အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန် လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှု အခန်း (situation room)ထဲကနေ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် စောင့်ကြည့်နေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် စံတော်ချိန်အရ ဇွန်လ ၂၁ ရက် ညပိုင်းမှာ အမေရိကန်ဟာ အစ္စရေး-အီရန် ပဋိပက္ခထဲ ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် ဝင်ပါခဲ့ပြီး အီရန် နျူကလီးယား စခန်း ၃ ခုကို ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ထရမ့်နဲ့အတူ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ စစ်ဦးစီး အရာရှိချုပ် ဒန်ကိန်းတို့ပါ ရှိနေတာ တွေ့ရပါတယ်။
ထရမ့်ကတော့ သူ့ရဲ့ လူသိများတဲ့ ရွေးကောက်ပွဲကြို ကြွေးကြော်သံ စကားစုဖြစ်တဲ့ ‘Make America Great Again’ စာတန်းပါ အနီရောင် ဦးထုပ်ကို ဆောင်းထားခဲ့ပါတယ်။
ထရမ့်က အီရန်မှာ ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့ပြီး ပစ်မှတ် အဆောက်အအုံတွေကို အလုံးစုံ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ အီရန် အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လက်မခံဘူးဆိုရင် ပိုမိုပြင်းထန် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ ထပ်ကြုံလာလိမ့်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement
ကိုးကား: White House























































