ဂါဇာ ကမ်းမြှောင်ဒေသမှာ အင်အား အလုံးအရင်းနဲ့ စစ်ဆင်ရေးတွေကို ပြန်စနေပြီလို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။ လက်ရှိ အခြေအနေအရ ဂါဇာမှာ IDFနဲ့ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲထားမှုဟာ သဘောတူညီမှု ပျက်သုဉ်းသွားပြီလို့ ယုံကြည်ရတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။
Telegramမှာ IDFက မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့တဲ့အခါ ဂါဇာ ကမ်းမြှောင် ဒေသထဲက အကြမ်းဖက်အဖွဲ့ ဟားမားစ်နဲ့ သက်ဆိုင်တဲ့ အကြမ်းဖက် ပစ်မှတ်တွေကို အင်အားသုံးပြီး ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
စစ်ဆင်ရေးတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ဆက်လက် ထုတ်ပြန်မယ်လို့ IDFက ဆိုပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာမှာရှိတဲ့ ဟားမားစ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ သူကိုယ်တိုင် IDFကို တိုက်ရိုက် အမိန့်ပေး ညွှန်ကြားခဲ့တယ်လို့ ပြောပါတယ်။ ဟားမားစ်တွေဟာ ဖမ်းဆီးထားဆဲ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ ငြင်းဆိုနေပြီး အပစ်အခတ် ရပ်စဲရေး နောက်တစ်ဆင့် လုပ်ဆောင်ဖို့ အဆိုပြုချက် အားလုံးကို ပယ်ချနေတဲ့နောက် အစ္စရေးဖက်က အခုလို အကြမ်းနည်းနဲ့ တုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ နေတန်ညာဟုက ပြောပါတယ်။
အခုအချိန်ကစလို့ အစ္စရေးဟာ ဟားမားစ်တွေကို စစ်အင်အား သုံးပြီး တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ရုံး ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Public Service Announcement
ဟားမားစ် အဖွဲ့ရဲ့ ထိပ်တန်း အရာရှိ တစ်ဦးကလည်း လက်ရှိ အခြေအနေအရ အစ္စရေးဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို တစ်ဖက်သတ် ချိုးဖောက် ဖျက်ဆီးလိုက်ပြီလို့ သတ်မှတ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
နေတန်ညာဟုရဲ့ လုပ်ရပ်ဟာ ဟားမားစ်တွေ ထိန်းသိမ်းထားတဲ့ လက်ကျန် အစ္စရေး ဓားစာခံတွေကို ဘယ်လို ကံကြမ္မာမျိုးမှန်း မသိတဲ့ အခြေအနေဆီ တွန်းပို့လိုက်တဲ့ သဘောပဲလို့ အဲဒီ အရာရှိက ဆိုပါတယ်။
ပါလက်စတိုင်း လူထုအခြေပြု အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်းတွေက ဂါဇာမှာ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၃၅ ကြိမ်လောက် နာရီပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ပြီး ကလေးတွေ အပါအဝင် လူ ၄၀ ထက်မနည်း သေဆုံးခဲ့သလို ၁၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပြောကြားသွားပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က စတင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အဆင့် ၃ ခုကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ဟားမားစ်နဲ့ အစ္စရေးကြား ဆွေးနွေးမှုတွေ အဆင်မပြေရာက တင်းမာမှုတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ အဲဒီ အပစ်ရပ် သဘောတူညီမှုရဲ့ ပထမအဆင့်ဟာ မတ်လ ၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးခဲ့ပြီး ဒုတိယအဆင့် အစီအမံတွေကို ညှိမရ ဖြစ်နေခဲ့တာပါ။
အမေရိကန်က ကျောထောက်နောက်ခံ ပေးထားတဲ့ အာရပ်နိုင်ငံတွေကလည်း ကြားဝင်ညှိပေးဖို့ ကြိုးစားခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အစ္စရေးနဲ့ ဟားမားစ်ကြားမှာ အဆင်ပြေစေမယ့် လမ်းကြောင်းမျိုး ဖန်တီးပေးနိုင်ဖို့ ရုန်းကန်ခဲ့ကြရပါတယ်။
ကိုးကား CAN
