ်ခုမှာ အမြင့် ၂၀ စင်တီမီတာလောက်ရှိတဲ့ ဆူနာမီ ရေလှိုင်း အသေးစား ရိုက်ခတ်မှုတွေကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Public Service Announcement
ကျွန်းစုနိုင်ငံဖြစ်တဲ့ ဂျပန်ဟာ အထင်ကရ ရေအောက် ပြတ်ရွေ့ ကျောက်ချပ်ကြီး ၄ ခု စုဆုံတဲ့ နေရာမှာ တည်ရှိနေပြီး ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင်ရပ်ဝန်းရဲ့ အနောက်ဖက်စွန်းနဲ့ ဆက်စပ်နေတာကြောင့် ကမ္ဘာပေါ်မှာ မီးတောင်ပေါက်ကွဲမှုနဲ့ ငလျင်လှုပ်ခတ်မှုတွေ အများဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်နေပါတယ်။
လူဦးရေ ၁၂၅ သန်းလောက် နေထိုင်ရာ ဂျပန်ဟာ ပြင်းအား အမျိုးမျိုးနဲ့ ငလျင်တွေ နှစ်စဉ် ပျမ်းမျှ အခု ၁၅၀၀ လောက် လှုပ်ခတ်မှုကို ကြုံရပြီး ဒါဟာ တစ်ကမ္ဘာလုံးမှာ တစ်နှစ်စာ ငလျင်လှုပ်ခတ်မှုတွေရဲ့ ၁၈ ရာခိုင်နှုန်း ဝန်းကျင်လည်း ဖြစ်ပါတယ်။ ငလျင်အများစုဟာ အားသိပ်မပြင်းဘဲ ငလျင် ဗဟိုချက်က မြေတိမ်ပိုင်းမှာ ဟုတ်မဟုတ် ဆိုတဲ့အပေါ် မူတည်ပြီး ထိခိုက်ပျက်စီးမှုတွေက ကွဲပြားတတ်ပါတယ်။ မြေတိမ် ငလျင်တွေဟာ မြေပေါ်မှာ ထိခိုက်ပျက်စီးမှုတွေကို ပိုမို ပြင်းထန် ဆိုးရွားစေလေ့ ရှိပါတယ်။
၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးနေ့တုန်းက ရစ်ချ်တာစကေး ၇.၅ အဆင့် ငလျင်ကြီးတစ်ခု ဂျပန်ရဲ့ နိုတိုဒေသကို ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး လူ ၄၇၀ နီးပါး သေဆုံးခဲ့ပါတယ်။
ထူးခြားမှု တစ်ခုအနေနဲ့ မနှစ်က ဩဂုတ်လမှာ လူ ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ ရစ်ချ်တာစကေး ၇.၁ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် JMAက အရမ်းအားကောင်းတဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေ သတိပေး ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်ကြာပြီးတဲ့ နောက်မှာတော့ အဲဒီ ကြေညာချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP
