Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ တောင်ကိုရီးယား လေယာဉ် အင်ဂျင်ထဲမှာ ငှက်မွေးတွေ ရှာတွေ့

ပျက်ကျပြီး မီးလောင်ခဲ့တဲ့ ဂျယ်ဂျူလေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ အင်ဂျင်တွေထဲမှာ ငှက်မွေးတွေနဲ့ တောဘဲရိုင်း ရုပ်ကြွင်းအစအနတွေကို ရှာတွေ့ခဲ့ကြောင်း တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ပျက်ကျပြီး မီးလောင်ခဲ့တဲ့ ဂျယ်ဂျူလေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ အင်ဂျင်တွေထဲမှာ ငှက်မွေးတွေနဲ့ တောဘဲရိုင်း ရုပ်ကြွင်းအစအနတွေကို ရှာတွေ့ခဲ့ကြောင်း တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က ဂျယ်ဂျူလေကြောင်းရဲ့ Boeing 737-800 အမျိုးအစား လေယာဉ်ဟာ ဘီးချလို့ မရတဲ့ အရေးပေါ် အခြေအနေမျိုးနဲ့ မူအန် နိုင်ငံတကာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားရင်း ပြေးလမ်း အဆုံးမှာ ရှိနေတဲ့ ကွန်ကရစ်နံရံ အတားအဆီးကို အရှိန်ပြင်းပြင်း ဝင်တိုက်မိပြီး ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ် ပါလာသူ ၁၈၁ ဦးထဲမှာ ၂ ယောက်သာ အသက်ရှင် ကျန်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ သမိုင်းရဲ့ အဆိုးဆုံး လေကြောင်းမတော်တဆမှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့မှာတော့ လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ ကနဦးအဆင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာမှာ လေယာဉ်ဟာ ပျက်မကျခင် ငှက်အုပ်နဲ့ ဝင်တိုးတဲ့ Bird strike အခြေအနေ ကြုံခဲ့တယ် ဆိုတာကို အတည်ပြုနိုင်တဲ့ အချက်အလက်တွေ ပါလာခဲ့ပါတယ်။

လေယာဉ်ရဲ့ အင်ဂျင် နှစ်လုံးစလုံးထဲမှာ ငှက်မွေးတွေ ရှိနေပြီး တောင်ကိုရီးယားမှာ အတွေ့ရများပြီး ရာသီအလိုက် စားကျက်ရွှေ့တတ်တဲ့ တောဘဲမျိုးစိတ် တစ်ခုရဲ့ ရုပ်ကြွင်းအစအနနဲ့ DNA အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျရမှု အကြောင်းရင်းကို စုံစမ်းရေး အရာရှိတွေက တိတိကျကျ မဆုံးဖြတ်သေးပေမယ့်လည်း တကယ်လို့ လေယာဉ်ပြေးလမ်း အဆုံးမှာ နေရာပြ လမ်းညွှန်စနစ်အတွက် အသုံးပြုတဲ့ ကွန်ကရစ်နံရံကြီးသာ ရှိမနေခဲ့ရင် အသေအပျောက် အခုလောက် များပြားခဲ့မှာ မဟုတ်ဘူးလို့တော့ ထည့်သွင်း မှတ်ချက်ပေးထားခဲ့ပါတယ်။ ဂျယ်ဂျူလေကြောင်းရဲ့ ဖြစ်ရပ်ဆိုး အပြီးမှာတော့ တောင်ကိုရီးယားက လေဆိပ် အများအပြားဟာ အဲဒီစနစ်တွေ တပ်ဆင်မှု နေရာ အခင်းအကျင်းနဲ့ ပတ်သက်ပြီး အရေးပေါ် သုံးသပ် ပြင်ဆင်မှုတွေကို လုပ်ဆောင်နေပါတယ်။

လေယာဉ်အင်ဂျင်ထဲမှာ တွေ့ရှိခဲ့တဲ့ နမူနာ အချက်အလက်တွေကို DNA ဆန်းစစ်မှု အထူးကျွမ်းကျင်တဲ့ အဖွဲ့အစည်း တစ်ခုဆီ ပို့ဆောင်ခဲ့ကြောင်း၊ အဖြေကတော့ အဲဒီ DNAဟာ မြောက်အာရှ စစ္စလီလို့ ခေါ်ဝေါ်တဲ့ တောဘဲရိုင်း မျိုးစိတ်ဆိုတာ အတည်ပြုနိုင်ခဲ့ကြောင်း တောင်ကိုရီးယား လေကြောင်းနဲ့ ရထားလမ်းပိုင်း မတော်တဆမှု စုံစမ်းရေး ဘုတ်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။

အဲဒီငှက်တွေဟာ နှစ်စဉ် တောင်ကိုရီးယား နိုင်ငံဆီ ဆောင်းခိုဖို့အတွက် အစုအဝေးလိုက် ပျံသန်းလာလေ့ ရှိပါတယ်။

အစီရင်ခံစာထဲမှာတော့ နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတချို့အတွက် ထည့်သွင်း ဖြေရှင်းထားတာ မရှိသေးပါဘူး။ ဥပမာ လေယာဉ်ဟာ ပထမအကြိမ် ဆင်းသက်ဖို့ အားထုတ်မှုကို ပယ်ဖျက်ပြီး တူညီတဲ့ ပြေးလမ်းမှာပဲ ဆန့်ကျင်ဖက် အရပ်မျက်နှာကနေ ဘာကြောင့် နောက်တစ်ကြိမ် ဆင်းသက်ခဲ့သလဲ ဆိုတာကို ရှင်းပြမထားပါဘူး။

နောက်တစ်ချက်က လေယာဉ်ရဲ့ ပျံသန်းမှု အချက်အလက်တွေနဲ့ လေယာဉ်မှူး အခန်းထဲက အသံတွေကို မှတ်တမ်းတင်ထားတဲ့ Black box နှစ်လုံးစလုံးဟာ လေယာဉ် မပေါက်ကွဲခင် ၄ မိနစ် အလိုကတည်းက မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့တာကြောင့် စုံစမ်းရေး အရာရှိတွေအတွက် အထောက်အကူ ဖြစ်စေမယ့် အချက်အလက်တွေ မရရှိခဲ့ပါဘူး။ ဘာကြောင့် Black boxတွေမှာ အဲဒီလို ပြဿနာ ရှိနေခဲ့သလဲ ဆိုတာကိုလည်း အစီရင်ခံစာက ရှင်းပြမထားပါဘူး။

နိုင်ငံတကာ လက်ခံထားတဲ့ စံနှုန်းတွေအရ လေယာဉ် ပျက်ကျမှုတွေနဲ့ ပတ်သက်ရင် ကနဦး အစီရင်ခံစာကို ဖြစ်စဉ်အပြီး တစ်လဝန်းကျင်မှာ ထုတ်ပြန်လေ့ ရှိသလို အစီရင်ခံစာ အပြည့်အစုံကိုတော့ တစ်နှစ်လောက် အချိန်ယူ လေ့လာမှုတွေအပြီး ထုတ်ပြန်လေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပျက်ကျခဲ့တဲ့ ဂျယ်ဂျူ လေကြောင်း ခရီးသည်တင် လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ ကိရိယာ black boxတွေကနေ ကနဦး ရရှိထားတဲ့ အချက်အလက်တွေကို အမေရိကန်ဆီ ပို့ဆောင်ပြီး စုံစမ်း စစ်ဆေးစေမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။